DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်အောင်ကြိုးစားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပြု
DVB
·
August 24, 2016
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်အောင်ကြိုးစားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပြု
1 / 5
Donate to DVB

ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အောင်မြင်အောင် ကြိုးစားသွားရမှာဖြစ်ပြီး တိုင်းရင်းသားညီအစ်ကို မောင်နှမတွေအားလုံးအတွက် အောင်မြင်အောင် ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားဖို့   နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့  ဖွဲ့စည်းထားတဲ့    ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)နဲ့ ဒီကနေ့ မနက်က နေပြည်တော် သင်္ဂဟဟိုတယ်မှာ အစည်းအဝေး ကျင်းပရာမှာ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်တာပါ။

“မိမိတို့ ဘာကြောင့် ထာဝရငြိမ်းချမ်းရေး မတည်ဆောက်နိုင်သလဲ။ ကိုယ့်ဘက်က ဘာကြောင့် ငြိမ်းချမ်းရေးရအောင် မလုပ်နိုင်သလဲ။ သူ့ဘက်ကလည်း ဘာကြောင့် ငြိမ်းချမ်းရေးရအောင် မလုပ်နိုင်သလဲ။” ဆိုသည့်အချက်ကို တစ်ဖက်နှင့်တစ်ဖက် မျှမျှတတစဉ်းစားပါက ယုံကြည်မှုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ အခွင့်အလမ်း တစ်ခုသည် လူတစ်ယောက်၏ဘ၀တွင် နှစ်ခါပြန်မလာတတ်ပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အောင်မြင်အောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာနောက်ကျ ကျန်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအခါ ဆောင်ရွက်ခွင့်ရသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မိမိတို့ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးအတွက် အောင်မြင်အောင် ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွား ရမယ်”လို့ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အဓိက လိုအပ်ချက်ဟာ ယုံကြည်မှုပင်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု ရှိပါက အခြားပြဿနာများကို ဖြေရှင်းနိုင်ကြောင်း၊ ယုံကြည်မှုမရှိပါက စာချုပ်များ မည်သို့ပင် ချုပ်ထား စေကာမူ အဟောသိကံ ဖြစ်သွားစေနိုင်ကြောင်း၊ ယုံကြည်မှု ရရှိရန်ဆိုလျှင် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရာတွင် ပွင့်လင်းရန်နှင့် တည့်မတ်မှုရှိရန် လိုအပ်ကြောင်း၊ ဒါပေမယ့် တစ်ဖက်သား နားလည်ရန်လိုအပ်ပြီး အကျိုးရှိ၊ မှန်ကန်၊ တစ်ဖက်သား ခံသာသည့် စကားကိုပြော ကြားရမယ်လို့လည်းဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ခေါင်းဆောင် ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး ကတော့  နိုင်ငံတော်အစိုးရနဲ့  တိုင်းရင်းသားလက်နက်ကိုင်တွေ လက်မှတ်ထိုးနိုင်ဖို့ ဆောင်ရွက်နေတာဟာ  ငြိမ်းချမ်းရေး၏ အနှစ်သာရဖြစ်တဲ့  တစ်ဦးကိုတစ်ဦး လေးစားအသိအမှတ်ပြုမှုကို ပြည်သူလူထုအကြားနဲ့  နိုင်ငံတကာအထိ ပျံ့နှံ့အောင် ဆောင်ရွက်ရာရောက်တယ်လို့ ပြောပါတယ်။

ဒီမနက်အစည်းအဝေးမှာ  တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)ကို ဆက်လက် အကောင်အထည်ဖော်ဖို့ ကိစ္စတွေ   ဆွေးနွေးပြောဆိုခဲ့တယ်လို့  ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ ဒေါက်တာ ဒေါက်တာလျန်မှုန်းဆာခေါင်းက  မီဒီယာတွေကို ရှင်းပြပါတယ်။

“တင်ပြချက်ထဲမှာ အဓိက အရေးကြီးဆုံးက အန်စီအေစာချုပ်အရ အန်စီအေ စာချုပ်မှာ (JICM လို့ခေါ်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ညှိနှိုင်းအစည်းအဝေးကို ခေါ်ပြီးတော့ အဲဒီအစည်းအဝေးကနေပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မီတီနဲ့ JMC လို့ခေါ်တဲ့ ပူးတွဲစောင့်ကြည့်ကော်မတီ  ဖွဲ့စည်းဖို့ ကျနော်တို့ သဘောတူထားခဲ့တယ်။ သို့သော် အန်စီအေစာချုပ်မှာ ပါနေတဲ့ အခြားကိစ္စကိုအကောင်အထည်ဖော်တဲ့ ကော်မီတီတွေ လည်း ဖွဲ့စည်းဖို့ ခွင့်ပြုထားတယ်။ ထို့အတွက်ဒါတွေကို နောက်ထပ်ခေါ်ဆိုနိုင်ဖို့ ကျနော်တို့ တင်ပြထားတာရှိပါတယ်။ အဲဒီအတွက် ကျနော်တို့ လိုအပ်တဲ့ကော်မီတီတွေ ထပ်ဖွဲ့စည်းပေးဖို့ ကျနော်တို့တင်ပြထားပါတယ်။”

ဒါ့အပြင်  ဒုက္ခသည်တွေနဲ့ အိုင်ဒီပီတွေ ပြန်လည်နေရာချထားရေးကိစ္စ၊ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ရုံးကိစ္စ၊ ရန်ပုံငွေရရှိရေးကိစ္စ ၊ အထူးသဖြင့် ဆက်ဆံရေးရုံးတွေ၊ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့အတွက် တင်ပြတယ်လို့လည်း ဒေါက်တာလျန်မှုန်းဆာခေါင်းကပြောပါတယ်။

ဒီအစည်းအဝေးမှာ  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၊   (၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနဲ့  ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ CNF ဒုဥက္ကဋ္ဌ ဒေါက်တာလျန်မှုန်းဆာခေါင်း စသူတွေတက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဓာတ်ပုံ - ကျော်ဇေယျာဝင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013