
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံမှာ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဆန္ဒသဘောထားတွေ တင်ပြနိုင်ဖို့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအသီးသီးက ချင်းလူမှုအခြေပြုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ရန်ကုန်မြို့ နယူးဧရာဟိုတယ်မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။
သြဂုတ် ၂၂ ရက်ကနေ ၂၄ ရက်နေ့ထိ ၃ ရက်တာကျင်းပနေတဲ့ ဒီဆွေးနွေးပွဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့သယံဇာတ၊ လုံခြုံရေး စတဲ့ကိစ္စရပ်မှာ အရပ်သားအဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်၊ လိုလားချက်တွေ ဆွေးနွေးပြီး ၂၁ ရာစုပင်လုံ ညီလာခံတက်ရောက်မယ့် ကိုယ်စားလှယ်တွေကို တင်ပြဆွေးနွေးသွားမယ်လို့ ဆွေးနွေးပွဲကျင်းပရေးကော်မတီ Salai Davit Van Bawi Mang က ဒီဗွီဘီကို ပြောပါတယ်။
“နိုင်ငံရေး၊ စီးပွားရေး စတဲ့ ခုနက ကျနော်ပြောတဲ့ ခေါင်းစဉ်ကြီး ၅ ခုအောက်မှာ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ရှုထောင့်အနေနဲ့ ကျနော်တို့ ဆွေးနွေးတာပါ။ အဲဒီခေါင်းစဉ်မှာ အဓိကက ဘာတွေဖြစ်စေချင်သလဲ၊ ဘာတွေဖြစ်သင့်သလဲ ဆိုတာမျိုးကို ဆွေးနွေးထားတယ်၊ အဲဒီက ထွက်လာတဲ့ ရလဒ်တွေကို တလောကပဲ ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ်ပေါ့၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနဲ့အတူ ပြိုင်ပြီးတော့ လုပ်ဖို့ပြောတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံပွဲ ဖိုရမ်ကိုလည်း ကျနော်တို့ တင်ပြသွားမယ်။ သြဂုတ်လ ၃၁ ရက်နေ့မှာသွားမယ့် ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အသံကို သွားပြီးတော့ ကိုတာရတဲ့ လူပဲပြောပြော၊ ဖိတ်ကြားခြင်းခံရတဲ့ ချင်းကိုယ်စားလှယ်ကို ကျေနော်တို့ သွားရောက်တင်ပြဆွေးနွေးမှာဖြစ်တယ်။”
ဒါ့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ချင်းအရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုပူးပေါင်းလုပ်ဆောင်သွားကြမလဲ၊ ချင်းအရပ်ဘက်အဖွဲ့အစည်း ပိုပြီးတော့ အားကောင်းလာအောင် ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲ ဆိုတာတွေလည်း ဆွေးနွေးနေတယ်လို့ သူကဆက်ပြောပါတယ်။
ဆက်လက်ပြီး အနာဂတ်မှာ ချင်းနိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ ချင်းဒိုင်ယာလော့ဂ်လို ဆွေးနွေးပွဲလုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲရလဒ်တွေကို ဒီနေ့ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။
၂၁ ပင်လုံညီလာခံအကြို ချင်းအရပ်ဘက်လူ့အဖွဲ့အစည်း တွေ့ဆုံဆွေးနွေးပွဲမှာ ချင်းပြည်နယ် ကိုးမြို့နယ်က ကိုယ်စားလှယ်တွေရော၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မန္တလေးတိုင်း၊ ပဲခူးတိုင်းက ချင်းကိုယ်စားလှယ်တွေ၊ ရန်ကုန်အခြေစိုက် ချင်းလူမှုအဖွဲ့အစည်းနဲ့ ချင်းကျောင်းသားကိုယ်စားလှယ်တွေပါ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ဆွေးနွေးနေ ကြပါတယ်။











