
၂၁ ရာစု ပင်လုံညီလာခံကို ယူအန်အက်ဖ်စီအဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တက်ရောက်ဖို့ သေချာသွားပြီလို့ ညီလာခံတက်ရောက်မယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေက ပြောလိုက်ပါတယ်။
တနိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် (အန်စီအေ) မှာ လက်မှတ်ရေးထိုးဖို့ ကျန်နေတဲ့ ယူအန်အက်ဖ်စီအဖွဲ့ဝင် ၇ ဖွဲ့ဟာ ၂၁ ပင်လုံညီလာခံကို တက်ရောက်မယ်လို့ သြဂုတ် ၂၂ ရက်နေ့က ရန်ကုန်မြို့ အန်အာပီစီရုံးမှာ ပြုလုပ်တဲ့ ညီလာခံ အကြိုညှိနှိုင်း အစည်းအဝေး တက်ရောက်ခဲ့သူတွေက ပြောပါတယ်။
ညီလာခံတက်ဖို့ မသေချာသေးတဲ့ တပ်ဖွဲ့ ၃ ခုကတော့ ရခိုင့်တပ်မတော် (အေအေ)၊ တအာင်းပလောင်အဖွဲ့ (တီအန်အယ်လ်အေ) နဲ့ ကိုးကန့်အဖွဲ့ (အမ်အန်ဒီအေအေ) တို့ ဖြစ်ပါတယ်။
အဲဒီအဖွဲ့တွေ ညီလာခံမှာ ပါဝင်ဖို့အတွက်ကတော့ ညှိနှိုင်းဆဲ အခြေအနေမှာပဲ ရှိပါသေးတယ်လို့ ချင်းအမျိုးသားတပ်ဦး ဒု-ဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်းက ပြောပါတယ်။
၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ် ၃၁ ရက်နေ့မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး ၆ လတကြိမ် ညီလာခံကို ပုံမှန်ကျင်းပသွားမှာ ဖြစ်ပါတယ်။











