DVB Logo
Home
မြန်မာသတင်း
ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒ ဆက်ကျင့်သုံးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
August 24, 2016
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ ဘက်မလိုက် နိုင်ငံခြားရေးဝါဒကို ဆက်လက်ကျင့်သုံးမှာဖြစ်သလို ကမ္ဘာတဝှမ်း တည်ငြိမ်အေးချမ်းရေးအတွက်လည်း မျှော်လင့်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ တရုတ်နိုင်ငံ ၅ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အတွင်း သြဂုတ် ၁၉ ရက်နေ့က ဘေဂျင်းမြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးမှာဖြစ်သလို တည်ငြိမ်ပြီး အေးချမ်းတဲ့ ကမ္ဘာကြီး ဖြစ်ရေးအတွက် ပါဝင်ဖြည့်ဆည်းပေးဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

“တကမ္ဘာလုံးက ပိုပြီးကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်ဖို့အတွက် အားလုံးက ဒါပဲ မျှော်လင့်နေကြတယ်လို့ ကျမ မြင်ပါတယ်။ တရုတ်နဲ့ ကျမတို့နိုင်ငံအကြား၊ တရုတ်နဲ့ တခြားနိုင်ငံတွေအကြား၊ နောက် မြန်မာနိုင်ငံနဲ့ တခြားနိုင်ငံတွေအကြား ဆက်ဆံရေးကောင်းမွန်ဖို့အတွက်က ကျမတို့ရဲ့ မျှော်လင့်ချက်ပါ။ ကမ္ဘာတ၀ှမ်းက တည်ငြိမ်အေးချမ်းရေးအတွက် ကျမတို့ အကူအညီ ပေးနိုင်ဖို့က ကျမတို့ရဲ့ တကယ့်မျှော်မှန်းချက် ဖြစ်ပါတယ်။”

သူ့ရဲ့ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင်းဖျင်၊ တရုတ်ဝန်ကြီးချုပ် လီခီချန်းတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးရေးမှာ အမြဲတမ်း မအောင်မြင်ခဲ့ပေမယ့် အစဉ်အလာအတိုင်း ဆက်လက်ကျင့်သုံးသွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒဟာ လွန်ခဲ့တဲ့ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကတည်းက ကျမတို့ ကျင့်သုံးလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ ကျမတို့အတွက် အသစ်အဆန်းတခုတော့ မဟုတ်ပါဘူး။ အတက်အကျတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကျမတို့နိုင်ငံက တက်လာတဲ့ အစိုးရတိုင်းလည်း ဘက်မလိုက်တဲ့မူဝါဒကို လိုက်နာဖို့ အမြဲတမ်း ကြိုးစားနေကြပါတယ်။ တခါတလေ သူများတွေလို မအောင်မြင်တာတွေလည်း ရှိခဲ့ပါတယ်။ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျမတို့အနေနဲ့ အစဉ်အလာအတိုင်း အောင်အောင်မြင်မြင် ကျင့်သုံးသွားနိုင်ဖို့ကိုလည်း မျှော်လင့်ပါတယ်။”

ဒါ့အပြင် ယုံကြည်မှုတည်ဆောက်ရေး ကိစ္စမှာ တရုတ်နိုင်ငံတင် မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံတွေ အားလုံးနဲ့လည်း ရိုးရိုးသားသား ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဒီပုံသေနည်းက ရိုးရိုးလေးပဲလို့ ထင်ရပေမယ့် တကယ့်လက်တွေ့ အကောင်အထည်ဖော်တဲ့ နေရာမှာ ခက်ခဲတဲ့အကြောင်းလည်း ဆိုပါတယ်။

သူ့ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကို ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဆောင်ရွက်ဖို့ကိစ္စ သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံ ခရီးစဉ်ကနေ သြဂုတ် ၂၁ ရက် မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013