
မန္တလေးတိုင်းဒေသကြီးမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း သြဂုတ်လအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတဲ့ လူ ၂၀၀ ကျော် ရှိပါတယ်။
၂၀၁၅ ခုနှစ်က မန္တလေးမြို့မှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားခဲ့တာ ၅၉၀၀ ကျော် ရှိခဲ့ပြီး ၂၀၁၆ မှာ ၈၈၀ ကျော်ရှိကာ သြဂုတ်လထဲမှာပဲ သွေးလွန်တုပ်ကွေးဖြစ်သူ ၂၀၀ ကျော် ရှိခဲ့တာပါ။
“မနှစ်ကတုန်းက ဒီ သြဂုတ်လမှာ ၁၃၄၉ ယောက်လာတယ်။ ဒီနှစ် ဒီလထဲမှာ ၂၀၉ ယောက်ပဲ လာတယ်။ မနှစ်က တနှစ်လုံးမှာ ၅၉၀၀ ကျော် ၆၀၀၀ နီးပါးလာတယ်ပေါ့။ ဒီနှစ်က ၂၀၁၆ ဇန်န၀ါရီကနေ ဒီချိန်ထိ ၈၈၉ ယောက်ပဲရှိတယ်။ အဲတော့ ဒီနှစ်က သွေးလွန်တုပ်ကွေး နည်းတာပေါ့။ သွေးလွန်တုပ်ကွေးက အမြဲတမ်းလည်း အများဘူး။ များတဲ့နှစ်များတယ်” လို့ မန္တလေးတိုင်းဒေသကြီး ကုတင် ၅၅၀ ဆန့် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသက်ဆွေက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့သလို ရေမြောင်းတွေမှာ ရေစီးရေလာ မကောင်းခဲ့တဲ့အတွက် အမရပူရမြို့နယ် ပန်းချီကျေးရွာမှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့သူတွေလည်း ရှိပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပန်းချီကျေးရွာမှ ဒေါ်လွင်မာဦးက “ငယ်ငယ်တုန်းက သွေးလွန်တုပ်ကွေးဆိုတာ မရှိခဲ့ဘူး။ အခု ရေတွေလှောင်ပြီးတဲ့ နောက်မှာလေ ရေစီးရေလာ မကောင်းတော့ဘူး။ အဲဒီအခါကျတော့ ခြင်တွေပေါက်ဖွားပြီးတော့ ကလေးတွေ သွေးလွန်တုပ်ကွေးတွေဖြစ်ပြီး နှစ်တိုင်း ဆေးရုံမှာ ရောက်တဲ့သူတွေ ရှိပါတယ်။ ပြီးတော့ အမသားသမီးတွေ ကိုယ်တိုင်လည်းပဲ အဲဒီမှာ ငယ်ငယ်တုန်းက သွေးလွန်တုပ်ကွေးတွေ ဖြစ်ဖူးတယ်။ အမတို့ငယ်ငယ်တုန်းကဆို ဒီရေထိန်းတံခါးမရှိတဲ့အတွက် အဲဒါမျိုးတွေလည်း မကြားဖူးဘူး၊ ရေစီးရေလာလည်း ကောင်းတယ်ပေါ့နော်။ အခုကျတော့ ခြင်တွေကို လှောင်ထားသလို ဖြစ်နေတယ်။ ရေလှောင်ထားတာက ခြင်မွေးသလို ဖြစ်နေတာ။ အဲဒီအတွက် ကျန်းမာရေးတွေ ထိခိုက်ပါတယ်” လို့ ပြောပါတယ်။
မိုးရေကြီးတိုင်း အိမ်တွေထဲထိ ရေတွေဝင်ရောက်မှုတွေ ရှိနေတဲ့အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကို လွှတ်တော်ကိုယ်စားလှယ်က ရေမြောင်းတွေကို ထပ်မြှင့်ပေးဖို့ တိုက်တွန်းထားပေမယ့် အခုထိတော့ လုပ်ဆောင်မှု အားနည်းနေပါတယ်။
သတင်း - အောင်အောင်











