DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် မိုးကြိုးပစ်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး
DVB
·
August 24, 2016
အင်းတော်မြို့နယ်တွင် မိုးကြိုးပစ်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာကျေးရွာအနီးမှာ သြဂုတ် ၂၃ ရက်နေ့က မိုးကြိုးပစ်လို့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေ ဒေသခံရွာသားက ပြောပါတယ်။

သြဂုတ် ၂၃ ရက် မနက် ၁၀ နာရီလောက်က မဲဇာမှဈေးဝယ်ပြီး မကျည်းပင်ရွာကို ပြန်လာတဲ့ ဒေါ်လှအိုးနဲ့ ဒေါ်မနီတို့ ၂ ဦး မဲဇာကျေးရွာ မဲဇာချောင်း အနောက်လယ်ကွင်းထဲမှာ မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့တယ်လို့ အခင်းဖြစ်စဉ်က လယ်ကွင်းထဲမှာ လယ်ထွန်းနေသူ ရွာသားတဦးက ပြောပါတယ်။

“ကျနော်က မနက်က မိုးတအားသည်းနေတဲ့အချိန် လယ်လုပ်နေတာ။ ကျနော် လယ်ထွန်းနေတုန်း မိုးကြိုးက ပစ်တယ်။ ပစ်ရင်းနဲ့ ထွန်နေတာ။ အဲအချိန်မှာ အခုသေဆုံးတဲ့ သားအမိ မြေးအဘွားတတွေ လာတော့ ပထမတခေါက် ပစ်တာ ဘာမှမဖြစ်သေးဘူး။ နောက်တခေါက်ပစ်တဲ့အချိန် လယ်ထွန်တဲ့နေရာက လှည့်ကြည့်တော့ သူတို့က လဲနေပြီ။”

ဒီနောက် အခင်းဖြစ်နေရာကို သွားရောက်ကြည့်ရှုပြီးနောက် ရွာထဲက တာဝန်ရှိသူတွေကို သွားရောက်အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်လည်း အပြေးအလွှား သွားပြီးကြည့်တယ်။ ကယ်ဆယ်လို့ရရင် ကယ်ဆယ်ရအောင်လို့။ ကြည့်တော့ နှာခေါင်းကလည်း သွေးတတောက်တောက်ထွက်၊ နားတွေက သွေးထွက်၊ အ၀တ်အစားတွေကလည်း စုတ်ပြတ်သတ်ဆိုတော့ ကျနော်လည်း ဖုန်းက မဆက်ရဲဘူး။ မဆက်ရဲတော့ ရွာကိုပဲ ပြေးရတာပေါ့၊ ရပ်ကွက်နဲ့ လုပ်မှာဖြစ်မှာကို။ ရွာက ရွာသူကြီးတွေနဲ့ သက်ဆိုင်ရာကို အကြောင်းကြားပေါ့၊ အဲလိုပဲ လုပ်ခဲ့ရတယ်။”

အင်းတော်မြို့မ ရဲစခန်းတာဝန်ရှိတွေက သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ မကျည်းပင်ရွာသူ သေဆုံးသူ ဒေါ်လှအိုး (၆၅) ဟာ မိုးကြိုးထိမှန်ခံရတာကြောင့်  ဘက်မျက်ခုံးကွင်း ညိုမည်းနေပြီး ဝဲဘက်လက်တစ်တောင်ကွေး မီးလောင်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့ကြောင်း၊ ဒေါ်မနီ (၄၅) ကတော့ ၀ဲဘက်နား သွေး ထွက်ဒဏ်ရာ၊ ရင်ဘတ်နဲ့ ဗိုက်တို့တို့မှာ မီးလောင်ညိုမဲ ဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

သူတို့နှစ်ဦးရဲ့အလောင်းတွေကို ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးဖို့ အင်းတော်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

သူတို့ နှစ်ဦးနဲ့အတူ ကလေးနှစ်ဦးလည်း ပါလာပေမယ့် တစုံတရာ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ ပြောပါတယ်။

အမျိုးသမီးနှစ်ဦး သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ အင်းတော်မြို့မရဲစခန်းက သေမှုသခင်းအမှတ်စဉ်၁၁/၂၀၁၆ နဲ့ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်းဓတ်ာပုံ - ကိုကိုလင်း(အင်းတော်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013