DVB Logo
Home
Lead Story
ဇောက်လတ် ငလျင်ဖြစ်လို့ နောက်ဆက်တွဲငလျင် နည်းပါးမယ် - ဒေါက်တာ ယဉ်မျိုးမင်းထွေး
DVB
·
August 25, 2016
ဇောက်လတ် ငလျင်ဖြစ်လို့ နောက်ဆက်တွဲငလျင် နည်းပါးမယ် - ဒေါက်တာ ယဉ်မျိုးမင်းထွေး
Donate to DVB

သြဂုတ် ၂၄ ရက် ညနေပိုင်းက မကွေးတိုင်း၊ ချောက်မြို့အနီး ဗဟိုပြုလှုပ်သွားတဲ့ ၆.၈ ရစ်ခ်ျစတာစကေးရှိ  ပြင်းအားကြီး ငလျင်ဟာ ဇောက်လတ် အမျိုးအစား ငလျင်ဖြစ်တယ်၊ ဒါ့ကြောင့် နောက်ဆက်တွဲ ငလျင်လှုပ်တာ နည်းတယ်လို့ မိုးလေ၀သနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ မြေငလျင်ဌာနခွဲက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။

ငလျင်မှာ ဇောက်တိမ်၊ ဇောက်လတ်နဲ့ ဇောက်နက် ငလျင်ဆိုပြီး ၃ မျိုးရှိရာမှာ ဇောက်တိမ်ငလျင်လှုပ်ရင် နောက်ဆက်တွဲငလျင်လှုပ်တဲ့ အကြိမ်ရေ များတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောရဲ့ အလယ်ပိုင်းဒေသဖြစ်တဲ့ ပျဉ်းမနားနဲ့ သာစည်ကြား ငလျင်လှုပ်နိုင်ခြေရှိတယ်လို့လည်း ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။

မြေငလျင်ဌာနခွဲက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မနေ့က ချောက်နားမှာ ဗဟိုပြုပြီး လှုပ်သွားတဲ့ငလျင်နဲ့ပတ်သက်လို့ ဒေါက်တာတို့ ယေဘုယျ ဘယ်လို ရှင်းပြနိုင်မလဲခင်ဗျ။

“သူ့မြေငလျင်ရဲ့ မြေပြင်ဗဟိုချက်က ၈၄ ကီလိုမီတာရှိNပီး ဇောက်လတ်ငလျင်အမျိုးအစား ဖြစ်ပါတယ်။ မြေငလျင်မှာ သူ့ရဲ့ မြေငလျင်ဗဟိုချက် အတိမ်အနက်ပေါ်မူတည်ပြီး ၃ မျိုး ခွဲထားပါတယ်။ အဲ့ဒါကတော့ ဇောက်တိမ်ရယ်၊ ဇောက်လတ်ရယ်၊ ဇောက်နက်ရယ် ဆိုပြီးတော့ရှိတယ်။ မနေ့က ဖြစ်ပေါ်ခဲ့တဲ့ ငလျင်က ၈၄ ကီလိုမီတာရှိတဲ့အတွက် ဇောက်လတ် အမျိုးအစား ငလျင်ဖြစ်တယ်၊ နောက် သူက ဘေးတင်ပြတ်ရွေ့ကြောင့် ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။”

ဆရာပြောတဲ့ထဲလည်းပါတယ်၊ ဘေးတင်ပြတ်ရွေ့ဆိုတာ ကျနော်တို့ဆီမှာ ပြောပြောနေတဲ့ စစ်ကိုင်းပြတ်ရွေ့တို့ ဘာတို့နဲ့ ဆိုင်လား၊ မနေ့က လှုပ်တဲ့ငလျင်က ဘယ် ပြတ်ရွေ့မှာ ပါတာလဲ။

“စစ်ကိုင်းပြတ်ရွေ့နဲ့တော့ မဆိုင်ပါဘူးခင်ဗျ။ သူ့ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ နေရာမှာ ဖြစ်ပေါ်ခဲ့တာပါ။”

အဲ့ဒီတော့ မြန်မာပြည်မှာ ရှိနေတဲ့ ပြတ်ရွေ့တွေနဲ့ မဆိုင်ဘူးလို့ ဆိုလိုတာလား။

“မဟုတ်ဘူးခင်ဗျ။ ကျနော်တို့ရဲ့ မြေငလျင် မြေပြင် ဗဟိုချက်အရတော့ မန်းအပိုင်းနဲ့ ရေနံချောင်းပြတ်ရွေ့ အဲ့ဒီ ၂ ခုအကြားထဲမှာတော့ ရှိနေတယ်ခင်ဗျ။ ဒါပေမယ့် တချို့က ကျတော့လည်း တူရွင်းတောင်ပြတ်ရွေ့ကြောင့် ဖြစ်ပေါ်ခဲ့တယ်ဆိုတာမျိုးလည်း ရှိတယ်။ ဒါကတော့ ကျနော်တို့ ကွင်းဆင်းကြည့်မယ်၊ ဆာဗေး ဆင်းကြည့်မှပဲ သေချာ သိရမှာပါ။”

နောက်တခုက မနေ့က လှုပ်သွားတဲ့ ငလျင်မှာ ဘာ ထူးခြားချက်တွေ တွေ့လိုက်ရလဲ။

“ပုံမှန်ဆိုလို့ရှိရင်တော့ မြေငလျင်ကြီးတခု လှုပ်ရှားပြီးတယ်ဆိုလို့ရှိရင် နောက်ဆက်တွဲ မြေငလျင် ဆိုတာမျိုးတွေ လာတယ်။ မနေ့ကဆိုရင် ၆.၈ အင်အားပြင်းတဲ့ ငလျင်လှုပ်တယ်။ လှုပ်ပြီးတော့နောက် အခုချိန်ထိ နောက်ဆက်တွဲငလျင် မလာသေးဘူး။ ဒါကြောင့်မို့ တချို့က ထူးဆန်းတယ်ဆိုပြီး ပြောနေကြပါတယ်၊ ဒါနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ ဇောက်လတ် ငလျင်အမျိုးအစာ့းဖြစ်တဲ့အတွက် ဇောက်တိမ် ငလျင်တွေထက် နောက်ဆက်တွဲ ငလျင်နည်းပါးတယ်ဆိုတာ တွေ့ရှိရပါတယ်။ ငလျင်ပြင်းအားလည်းများတယ်၊ ဇောက်တိမ် ငလျင်မျိုးလည်း ဖြစ်တယ်ဆိုရင်တော့ နောက်ဆက်တွဲငလျင်တွေ တောက်လျှောက်လှုပ်တာ တွေ့ရပါတယ်။ အခုကတော့ ဇောက်လတ် ငလျင်ဖြစ်လို့ နောက်ဆက်တွဲ ငလျင် နည်းပါးမှာ ဖြစ်ပါတယ်။”

ကျနော်တို့နိုင်ငံမှာ ခုလို အင်အားပြင်းတဲ့ ငလျင် မလှုပ်ခင် ဒီလဆန်းပိုင်းလောက်မှာ အမေရိကန်နိုင်ငံ၊ ကိုလံဘီယာတက္ကသိုလ်က ဘူမိရူပ သိပ္ပံပညာရှင်တွေက ငလျင်ကြီးတခု လှုပ်နိုင်တယ်ဆိုပြီး သတိပေး ပြောခဲ့တာ ရှိတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ ဆရာတို့ ဘာပြောနိုင်မလဲ။

“ကိုလံဘီယာတက္ကသိုလ်က သူ့ရဲ့ GPS နည်းပညာအရ လေ့လာတွေ့ရှိတာက ကျနော်တို့ မြန်မာနိုင်ငံဘက်မှာ မဟုတ်ပါဘူးခင်ဗျ၊ မြေပြင်ဗဟိုချက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံပါ။ ဘင်္ဂလားဒေ့ရှ်ဘက်မှာဖြစ်ပြီးတော့ အဲ့ဒီအပိုင်းက မြေငလျင် မလှုပ်ရှားတာ နှစ်ပေါင်း ၃၀၀ ကျော် ကြာနေပြီ။ အဲ့ဒီတော့ နှစ်ပေါင်း ၅၀၀ လောက်အတွင်းမှာ မြေငလျင်ကြီး တကျော့ပြန် လာနိုင်တယ်ဆိုတာမျိုးကို လေ့လာတွေ့ရှိခဲ့တယ်။ ဒီ မြေငလျင်ကြီးဟာ ပြင်းအား ၈.၂ကနေ ၉ လောက်ထိ လှုပ်ခတ်နိုင်တယ်၊အဲ့လောက်ပြင်းတဲ့ငလျင်ကြီး လှုပ်ရှားခဲ့မယ်ဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်တခုတင် မဟုတ်ဘဲနဲ့ အိန္ဒိယရော၊ မြန်မာနိုင်ငံမှာပါ မြေငလျင်ဒဏ် သက်ရောက်နိုင်တယ်ဆိုတဲ့အကြောင်း သူ့ရဲ့ သုတေသနက တွေ့ရှိခဲ့တယ်ဆိုတဲ့အကြေင်းကို ၁၁ ရက် ၇ လပိုင်းမှာ သူက အွန်လိုင်းမှာ public လုပ်လိုက်တာပါ။ ဘင်္ဂလားဒေ့ရှ်ဘက်ကအပိုင်းကို လေ့လာတာပါ၊ ကျနော်တို့ဘက်ပိုင်းကို လေ့လာတာ မဟုတ်ပါဘူး၊ အခု ငလျင်နဲ့ မဆိုင်ပါဘူးခင်ဗျ။”

နောက်တခု သူတို့ ပြောထားသေးတယ်။ အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဆယ်နှစ်ကြာ စောင့်ကြည့်ပြီး အဖြေထုတ်ချက်တွေ အရလည်း အိန္ဒိယနိုင်ငံရဲ့ ကျောက်ထုချပ်နဲ့ မြန်မာ ကျောက်ထုချပ်နှစ်ခု မျက်နှာချင်းဆိုင် တိုက်နိုင်တဲ့ အနေအထားဟာ နှစ်ပေါင်း ၄၀၀ လောက် ကြာနေပြီ ဖြစ်တဲ့အတွက် ငလျင်လှုပ်ခတ်နိုင်ခြေ ရှိတယ်တဲ့။ အဲ့ဒါကရော ဘယ်လောက် မှန်နိုင်ခြေ ရှိလဲ။

“ကျနော်တို့ မြန်မာနိုင်ငံက ဘားမားကျောက်ထုချပ်ပေါ် ရှိတယ်၊ ဘားမားကျောက်ထုချပ်နဲ့ အိန္ဒိယကျောက်ထုချပ်က ရွေ့လျားနေတယ်။ အဲ့ဒီလို ရွေ့လျားနေတဲ့အတွက် အဲ့ဒီတလျှောက်မှာ ငလျင်တွေ မကြာခဏဖြစ်ပေါ်တယ်။ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက်အခြမ်း၊ ချင်းပြည်နယ်တို့ ဘာတို့ အဲ့ဒီဘက်တွေမှာ တောက်လျှောက် ငလျင်လှုပ်တာ တွေ့ရပါတယ်။ ၁၉၆၀ နောက်ပိုင်း လေ့လာကြည့်မယ်ဆိုရင် အခု ၂၀၁၆၊ ဇွန်လလောက်အထိကို အဲ့ဒီတောက်လျှောက် ငလျင် တော်တော်လှုပ်တယ်၊ ပြီး လှုပ်တဲ့အခါမှာလည်း အနက်ဆုံးထိက ၈၀ ကျော် ၉၀၊ ဇောက်လတ်ငလျင်ထိပဲ လှုပ်တယ်၊ တအားနက်တဲ့ငလျင်မျိုး မလှုပ်ဘူးဆိုတာ တွေ့ရှိရပါတယ်။”

ကျနော်တို့နိုင်ငံမှာ ဘယ်လို ငလျင်မျိုး လှုပ်ဖို့ ရှိသေးတယ်လို့ ခန့်မှန်းသုံးသပ်ကြည့်လို့ ရသေးလဲဗျ။

“ငလျင်ကတော့ ကြိုတင်ပြီး အတိအကျခန့်မှန်းလို့တော့ မရဘူးပေါ့၊ အချိန်နဲ့ ပြင်းအား ဘယ်လောက်ရှိမယ်ဆိုတာမျိုးလည်း မခန့်နိုင်ဘူးပေါ့။ ဒါပေမယ့် ဖြစ်နိုင်မယ့် အလားအလာ၊ ငလျင်လှုပ်နိုင်မယ့် အခြေအနေ ရှိ မရှိ ဆိုတာမျိုးကိုတော့ အခု ခေတ်မီတဲ့နည်းပညာတွေကို အသုံးပြုပြီးတော့ လေ့လာနိုင်ပါတယ်။ အဲ့ဒီလို လေ့လာတဲ့အခါမှာ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် အဓိက စစ်ကိုင်းမြေငလျင်ကြော ရှိပါတယ်။ အဲ့ဒီ စစ်ကိုင်းမြေငလျင်ကြောကို အပိုင်း ၅ ပိုင်းပိုင်းပြီး လေ့လာလိုက်တဲ့အခါမှာ အလယ်ပိုင်းဖြစ်တဲ့ ပျဉ်းမနား-သာစည်အပိုင်းဟာ ငလျင် မလှုတ်တာ တော်တော်ကြာနေတာ တွေ့ရတယ်၊ အဲ့ဒီအတွက်ကြောင့် အဲ့ဒီနေရာကို ငလျင်ဖြစ်နိုင်ခြေ အလားအလာရှိတယ်၊ လှုပ်မယ်လို့ ပြောတာတော့ မဟုတ်ဘူး၊ ဖြစ်နိုင်ခြေရှိတယ်ဆိုတာမျိုး တွေ့ရတယ်။ ဒါ့ကြောင့်မို့လည်း အဲ့ဒီနေရာကို သုတေသနပြု ဆောင်ရွက်နိုင်ဖို့ တခြားအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း လုပ်ဆောင်နေပါတယ်။”

ကျနော်တို့ဆီမှာ အဲ့ဒီလို သုတေသနလုပ်ဖို့ လေ့လာဖို့ ပစည်းကိရိယာ အစုံအလင် ရှိနေပြီလား။

“ကျနော်တို့ဆီမှာ ပစ္စည်းကိရိယာရယ်လို့ သီးသန့်တော့ မရှိဘူး၊ ဒါပေမယ့် သုတေသနလုပ်ငန်းတွေ သုံးဖို့ဆိုပြီးတော့ နော်ဝေက လှူထားတာ ရှိပါတယ်။”

နောက်ဆုံးမေးခွန်းပါ။ ငလျင်ကြီး လှုပ်ပြီးနောက်ပိုင်း ဒေသခံလူထု သတိထားသင့်တာ ရှောင်ရန် ဆောင်ရန်တွေ ပြောပေးပါ။

“ငလျင်ကို ခံစားသိရှိလိုက်တဲ့ လူထုတွေအနေနဲ့ နောက်ဆက်တွဲငလျင်ဆိုတာတွေ လှုပ်ရှားနိုင်တယ်။ ဒါပေမယ့် ဘယ်အချိန်လှုပ်ရှားနိုင်တယ်ဆိုတာ မပြောနိုင်သေးတဲ့အတွက် အစိုးရကထုတ်ပြန်တဲ့ သတင်းတွေကို သတိပြု နားထောင်စေချင်တယ်။ မြေငလျင်ဒဏ်ခံလိုက်ရတဲ့ အဆောက်အဦတွေ ဘယ်လောက်ထိ ကြံ့ခိုင်မှုရှိသလဲးဆိုတာ ပြန်စစ်ဆေးကြည့်သင့်ပါတယ်။ အဲ့ဒါမှသာ နောက်ဆက်တွဲငလျင်ဘေးက လွတ်ကင်းနိုင်မှာ ဖြစ်ပါတယ်။”

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013