DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာ နယ်စပ် တရားမ၀င် ကုန်သွယ်လမ်းကြောင်းများ တားဆီးနိုင်ရန် မျှော်လင့်
DVB
·
August 24, 2016
တရုတ်-မြန်မာ နယ်စပ် တရားမ၀င် ကုန်သွယ်လမ်းကြောင်းများ တားဆီးနိုင်ရန် မျှော်လင့်
Donate to DVB

ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည် ချစ်ကြည်ရေးခရီးစဉ်အပြီးမှာ အဓိက လုပ်ဆောင်ပေးသင့်တဲ့ အချက်တွေထဲက တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ တရားမဝင် ကုန်သွယ်လမ်းကြောင်းတွေကို တားဆီးနိုင်ဖို့ စီးပွားရေးလုပ်ငန်းရှင်တချို့က မျှော်လင့်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတတို့ တွေ့ဆုံခဲ့မှုမှာ တရုတ်ဘက်က အပြည့်အဝ ထောက်ပံ့ကူညီပေးမယ့် ကိစ္စရပ်တွေထဲမှာ နယ်စပ်ရေးရာ ကိစ္စရပ်တွေလည်း ပါဝင်နေပါတယ်။

အဲဒီအတွက် ဒီခရီးစဉ်က ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် တိုက်ရိုက်ပတ်သက်မှု မရှိပေမယ့် တရုတ်နယ်စပ်ကနေ ကုန်သွယ်မှု အများဆုံးရှိနေတဲ့ သူတို့အတွက် နယ်စပ်မှောင်ခိုကိစ္စ၊ ဆုံးရှုံးနစ်နာနေရတဲ့ကိစ္စ၊ အခုထိ ထိထိရောက်ရောက်ကိုင်တွယ်ဖို့ ခက်နေတာတွေက စီးပွားရေးတိုးတက်ဖို့ အဟန့်အတား ဖြစ်နေတဲ့ ကိစ္စရပ်တွေအပေါ် ရောင်နီဦး ကားအရောင်းစင်တာ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ဝင်းက ဆိုပါတယ်။

“ကျနော်တို့ ဒီနယ်စပ်က တင်သွင်းနေတဲ့ဟာ တော်တော်များများက အခွန်အပြည့်အ၀ မရကြဘူး။ နောက်ပြီးရင်လည်း ပုံမှန်ကုန်သွယ်ရေးလုပ်တဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကို ထိခိုက်တယ်။ ဘာလို့လဲဆိုတော့ လူတိုင်းက မခိုးချင် မ၀ှက်ချင်ဘူးလေ။ ခိုးဝှက်ချင်တဲ့သူကသာ ခိုးဝှက်နေတာ။ လူတိုင်းက လိုက်မလုပ်နိုင်ဘူး။ မှန်မှန်ကန်ကန် လုပ်တဲ့သူက သွားထိရော။ သူ့လိုမလုပ်နိုင်တဲ့ အတွက်ကြောင့်မို့၊ မလုပ်လည်း မလုပ်ချင်တဲ့ အတွက်ကြောင့်မို့ မရပ်တည်နိုင်ဘူးပေါ့နော်။ အဲတော့ နယ်စပ်မှာ စာရင်းဇယားတွေကို လွယ်လွယ်ကူကူလေး သိလို့ရပါတယ်။ တရုတ်ပြည်က ဗမာပြည်ကို တနှစ်ကို အိတ်စပို့ ဘယ်လောက်ရှိတယ်ဆိုတာ တရုတ်က အမြဲတမ်း ကြေညာပေးတယ်။ အဲဒီလိုပဲ ယိုးဒယားကလည်း အမြဲတမ်းကြေညာပေးတယ်။ ဒါပေမယ့် ကျနော်တို့နဲ့က ဇောက်ထိုးပဲ။”

တရုတ်နယ်စပ်မှာ မြန်မာဘက်က ကျွန်းမှောင်ခို၊ ကျွဲ၊ နွား၊ ဆိတ်၊ ဝက် မှောင်ခို အပါအဝင် တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၈၀၀ အထက် တရုတ်ကို တရားမဝင် ၀င်ရောက်နေတာတွေလည်း ရှိပါတယ်။

ဒီလိုဝင်ရောက်မှုတွေကြောင့် မြန်မာဘက်က တားဆီးဖို့ တပ်မတော်အပါအဝင် လက်နက်ကိုင် တိုင်းရင်းသားတွေ၊ သူတို့နဲ့ ပတ်သက်နေတဲ့ နှစ်ဘက်ကုန်သည်တွေရဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အမည်မဖော်လိုတဲ့ တပ်မတော်အရာရှိဟောင်း တယောက်ကလည်း ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ ဖြေဆိုခဲ့ပါတယ်။

နယ်စပ်မှောင်ခိုမှုတွေကို ကိုင်တွယ်နိုင်ရင် ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် ပြိုင်ဆိုင်မှု တရားမျှတလာနိုင်သလို အစိုးရအနေနဲ့လည်း အခွန်ကို အပြည့်အဝ ရရှိနိုင်လိမ့်မယ်လို့လည်း ဦးအောင်ဝင်းက  ဆိုပါတယ်။

“တဘက်က ယိုပေါက်တွေ ပိတ်နိုင်ပြီးတော့ အခွန်တွေ ပိုရလာမယ်ဆိုရင် အခုလတ်တလောက ဖြစ်နေတာက ခဏပါ။ အမှန်ကတော့ တရားဥပဒေကို မစိုးမိုးနိုင်ဘူး ဖြစ်နေတာ။ ဥပမာဆိုပါစို့။ ဒီမှာ ၀စ်သောက် (without) ကား စီးနေတယ်။ အဲဒီ လက်နက်ကိုင်အဖွဲ့အစည်းတွေက စီးနေတော့ သွားဖမ်းတဲ့ရဲနဲ့က အရေးယူဖို့က သိပ်ခက်တာပေါ့နော်။ နောက် သူတို့ကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ ကုန်သွယ်မှုတွေလည်း ဒီတိုင်းပဲ။ ပြင်းပြင်းထန်ထန် လုပ်ဖို့ကျတော့၊ ဥပမာ ကျန်ာတို့ စသုံးလုံးတို့၊ ရဲတပ်ဖွဲ့တို့ ဒါတွေက သူတို့ ဒီနယ်စပ်တွေကို သေချာ ဥပဒေစိုးမိုးအောင် လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်က စီးပွားရေးထက် နိုင်ငံရေးခရီးဖြစ်ခဲ့ပြီး သြဂုတ် ၂၁ ရက်နေ့မှာ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

လက်ရှိ တရုတ်သမ္မတဘက်က ပြုပြင်ပြောင်းလဲရေး နည်းလမ်းတွေထဲက တရုတ်အစိုးရအနေနဲ့ မြန်မာအခြေခံပြည်သူတွေဆီကို တိုက်ရိုက်ရောက်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကူညီဖို့အတွက် ကတိပေးထားတယ်လို့ ဒီဗွီဘီက စုံစမ်းသိရှိရပါတယ်။

နယ်စပ်ရေးရာ အပါအဝင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘာသာရေးကိစ္စတွေကို အပြည့်အဝ ထောက်ပံ့ကူညီပေးမယ်ဆိုတဲ့ ကတိကဝတ်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပေးလိုက်တယ်လို့  သံရုံးအသိုင်းအဝိုင်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013