DVB Logo
Home
Lead Story
အရက်ဆိုင်၊ ဘီယာဆိုင်တွေ ပေါပြီး စာကြည့်တိုက်က မရှိသလောက် ရှားတယ် - ကိုဇော်ဇော်
DVB
·
August 27, 2016
အရက်ဆိုင်၊ ဘီယာဆိုင်တွေ ပေါပြီး စာကြည့်တိုက်က မရှိသလောက် ရှားတယ် - ကိုဇော်ဇော်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မေလကစပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ တက်တက်ကြွကြွနဲ့ ပါဝင်လုပ်ကိုင်နေကြတဲ့ မျိုးဆက်သစ် လူငယ်တွေထဲကမှ ချီးကျူးဂုဏ်ပြုထိုက်သူတွေကို ရွေးချယ်ပြီးတော့ ဂုဏ်ပြုပေးနေပါတယ်။ ဇူလိုင်လအတွက်ကတော့ ငါးကင်ရောင်းပြီး တနိုင်တပိုင် စာကြည့်တိုက်တွေကို တည်ထောင်နေတဲ့ မန္တလေးစာကြည့်တိုက်က ကိုဇော်ဇော် (ခ) ကိုသိန်းဇော်ကို ရွေးချယ်ဂုဏ်ပြုထားပါတယ်။ ဒါကြောင့်မို့ ဒီစာကြည့်တိုက်ကို တည်ထောင်ခဲ့တဲ့ ကိုဇော်ဇော်နဲ့ ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ချီးကျူးဂုဏ်ပြုထိုက်သူတွေထဲကမှ ရွေးချယ်ခံရတဲ့အတွက် ၀မ်းသာပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရွေးချယ်ခံရတဲ့အပေါ်မှာ အစ်ကို့အနေနဲ့ ဘယ်လိုခံစားမိလဲ၊ အဲဒါလေး အရင်ပြောပြပေးပါဦးရှင့်။

ဖြေ - ကြားကြားချင်းတော့ ၀မ်းသာတာပေါ့။ ဘယ်လောက်ဝမ်းသာလဲဆိုတော့ ခေတ်အဆက်ဆက်မှာ ဒီလိုမျိုး တခါမှ မတွေ့ဖူးဘူး၊ မကြုံဖူးဘူးလေ။ ကျနော်တို့ လေးစားရတဲ့ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးတယ်ဆိုတော့ လမ်းဘေးဈေးသည်တယောက်အနေနဲ့ကော မြန်မာပြည်သူပြည်သားများ ကိုယ်စားပေါ့၊ လူငယ်အများစု ကိုယ်စားပေါ့လေ။ အတိုင်းမသိ ၀မ်းသာပါတယ်။

မေး - ကိုဇော်ဇော် ဒီလိုစာကြည့်တိုက်ပေါ့နော်။ ကိုယ်ထူကိုယ်ထ တနိုင်တပိုင် စာကြည့်တိုက်လေး ဖွင့်ဖြစ်တဲ့အကြောင်းလေး နည်းနည်းလောက် ပြောပြပေးပါလား။

ဖြေ - အဓိကကတော့ မခံချင်စိတ်။ ကျနော့်လို စာငတ်တဲ့သူတွေ စာမဖတ်နိုင်မှာ ကြောက်လို့လေ။ စာငတ်တဲ့သူတွေ စာမဖတ်နိုင်မှာ ကြောက်တယ်။ ပြီးတော့ စာပေမှာ ခွန်အားတွေကလည်း အများကြီးလေ။ နောက်ပြီးတော့ အရက်ဆိုင်၊ ဘီယာဆိုင်တွေ ပေါပြီးတော့ စာကြည့်တိုက်က မရှိသလောက် ရှားပါးတယ်လေ။ အဲဒါကြောင့်မို့ စာကြည့်တိုက်တွေ အများကြီး ဖွင့်ချင်တယ်။ လူငယ်စာပေတွေ အများကြီး ဖွင့်ချင်တယ်။ တနေ့ကို ၃၀၀၀ စုတယ်၊ ငါးကင်ရောင်းပြီးတော့၊ စာအုပ်တွေဝယ်တယ်။ ကျနော့်လို ၄ တန်းအောင် တယောက်တောင်မှ စာပေတွေဖတ်ခဲ့လို့ အသိပညာတွေရှိခဲ့ရင် ဘွဲ့ရပညာတတ်တွေထဲက ကျနော့်စာအုပ်တွေ ဖတ်လိုက်ရင် အသိပညာတွေ ပိုရှိမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော် စာကြည့်တိုက်ဖွင့်တာပါ။

မေး - ကိုဇော်ဇော်ရဲ့ စာကြည့်တိုက်က အငှားစနစ်ပေါ့နော် တီထွင်တာက သူများတွေနဲ့ မတူဘူးပေါ့နော်။ ပထမဆုံး စပြီးတော့ တီထွင်တယ်လို့တောင် ပြောလို့ရတယ်ပေါ့။ အဲဒီပုံစံလေးကိုကော ကိုဇော်ဇော် ဘယ်လိုစိတ်ကူးနဲ့ ဆက်ငှားဖြစ်လဲ။

ဖြေ - အဓိကကတော့ မြန်မာပြည်မှာက စာကြည့်တိုက်တွေက ကျရှုံးတယ်လေ။ စာကြည့်တိုက်ကြီး ဘယ်လောက်ဟိန်းနေနေလေ ကိုယ့်မြန်မာလူမျိုး အချင်းချင်းကို ရိုးသားမှုနဲ့ မငှားကြဘူးလေ။ မန်ဘာပေးရမယ်၊ မှတ်ပုံတင်ပေးရမယ်။ ဟိုဘက်ရပ်ကွက်ကလူကို ဒီဘက်ရပ်ကွက်က မငှားဘူး။ ဥပမာ လှည်းတန်းမှာ စာကြည့်တိုက်မရှိဘူး။ ကန့်သတ်ချက်တွေ များနေတာကို မလိုလားဘူးပေါ့လေ။ ဒါကြောင့်မို့ ကျနော့်စာကြည့်တိုက်ကနေ Open ကြိုက်တဲ့သူ လာငှားသွား။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်ကို ပြုပြင်ဖို့က အကောင်းဆုံးလက်နက်က စာပေလေ။ ကျနော့်လို လေးတန်းအောင်တယောက်တောင်မှပဲ စာပေတွေကို ဖတ်ခဲ့လို့ အသိပညာလေး နည်းနည်းရရင် ဘွဲ့ရပညာရှိများ၊ ကျောင်းနေတဲ့ ပညာရှိများ၊ အင်ဂျင်နီယာကြီးများ၊ ပါမောက္ခကြီးများ၊ ဆရာဝန်တွေများ စာအုပ်တွေဖတ်လိုက်ရင် အသိပညာတွေ ပိုရှိမှာပဲ၊ ကျနော့်ထက်လည်း များစွာ အသိပညာ ပိုရှိမှာပဲဆိုတဲ့ ရည်ရွယ်ချက်၊ ခံယူချက်နဲ့ စာကြည့်တိုက်ဖွင့်တာပါ။

မေး - ဟုတ်ကဲ့ပါ။ ကိုဇော်ဇော်ရဲ့ အငှားစနစ်ပုံစံလေးလည်း နည်းနည်းပြောပြပေးပါဦး။

ဖြေ - အဓိကကတော့ အခုဟာ နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးလေ။ စာအုပ်စာပေတွေကို သိပ်မဖတ်ချင်ကြဘူးလေ။ ဒါကို ကျနော်က နည်းအမျိုးမျိုးနဲ့ ဆွဲဆောင်တာပေါ့နော်။ အရက်သမားဆိုရင်လည်း ပိုက်ဆံပေးပြီးတော့ စာအုပ်လာဖတ်ခိုင်းတယ်လေ။ လူငယ်တွေဆိုလည်း ဂီတာတွေနဲ့ ပေးထားတယ်ပေါ့။ ကလေးတွေဆိုရင်လည်း လက်တောက်ခုံလေးတွေနဲ့ပေါ့နော်။ စာအုပ်နှစ်အုပ်ဖတ်ရင် ပိုက်ဆံပေးတယ်ပေါ့။ ဒါကလည်း သူတို့ကို စာဖတ်ချင်တဲ့စိတ်ကို ရိုက်သွင်းတာပါ။ အဓိကကတော့လေ။ နောက်တနေ့ကျတော့ သူတို့ကို ပိုက်ဆံပေးတာတောင် မယူချင်ကြတော့ဘူး၊ ရှက်လာကြတယ်လေ။ ဒါကလည်း စာပေရဲ့ အကျိုးကျေးဇူးပေါ့။ ကျနော်ယုံကြည်လို့ကို ဒီအလုပ်ကိုလုပ်တာ။ ဘယ်ပိုက်ဆံရှိမလဲ။ ကိုယ်ကိုယ်တိုင်တောင်မှ ဖိနပ်ကို သုံးလေးထောင်တန် ၀ယ်မစီးနိုင်ဘူးလေ။ ဒါပေမယ့် စာပေနဲ့ သူတို့ဘ၀တွေကို တိုးတက်စေချင်တယ်။ ပြောင်မြောက်စေချင်တယ်။ လှပစေချင်တယ်။ စာကြည့်တိုက်စနစ်ဆိုတာလည်း နားမလည်ဘူး။ ဒါပေမယ့် စာကြည့်တိုက်မှူးက စာပေချစ်ပြရမယ်။ ကျနော် စာကြည့်တိုက် စဖွင့်ကတည်းကလည်း ကျနော့်စာအုပ်တွေ ပျောက်မယ်ဆိုတာ သိထားတယ်။ ဒါပေမယ့် ကျနော့်စာအုပ်တွေ ပျောက်တိုင်း ကျနော် စာကြည့်တိုက်မပိတ်ဘူး။ ကျနော့်မျှော်လင့်ချက်က ဘယ်ပြည့်တော့မှာလဲ။ ကျနော်က စာကြည့်တိုက်က စာအုပ်တွေကို ဖတ်ပြီးတော့ လူငယ်တွေကို တိုးတက်စေချင်တယ်။ ပြီးသွားရင် တိုင်းပြည်ကြီး တိုးတက်စေချင်တယ်။ အခြားသော အခြားသော နိုင်ငံတွေမှာ ရောက်နေတဲ့ အနှိမ်ခံဘ၀က မြန်မာလူမျိုးတွေ လွတ်မြောက်စေချင်တယ်။ ဒါတွေဟာ ဘာနဲ့ပြုပြင်မှ ရတော့မလဲဆိုတော့ စာအုပ်စာပေနဲ့ ပြုပြင်မှ ရမယ်လေ။ ဒါကြောင့်မို့ ကျနော်က စာပေကို သိပ်ချစ်တယ်။ သိပ်တန်ဖိုးထားတယ်။

မေး - ဟုတ်ကဲ့။ ကိုဇော်ဇော်ဆိုရင် ငါးကင်ရောင်းပြီးမှ စာကြည့်တိုက်တွေ ဖြစ်လာတယ်ပေါ့နော်။ ဒီလိုဖြတ်သန်းတဲ့အခါမှာကော ဒီလိုစာအုပ်တွေ စုဆောင်းပုံလေးပေါ့နော်။ ဘယ်လိုမျိုးပုံစံနဲ့ ကိုဇော်ဇော် စာအုပ်တွေ စုဆောင်းဖြစ်လဲ။ ပြီးတော့ အလှူရှင်တွေပေါ့။ တခြားကကော ဘယ်လိုလာလှူလဲ။ ကိုဇော်ဇော်ကလည်း အခြားစာကြည့်တိုက်တွေကို လှူတယ်လို့ သိရတယ်ပေါ့။ အဲဒါလေးလည်း ပြောပြပေးပါဦး။

ဖြေ - လှူတာကတော့ ဘယ်လိုပြောမလဲ အများပြည်သူ အများကောင်းမှုပေါ့။ ကျနော် ဖေ့စ်ဘွတ်ခ်ကို အကျိုးရှိရှိသုံးတယ်ဗျ။ ဒီစာအုပ်ကလေး ကောင်းတယ်။ ဒီစာအုပ်ကလေးတွေကို ကြော်ငြာတယ်လေ။ နောက်ပြီးတော့ ဖေ့စ်ဘွတ်ခ်ပေါ်ကနေပြီးတော့ စာကြည့်တိုက်ကို အမြဲတမ်းကြော်ငြာတယ်။ ကိုယ်ကိုယ်တိုင်မှ တီဗွီထဲမှာ မကြော်ငြာနိုင်ဘူးလေ။ ဂျာနယ်ထဲမှာ မကြော်ငြာနိုင်တော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကြော်ငြာတယ်။ လူငယ်တွေ စာဖတ်ချင်အောင် ဆွဲဆောင်တယ်လေ။ စာအုပ်တွေနဲ့ ဗန်းပြပြီးတော့ စာကြည့်တိုက်ကို လာအောင် ဆွဲဆောင်တယ်ပေါ့နော်။ အဲလိုလေးတွေလုပ်တယ်။ နောက်ပြီးရင် အိမ်မှာရှိနေတဲ့ စာအုပ်ကလေးတွေကို ကားလေးတွေ အလျှိုလျှိုနဲ့ လာကြတယ်ပေါ့နော်။ အခုဆိုရင် အနယ်နယ်အရပ်ရပ်က မန္တလေးစာကြည့်တိုက်ကို စာအုပ်တွေလှူတယ်။ ကျနော်ကလည်း စာကြည့်တိုက်တွေဖွင့်တယ်။ ပြီးရင် လိုအပ်တဲ့ စာကြည့်တိုက်တွေကို ဒီကနေပြီးတော့ ပြန်ပြီးတော့ မျှဝေတာပေါ့နော်။ အရင်ကတည်းကနေ ရပ်တည်တာကတော့ ခုချိန်ထိအောင် တနေ့ ၃၀၀၀ စုတယ်။ တနေ့ ၃၀၀၀ စုပြီးတော့ အဟောင်းကို ၄၀၀၀၀ ဖိုး၊ အသစ်ကို ၅၀၀၀၀ ဖိုး ၀ယ်တယ်ပေါ့။ ၀ယ်ပြီးတော့ အဟောင်းအသစ်ကို ပြန်မျှ၊ ပြီးရင် ပိုလျှံနေတဲ့ စာအုပ်တွေကို ပြန်လှူတာပေါ့။

မေး - တလ ၉၀၀၀၀ ဖိုး စာအုပ်ဝယ်တယ်ပေါ့နော်။ ၀ယ်ပြီးတော့မှ ကိုဇော်ဇော်ရဲ့ မန္တလေး စာကြည့်တိုက်တွေ လည်ပတ်နေတာပေါ့။ မန္တလေးစာကြည့်တိုက် အခုအသစ်ဖွင့်မှာနဲ့ဆို ၆ ခုပေါ့နော်။ ၆ ခုအပြင် တခြားကိုလည်း လှူတယ်ပေါ့။ တခြား အနယ်နယ်အရပ်ရပ်က လူတွေကိုလည်း၊ ဒီ ရန်ကုန် လှည်းတန်းက စာကြည့်တိုက်မှာ စာအုပ်အရေအတွက် ဘယ်လောက်လောက်ရှိလဲ။

ဖြေ - ရှိတယ်။ စာအုပ်တွေက အများကြီး ဗီရိုထဲတွေမှာရော၊ အပြင်တွေမှာ ရောက်နေတာတွေကော။ ၄၀၀၀၀ ကျော်လောက်ရှိတယ်။

မေး - တနေ့တနေ့ကိုရော ဘယ်လောက်လောက် လာပြီး ငှားဖတ်ကြလဲ။ ဘယ်ချိန်လောက်ကစပြီး စာကြည့်တိုက်ကို ဖွင့်တာလဲ။

ဖြေ - စာကြည့်တိုက်က အရင်တုန်းကဆိုရင် ၁၀ နာရီဖွင့်တယ်။ အခုနောက်ပိုင်းကျတော့ ၁၂ နာရီမှ ဖွင့်တာလေ။ လူတွေက များလွန်းလို့ မနိုင်တော့ဘူး။ ဖေ့စ်ဘွတ်ခ်တွေပေါ်က လာတာများတယ်လေ။ နောက်ပြီးတော့ ကျနော်က စာအုပ်စာပေ အခမဲ့ငှားတယ်။ အိမ်တိုင်ရာရောက် ပို့ပေးတယ်ဆိုတဲ့ ကြော်ငြာလေးတွေကို လိုက်ကပ်ထားတာလေ။ တီဗွီမှာ မကြော်ငြာနိုင်တော့လေ။ လူ ၁၀ ယောက်သိလို့ရှိရင် တယောက်ပဲ မြင်သွားရင်လည်း လာနေတာပဲလေ။ ဒီမှာက မှတ်ပုံတင်မလိုဘူး။ မန်ဘာမပေးရဘူး။ အလှူခံပုံး မထားဘူး။ အနီးအနားကလူတွေက ၃ အုပ်။ အဝေးဆိုရင်တော့ စစချင်း ၃ အုပ်။ ၃ အုပ်ကနေ ၇ အုပ်ထိရတယ်။ စာကြည့်တိုက်ထဲမှာ စာကြည့်တိုက်မှူး တယောက်မှမရှိဘူး။ ပေတံရယ်၊ ဘောပင်ရယ်၊ စာအုပ်ကလေးရယ် ဒါပဲချပေးထားတာ။ ကိုယ့်ဟာကိုယ်ယူရမယ်။ ကိုယ့်ဟာကိုယ်မှတ်ရမယ်။ ကိုယ့်ဟာကိုယ်ဖျက်ရမယ်ပေါ့နော်။ စာကြည့်တိုက်မှူးမရှိဘူး။ စာအုပ်ပျောက်မှာကို မကြောက်ဘူး။ စာမဖတ်မှာဘဲ ကြောက်တာ။ စာအုပ်ကို ယူသွားရင် သာဓုတောင်ခေါ်သေးတယ်။ ၀မ်းတောင်သာတယ်။ သူ ဒီစာအုပ်ကိုလိုချင်လို့ ယူသွားတာပဲပေါ့နော်။ ဒီလိုမျိုး ကျနော့်စိတ်က။

မေး - ကိုဇော်ဇော် ဒီစာကြည့်တိုက်က သက်တမ်း ဘယ်နှနှစ်ရှိသွားပြီလဲ။

ဖြေ - ၇ နှစ်။

မေး - ၇ နှစ်တောင်ရှိပြီပေါ့နော်။ ဒါကတော့ စာကြည့်တိုက်တခုကို ကိုယ်တိုင်ဈေးရောင်းပြီးတော့မှ တနိုင်တပိုင် ကြိုးစားပြီးတော့ တည်ဆောက်လာတယ်ဆိုတော့ အစပိုင်းမှာတော့ အခက်အခဲတွေကတော့ တွေ့မှာပဲလေ။ အဲဒီတွေ့ရတဲ့ အခက်အခဲတွေကို နည်းနည်းလောက် ပြောပြပေးပါလား။

ဖြေ - ကျနော်က လူငယ်။ အခက်အခဲတွေကတော့ အများကြီးပေါ့။ မိဘတွေနဲ့လည်း အဝေးကြီးမှာ နေရတယ်လေ။ မိသားစုတွေနဲ့လည်း အတူတူမနေရဘူးလေ။ နောက်ပြီးတော့ တယောက်တည်း ရန်ကုန်မြို့မှာ ကြီးပြင်းလာရတယ်။ ငယ်ငယ်လေးတည်းကလည်း စာကြည့်တိုက်ဖွင့်တယ်ပေါ့နော်။ လူငယ်တွေဘ၀ကို မခံစားခဲ့ရဘူးပေါ့နော်။ အပျော်အပါးတွေဘာတွေ မနေခဲ့ရဘူး။ ဒါပေမယ့် စာပေနဲ့ ကျနော့်ဘ၀ကို ကျော်ဖြတ်တယ်။ ခံနိုင်ရည်ရှိအောင် နေတယ်ပေါ့နော်။ ဘယ်အရာကိုမှ မကြောက်ဘူး။ စာပေခွန်အားနဲ့ အရာရာကို ကျော်ဖြတ်ခဲ့တယ်လေ။ အဲဒါမျိုးပေါ့နော်။ တခါတလေကျရင် စိတ်ညစ်တာပေါ့။ စည်ပင်ကဖမ်းလို့ မထွက်ရတာနဲ့။ လမ်းဘေးမှာ ရောင်းတော့လေ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်နေလေ စာပေခွန်အားနဲ့ ဒီနေ့ ဘယ်လိုပဲဖြစ်ဖြစ်နေ ကျော်ဖြတ်တာက များတယ်ပေါ့။ ဒါကြောင့်မို့ ကိုယ်သိသလို တတ်သလိုပဲ စာအုပ်ကလေးတွေငှားတယ်။ အခမဲ့။ လေဖြတ်နေတဲ့ အဖိုးကြီးတွေ အဖွားကြီးတွေ နောင်ဘ၀ ဘယ်လိုပဲဖြစ်ဖြစ်နေ အသိပညာတွေ ရစေချင်တယ်ဆိုတဲ့စိတ်နဲ့ အိမ်တိုင်ရာရောက် လိုက်ပို့တယ်။

မေး - အိမ်တိုင်ရာရောက်လိုက်ပို့တာ သက်ကြီးရွယ်အိုတွေရယ်၊ ပြီးတော့ ဘယ်လိုမျိုးတွေ လိုက်ပို့တာလဲ။

ဖြေ - တချို့ အိမ်ဝေးရင် အိမ်ကမိသားစုတွေ မလာနိုင်ဘူး၊ ဘာလို့ပေါ့နော်။ အဲလိုမျိုးလေးတွေ လိုက်ပို့တယ်။ ဆိုက်ကားဂိတ်ကလူလေးတွေ လိုက်ပို့တယ်။

မေး - အခုထိ တနေ့ကို ဘယ်လောက်လိုက်ပို့လဲ။

ဖြေ - ၁၈၀၊ ၂၀၀ လောက် လိုက်ပို့ရတယ်။

မေး - မြန်မာနိုင်ငံရဲ့ အခုချိန်ထိပေါ့လေ စာကြည့်တိုက်ဖွံ့ဖြိုးမှု အခြေအနေကော ကိုဇော်ဇော် ဘယ်လိုမျိုး လေ့လာမိလဲရှင့်။

ဖြေ - အရင်အခြေအနေနဲ့ အခုအခြေအနေနဲ့ ဆိုရင်တော့ ခုနောက်ပိုင်းတော့ တိုးတက်မှု ပြောင်းလဲမှုတွေတော့ ရှိလာတာပေါ့နော်။ အရင်တုန်းကတော့ သိတဲ့အတိုင်းပဲလေ။ ဒီနေ့ ဖဲကြိုးဖြတ်ပြီးတော့ နွားတင်းကုပ်ဖြစ်သွားတဲ့ စာကြည့်တိုက်တွေက များစွာတွေ့ခဲ့ဖူးတယ်လေ။ ကျနော့်မျက်စိနဲ့လည်း မြင်ခဲ့ရတယ်လေ။ စာကြည့်တိုက်ကို ချလက်ဆို ဖွင့်လိုက်တယ်။ ချလက်ဆို ပိတ်လိုက်တယ်။ အဲလိုမျိုးတွေက များတယ်လေ။ ဒါကြောင့်မို့ ကျနော်က စာကြည့်တိုက်တွေကို သော့ခတ်တာ မကြိုက်ဘူး။ စာအုပ်တွေ မှိုတက်တာ မကြိုက်ဘူး။ စာအုပ်ဆိုတာ နူးညံ့တယ်။ လွတ်လပ်စွာ ပျံစေချင်တယ်။ ဒါကြောင့် ဘောင်မခတ်နဲ့။ ကျနော်တို့ ဘောင်ခတ်ခံရတာ နှစ် ၆၀ ရှိသွားပြီ။ ဒါကြောင့်မို့လည်း ကျနော့်စာကြည့်တိုက်ကို ဘောင်မခတ်ဘူး။

မေး - ကိုဇော်ဇော်က ခုနပြောသလိုပေါ့နော်။ အတန်းပညာ ၄ တန်းထိပဲ အောင်တယ်။ ဒါပေမယ့် စာကို မြတ်နိုးရမှန်း၊ ချစ်တတ်ရမှန်း သိတယ်ပေါ့။ စာပေရဲ့တန်ဖိုးကိုသိတယ်။ အဲလိုအသိကရော ဘယ်ကနေရခဲ့တာလဲ။

ဖြေ - ဒါကတော့ ကျနော့်အဖိုးဆီကနေ ပညာတွေရခဲ့တာပေါ့။ ကျနော့်အဖိုးက စာပေ ၀ါသနာပါတယ်လေ။ ဘဘ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တနှစ်ပဲငယ်တယ်လေ။ စာပေ၀ါသနာပါတယ်။ သျှောင်ဆံထုံးကြီးနဲ့ပေါ့ ရှေးခေတ်က။ စာပေ၊ အနုပညာ၊ ဂီတတွေ အရမ်းဝါသနာပါတယ်။ နန်းတော်ရှေ့ ဆရာတင်ဆို လာထား။ လေချိုသွေးရမလား၊ ပုံပြင်ပြောပြရမလားပေါ့နော်။ ကလိုက်ရဦးမလား ရွှေမန်းတင်မောင်လို။ အဲလိုမျိုးတွေပေါ့နော်။ ကျနော်က အဲဒီတုန်းက ဗွီဒီယိုကြည့်ချင်တယ်။ ၂၀ တန်မကြည့်နိုင်တော့ အဘက ပုံပြင်တွေပြောပြတယ်။ စာပေနဲ့ ရိုက်သွင်းခဲ့တာလေ။

မေး - ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တာပေါ့နော်။ အဖိုးကျေးဇူးကြောင့်။ အခု စာကြည့်တိုက်တွေ ကိုဇော်ဇော်ရဲ့ မွေးရပ်မြေမှာလည်း ဖွင့်ထားတယ်။ အခြားနေရာတွေမှာလည်း ဖွင့်ထားတယ်ပေါ့နော်။ အဲဒါတွေလည်း သိရတယ်။ အဲဒီစာကြည့်တိုက်လေးတွေ အကြောင်းလည်း နည်းနည်းလောက် ပြောပြပေးပါဦး။ ဘယ်အချိန်မှာ အဲလိုမျိုးစာကြည့်တိုက်တွေ တိုးပြီးတော့ ဖွင့်ဖြစ်တာလဲရှင့်။

ဖြေ - စာကြည့်တိုက်ကတော့ ဒီလို စာအုပ်တွေပိုတယ်။ ကိုဇော်ဇော်ရေ စာကြည့်တိုက် ဖွင့်ချင်တယ်ဆိုပြီးတော့ အစ်ကိုတွေ၊ အမတွေ မွေးချင်းတွေကပေါ့နော်။ ဆရာတော်တွေ၊ ဆရာသမားတွေကနေပြီးတော့ သူတို့ ကမကထဆောက်လုပ်ပြီးတော့ စုပေးတာပေါ့လေ။

မေး - ကိုဇော်ဇော့်အနေနဲ့ အခု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ချီးကျူးဂုဏ်ပြုဖို့အတွက် ရွေးချယ်လိုက်တယ်ပေါ့နော်။ အရင်တုန်းကလည်း ဆုရတာတွေဘာတွေ ရှိတယ်ပေါ့နော်။ အဲဒီအကြောင်းလေး နည်းနည်းပြောပြပေးပါဦး။

ဖြေ - ပထမဆုံး အမေရိကန်စင်တာက စာကြည့်တိုက်နဲ့ ပတ်သက်ပြီး အသိအမှတ်ပြုတဲ့ ဆုတဆုပေးတယ်။ ဒုတိယကတော့ ၂၀၁၅ ပြည်သူ့ဂုဏ်ရည် အထူးဆုရတယ်။ အဝေးရောက် မြန်မာတိုင်းရင်းသူ တိုင်းရင်းသားတွေက ပေးတဲ့ဆုပေါ့လေ။

မေး - ကိုဇော်ဇော်အနေနဲ့ အနာဂတ်ရည်မှန်းချက်လေးနဲ့ လူငယ်တွေကို ဘာများ ပတ်သက်ပြီးတော့ ပြောချင်တာ ရှိသေးလဲ။

ဖြေ - အနာဂတ်ရည်မှန်းချက်ကတော့ မြန်မာပြည်ကို စာကြည့်တိုက်တွေ အများကြီးဖွင့်ချင်တယ်။ နိုင်ငံအနှံ့ကို စာကြည့်တိုက်တွေ အများကြီးဖွင့်ချင်တယ်။ အရက်ကိုင်နေတဲ့လက်တွေကို စာအုပ်တွေ ကိုင်စေချင်တယ်။ ဆေးလိပ်ကိုင်တဲ့ လက်တွေကို စာအုပ်တွေ ကိုင်စေချင်တယ်။ အရက်ဆိုင်ထက်၊ ဘီယာဆိုင်ထက် စာကြည့်တိုက်တွေ အများကြီး မြင်သွားချင်တယ်။ တိုင်းပြည်တပြည်မှာ စာအုပ်စာပေကသာလျှင် တိုင်းပြည်ကြီးကို ပြုပြင်နိုင်တာလေ။ အသိပညာတွေ ပေးမှာလေ။ ဒါကြောင့်မို့ လူငယ်များစွာကလည်း အရက်ဆိုင် ဘီယာဆိုင်တွေကို မသွားကြဘဲနဲ့ စာအုပ်စာပေတွေကို ဖတ်ပေးကြပါပေါ့လေ။ အခြားသော အခြားသော မိဘများကလည်းပေါ့နော် ကိုယ့်ရဲ့သားသမီးတွေကို စာကြည့်တိုက်လေးတွေကို ပို့ပေးကြပါ။ ကျောင်းစာတွေနဲ့ ကျူရှင်တွေနဲ့ပဲ အချိန်မကုန်ပါနဲ့။ စာအုပ်စာပေတွေကို ၀ယ်ပေးကြပါ၊ ပို့ပေးကြပါပေါ့နော်။ ပိုက်ဆံရှိတဲ့ ဂုဏ်သရေရှိ အသိုင်းအ၀ိုင်းတွေကလည်းပေါ့ စာကြည့်တိုက်တွေကို ထောက်ပံ့ပေးကြပါ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013