
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်မယ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို အဖွဲ့ဝင် ၉ ဦးနဲ့ မြန်မာအစိုးရက ဖွဲ့စည်းလိုက်ပါတယ်။
မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်ရဲ့ သိမ်မွေ့နက်နဲတဲ့ အရေးကိစ္စတွေကို ဖြေရှင်းနိုင်မယ့် ရေရှည်နည်းလမ်းတွေကို ရှာဖွေသွားမှာဖြစ်လို့ အဆိုပါ ရေရှည်နည်းလမ်းတွေကို ရရရှိရေးအတွက် အကြံပေးဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းတာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနနဲ့ ကိုဖီအာနန် ဖောင်ဒေးရှင်းတို့အကြား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးဖို့ရှိတယ်လို့ ဆိုပါတယ်။
ကော်မရှင်မှာ လူအများလေးစားတဲ့ အတွေ့အကြုံ ရင့်ကျက်လူသိများတဲ့ မြန်မာနိုင်ငံသား ၆ ဦး၊ နိုင်ငံတာက ပုဂ္ဂိုလ် ၃ ဦး၊ စုပေါင်း အဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့စည်းလိုက်တာပါ။
ဒီကော်မရှင်မှာ ကိုဖီအာနန်အပါအ၀င် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးဝင်းမြနဲ့ ဦးခင်မောင်လေး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဒေါက်တာသာလှရွှေ၊ ငြိမ်းချမ်းမေတ္တာအဖွဲ့က ဦးအေးလွင်၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာမြသီတာ၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းက ဒေါ်စောခင်တင့်၊ လက်ဘနွန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂါဆမ်ဆလမ်၊ UNAIDS အဖွဲ့အထူးအကြံပေး မစ္စလက်တီတီရာ ဗန်ဒန်အာဆမ်တို့ပါဝင်ပါတယ်။
ကော်မရှင်အနေနဲ့ ရခိုင်ဒေသရှိ ပြည်သူတွေရဲ့ လုံခြုံရေးနှင့် အခြေခံအခွင့်အရေးတွေကို အာမခံချက်ပေးနိုင်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခြေခံလူမှု ၀န်ဆောင်မှုတွေ ရရှိရေးကိစ္စတွေ စဉ်းစားဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကြိုတင်ကာကွယ်ရေး၊ လူသားချင်းစာနာမှု အကူအအညီတွေ ပံ့ပိုးရေး၊ အခွင့်အရေးတွေနဲ့ ပြန်လည်ရင်ကြားစေ့သင့်မြတ်ရေး စတာတွေကို လေ့လာသုံးသပ်အကြံပြုရမှာ ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနရဲ့ သြဂုတ် ၂၄ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။











