DVB Logo
Home
မြန်မာသတင်း
ပြည်ခိုင်ဖြိုး ခေါင်းဆောင်ပိုင်း အပြောင်းအလဲ အန်အယ်လ်ဒီကိုပြိုင်ရန် ခြေလှမ်းပြင်ခြင်းဖြစ်ဟုဆို
DVB
·
August 25, 2016
ပြည်ခိုင်ဖြိုး ခေါင်းဆောင်ပိုင်း အပြောင်းအလဲ အန်အယ်လ်ဒီကိုပြိုင်ရန် ခြေလှမ်းပြင်ခြင်းဖြစ်ဟုဆို
Donate to DVB

ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲဟာ အန်အယ်လ်ဒီကို ယှဉ်ပြိုင်ဖို့ ခြေလှမ်းပြင်တာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။

သြဂုတ် ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုညီလာခံမှာ ပါတီခေါင်းဆောင်တွေကို အပြောင်းအလဲ ပြုလုပ်ခဲ့တာပါ။

အခုဖြစ်ခဲ့တဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမှာ တပ်မတော်သားဟောင်းတွေနဲ့ အရပ်သား အချိုးကျ ပါဝင်လာတာကို တွေ့ရပါတယ်။

အခုလို အရပ်သားတွေကို နေရာပေးပြီး ပါတီကို ပြင်ဆင်လာတာဟာ အန်အယ်လ်ဒီပါတီကို ယှဉ်ပြိုင်နိုင်ဖို့ ခြေလှမ်းပြင်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

“သူတို့ ရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးခဲ့တယ်ပေါ့နော်။ အဲဒီဟာကို သူတို့ ပြန်လည်သုံးသပ်လိမ့်မယ်လို့ ကျနော်တို့ထင်ပါတယ်။ ပြန်လည်သုံးသပ်တဲ့အခါမှာ လက်ရှိ စစ်ခေါင်းဆောင်တွေကို ပြည်သူက မကြိုက်တော့ဘူးလို့ သူတို့ကိုယ်တိုင်က ထင်တယ်။ ထင်မှာပဲလေ။ ဒါကြောင့်မို့လည်း သူတို့ ရွေးကောက်ပွဲမှာ ရှုံးရတယ်လို့ပဲ သုံးသပ်မှာပါ။ ဒါကြောင့်မို့ သူတို့မှာ လက်ရှိ မြန်မာပြည်မှာ ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေပေါ့နော်၊ ပြည်ခိုင်ဖြိုးပါတီရဲ့ အရေးပါ အရာရောက်တဲ့သူတွေက သူတို့ကို မကြိုက်တော့ဘူး၊ ဒါကြောင့်မို့ မကြိုက်တော့တဲ့အတွက် ပြည်သူမကြိုက်တာကို ဆက်နေမယ်ဆိုရင် ဆက်ပြီးတော့ ရှုံးဖို့သာရှိတယ်ဆိုတဲ့ အသိစိတ် ရှိကောင်းရှိလိမ့်မယ်။ ရှိလို့လည်းပဲ သူတို့က နောက်ဆုတ်ခဲ့ပြီးတော့ နောက်ထပ်အသစ်ပေါ့နော်။ ပရိုဖိုင်အသစ်တွေကို  လုပ်လိုက်တာပဲ” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ အဖွဲ့ဝင် ဦးမြင့်ဝင်းမောင်က ပြောပါတယ်။

တပ်မတော်အစိုးရကနေ အရပ်သားအစိုးရကို စတင်အပြောင်းအလဲလုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီဟာ ပြည်သူ့လွှတ်တော်မှာ ၇၀ ရာခိုင်နှုန်းကျော်၊ အမျိုးသားလွှတ်တော်မှာ ၅၀ ရာခိုင်နှုန်းကျော်၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့တဲ့ပါတီ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြိုင်ဘက် အန်အယ်လ်ဒီပါတီကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီး လွှတ်တော်အသီးသီးမှာ ၂၀ ရာခိုင်နှုန်းကျော်သာ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီအခြေအနေမှာ ဒီလိုခြေလှမ်းပြင်တာဟာ နောင်လာမယ့် ရွေးကောက်ပွဲအတွက် ရည်ရွယ်တာဖြစ်ပေမယ့် တပ်မတော်ကို နောက်ခံထားတဲ့ ပါတီရဲ့ သဏ္ဌာန်ကြောင့် ပြည်သူ့ထောက်ခံမှုမှာတော့ အန်အယ်လ်ဒီကို ယှဉ်ပြိုင်နိုင်ဦးမှာ မဟုတ်ဘူးလို့ နိုင်ငံရေး လေ့လာသူတဦးက ပြောပါတယ်။

“(၁) စစ်တပ်ကို အမြဲတမ်းထောက်ခံနေမယ့် ပါတီအဖြစ်နဲ့ လူထုကမြင်တယ်။ စစ်တပ်ပါတီတွေပေါ့နော်။ (၂) က တိုင်းပြည်ရဲ့ ပိုက်ဆံတွေ အကုန်လုံးကို ပြည်သူပိုင် ပြန်အပ်ရမယ့်၊ ပြည်သူကို ပြန်အပ်ရမယ့် ငွေတွေကို သူတို့ပါတီပိုင်ငွေတွေ လုပ်လိုက်တယ်။ အဲတော့ အဲလိုအချက်တွေကြောင့်မို့ သူတို့ ဘယ်လောက်ပဲ လူတွေပြောင်းပြောင်း သူတို့ဟာ ဟိုတုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အမည်ခံ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီရဲ့ လမ်းစဉ်အတိုင်းပဲ သူတို့သွားပြီးတော့ ပြည်သူ့ထောက်ခံမှု မရဘဲနဲ့ နောက်ဆုံးမှာ သမိုင်းမှာ သူတို့ ဖယ်ရှားခံရမယ်” လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

အခုအပြောင်းအလဲမှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနေရာကို ဦးသန်းဌေး၊ ဒု-ဥက္ကဋ္ဌ ဦးမြတ်ဟိန်းနဲ့ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းတို့ကို ပြောင်းလဲ တာဝန်ပေးလိုက်တာပါ။

ပါတီဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌတာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ ဦးသိန်းစိန်နဲ့ ဦးဌေးဦးတို့ကတော့ ပါတီနာယကတွေအဖြစ် ဆက်လက်နေရာယူထားပါတယ်။

ဗဟိုနာယကအဖွဲ့ကိုတော့ ပါတီဗဟိုဦးဆောင်ကော်မတီ ၉ ဦးနဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013