
လာမယ့်သြဂုတ် ၃၁ ရက်မှာ စတင်ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံကို ညီညွှတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အနေနဲ့ အားလုံးနဲ့ အတူတကွ ပါဝင်တက် ရောက်မယ်လို့ ဒီကနေ့ တရားဝင် ကြေညာလိုက်ပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မှာ သြဂုတ် ၂၄ ကနေ ၂၅ ရက်ထိ ၂ ရက်တာ ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီ အရေးပေါ်(တိုးချဲ)အစည်းအဝေးအပြီး အခုလို ကြေညာ လိုက်တာပါ။
အစည်းအဝေးမှာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အပါအ၀င် နိုင်ငံရေးအခြေအနေ အရပ်ရပ်တို့အပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သလို ပြီးခဲ့တဲ့ သြဂုတ်လ ၂၀၊ ၂၂ ရက်တို့မှာ ပြည်တွင်းမှာ ကျင်းပခဲ့တဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ရေး အစည်းအဝေးနဲ့ ၂၁ ရာစုပင်လုံကျင်းပရေးပူးတွဲကော်မီ ပထမအကြိမ်အစည်း အဝေးရလဒ်တို့ပေါ်မှာလည်း ဆွေးနွေးသုံးသပ်ခဲ့တယ်လို့ဆိုပါတယ်။
ညီလာခံတက်ရောက်မယ့် ကိုယ်စားလှယ်အရေအတွက်၊ သွားရာက်မည့်နေ့ရက်တွေကိုတော့ နောက်တကြိမ်အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ရွေးချယ်သွားမယ်လို့ ယူအန်အက်စီအဖွဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းရဲ့ ဗဟိုကော်မတီဝင် ဗိုလ်ချုပ်စိုင်းထူးက ဒီဗွီဘီကိုပြောပါတယ်။











