DVB Logo
Home
မေးမြန်းခန်း
တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပေါ်လာတာကို မင်းကိုနိုင် ကြိုဆို
DVB
·
October 15, 2011
တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပေါ်လာတာကို မင်းကိုနိုင် ကြိုဆို
1 / 2
Donate to DVB

ကျိုင်းတုံထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က သူတို့အားလုံး အစဉ်တစိုက် တောင်းဆိုလာတဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစိုးရတို့ တွေ့ဆုံဆွေးနွေးမှုကို ကြိုဆို ထောက်ခံတယ်လို့ ထောင်ဝင်စာသွားတွေ့တဲ့ အမဖြစ်သူကနေ တဆင့် ပြောဆိုလိုက်ပါတယ်။

[caption id="attachment_16547" align="alignright" width="136" caption="မင်း​ကို​နိုင်"][/caption]

မင်းကိုနိုင်ရဲ့ ပြောဆိုချက်တွေနဲ့ ထောင်တွင်းကျန်းမာရေး အခြေအနေတွေနဲ့ ပတ်သက်လို့ မနေ့က ထောင်ဝင်စာ တွေ့လာတဲ့ အမဖြစ်သူ မကြည်ကြည်ညွှန့်ကို နော်နိုရင်းက ဆက်သွယ် မေးမြန်းထားပါတယ်။

ဒေါ်ကြည်ကြည်ညွှန့် ကိုမင်းကိုနိုင်ကို ထောင်ဝင်စာ သွားပြီးတော့ တွေ့လာခဲ့တယ် ဆိုလို့ပါ။

ဟုတ်ကဲ့ပါ။ အခုနကပဲ ပြန်ရောက်ပါတယ်။

သူနဲ့ ဘယ်နေ့က ထောင်ဝင်စာ တွေ့ခဲ့တာလဲ။

ကျမ မနေ့က တွေ့ခဲ့ပါတယ်။ ၁၃ ရက်နေ့က ရောက်တယ်။ စားစရာနဲ့ သောက်စရာတွေ ပို့လိုက်တယ်။ ၁၄ ရက်နေ့ တွေ့တယ်။ ဒါပေမယ့် ကျမလာမယ်ဆိုတာကို ကျမ ကြိုဖုန်းဆက်ထားပါတယ်။ ၆ ရက်နေ့ ကျမလက်မှတ်ဝယ်ပြီးကတည်းက ကြိုပြီး အကြောင်းကြားထားပါတယ်။ သူဘာပစ္စည်းတွေ လိုချင်လဲပေါ့။ ကျမနဲ့ တပါတည်း ပါလာဖို့အတွက်ပေါ့။ ဒါကြောင့်မို့ ကြိုပြီး သိနေပါတယ်။

ဆိုတော့ ကိုမင်ကိုနိုင်ရဲ့ ထောင်ထဲ အခြေအနေကို ပြောပြပေးပါဦးရှင့်။

သူ့ရဲ့ ကျန်းမာရေးကတော့ သွေးတိုးရှိတယ်။ နှလုံးအားနည်းတယ်ပေါ့နော် နောက်ပြီးတော့ ခေါင်းမူးနေတဲ့ လွန်ခဲ့တဲ့ နှစ်လသုံးလ လောက်ကတည်းက စပြီးတော့ ဆေးတွေသောက်နေရတယ် အခု ဒီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီးတော့ ကိုမင်းကိုနိုင်က ဘာပြောသေးလဲ သူမလွတ်သော်လည်းပဲ အကုန်လွတ်လာတဲ့ သူအတွက်ကော သက်ဆိုင်ရာမိသားစုတွေ အတွက်ကော အားလုံးနဲ့ထပ်တူ ဝမ်းသာပါတယ်တဲ့။

သူ့ကျန်းမာရေး အခြေအနေက စိုးရိမ်ရတဲ့အထိ ဖြစ်လား။

သူ့မှာ ဆေးမှူး အဆင်သင့် ရှိပါတယ်။ ထောင်ထဲမှာလေ။ သူတို့ကလည်း ဂရုစိုက်ပါတယ်။ တခါတလေ အပြင်က ပါရဂူတွေ ခေါ်ပြီးတော့ ကုပေးတယ်လို့လည်း ပြောပါတယ်။

နောက်တခုက ဒီမီဒီယာမှာ တလောတုန်းက ပြန်လွတ်လာတဲ့ ဦးစိန်ဝင်းမောင်နဲ့လေ မေးမြန်းတဲ့အခါကျတော သူက စကားတခွန်း မှာလိုက်တယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအတိုင်း သူရှိနေကြောင်း၊ သူပြောတယ်လို့ ပြောပါတယ်။ ဆိုတော့ အဲသဘောထားကို သူဘာပြောသေးလဲရှင့်။

သူတို့အားလုံး အစဉ်တစိုက် တောင်းဆိုလာခဲ့တဲ့ အတိုင်း ဒီတွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ပေါ်လာတဲ့အတွက်ကြောင့်မို့လို့ အခုအန်တီနဲ့ တဖက်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးတာကို သူကြိုဆိုထောက်ခံပါတယ်တဲ့။ ဒါပေမယ့် သူ့သဘောထားအနေနဲ့တော့ timeframe (အချိန်ကာလ) တခုတော့ ရှိသင့်တယ်လို့ ထင်ပါတယ်တဲ့။  discussion(တွေ့ဆုံဆွေးနွေးပွဲ) ကနေပြီးတော့ ထွက်လာမယ့် ရလာမယ့် ရလဒ်အပေါ်မှာ အန်တီချမှတ်မယ့် decision (ဆုံးဖြတ်ချက်) ကိုလည်း သူလက်ခံပါမယ်တဲ့။

အဲဒီမှာ သူထပ်ပြောတာက တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဝင်မယ်ပဲဖြစ်ဖြစ်၊ ပါတီထောင်မယ်ပဲဖြစ်ဖြစ် ဒါမျိုးသူ့အနေနဲ့ သဘောတူတယ်လို့ ပြောတယ်တဲ့ အဲဒါကရော မှန်ပါသလား။

အဲဒါက အဲလိုတော့ မပြောပါဘူး။ သူ ကျွန်မကို ပြောလိုက်တာ ဒီပါတီထောင်မယ့်ကိစ္စ၊ ရွေးကောင်ပွဲဝင်မယ့်ကိစ္စတွေ သူ့အနေနဲ့ ထောက်ခံနေလို့ကော၊ ကန့်ကွက်တယ်လို့ကော ကြိုပြီး ပြောစရာအကြောင်း မရှိပါဘူးတဲ့။ ကာယကံရှင်ကိုယ်တိုင် တိတိကျကျ မဆုံးဖြတ်ရသေးရတဲ့ ကိစ္စကို သူ့အနေနဲ့ ကြိုပြီးတော့ ပြောပိုင်ခွင့်လည်း မရှိပါဘူးတဲ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ ဘယ်သူ့ကိုမှ လမ်းကြောင်းလည်း မပေးလိုဘူး။ ဆရာလည်း မလုပ်လိုပါဘူးတဲ့။ ဘာဖြစ်မယ်မှန်း မသိတဲ့ကိစ္စကို သူ့အနေနဲ့ သဘောထား မပေးနိုင်သေးပါဘူးတဲ့။

ဆိုတော့ သူ့အနေနဲ့ တကယ်တိတိကျကျ ပြောလိုက်တဲ့ စကားက ဘယ်လိုမျိုးလဲ။

အခု ကျမပြောနေတာက သူတိတိကျကျ ပြောလိုက်တဲ့ဟာကို စာနဲ့ ရေးမှတ်လာတာပါရှင်။ တရားဝင် ပြောလိုက်တာပါ။

ဆိုတော့ တခြားရော သူဘာတွေ မှာကြားတာ ရှိသေးလဲ။

သူက နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ထောင်ဝင်စာတွေ့တိုင်း မှာလေ့မရှိဘူးတဲ့။ တဆင့်စကားလည်း မပြောလိုဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပြန်ပြောတဲ့အခါမှာ စကားလုံးမှားမှာစိုးလို့ ကျမ ထောင်ဝင်စာသွားတွေ့တိုင်း ဘယ်တော့မှ မမှာပါဘူး။ အခုဒါက ပထမအကြိမ်ပေါ့။ အမကြီးက အပြောအဆို မတတ်လို့ စကားလုံးတလုံး လွဲသွားရင် လူတွေ နားလည်မှု လွဲသွားမှာ သူအရမ်းစိုရိမ်ပါတယ်တဲ့။ အနှစ် ၂၀ ကျော် ဒုက္ခခံခဲ့ရတဲ့ ကိစ္စမှာ စကားလုံးလွဲလို့၊ အယူအဆလွဲလို့ ဂုဏ်သိက္ခာ ထိခိုက်မှာ အရမ်းစိုးရိမ်တယ်တဲ့။ ဂုဏ်သိက္ခာကို သူ့အသက်ထက် တန်ဖိုးထားလို့ပါတဲ့။ ဒါကြောင့်မို့လို့ သူမမှာဘူး။

သမ္မတ ဦးသိန်းစိန်ကနေ ဒီမိုကရေစီ အစိုးရအဖြစ် ပြောင်းလဲလိုက်တဲ့အပေါ်မှာ ဒီနိုင်ငံရေးပြောင်းလဲမှုနဲ့ ပတ်သက်ပြီးတော့ ပြောဆိုတာမျိုးတွေ ရှိလား။

သူပြောလိုက်တာ ခုနက စကားအကုန်ပါပဲ။ ကျမ အပိုတွေ မပြောရဲပါဘူး။ စကားလုံးမှားမှာ စိုးပါတယ်။ ကျမ သူပြောတာကို စာနဲ့ ရေးမှတ်ပြီး အတိအကျ ပြန်ပြောတာပါ။

ဟုတ်ကဲ့ပါရှင်။ ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013