DVB Logo
Home
မြန်မာသတင်း
ကူးတို့ လှေများတွင် အသက်ကယ်အင်္ကျီအသုံးမပြုပါက လိုင်စင်ပိတ်သိမ်းအရေးယူမည်ဟု ၀န်ကြီးပြော
DVB
·
August 22, 2016
ကူးတို့ လှေများတွင် အသက်ကယ်အင်္ကျီအသုံးမပြုပါက လိုင်စင်ပိတ်သိမ်းအရေးယူမည်ဟု ၀န်ကြီးပြော
Donate to DVB

ရခိုင်ပြည်နယ်အတွင်း လိုင်စင်ရ ကူးတို့လှေများမှာ ချပေးထားတဲ့ အသက်ကယ်အင်္ကျီတွေကို အသုံးမပြုပါက ကူးတို့လိုင်စင်ပိတ်သိမ်းပြီး ထိထိရောက်ရောက်အရေးသွားမယ်လို့ စည်ပင်သာယာရေးဝန်ကြီးက သတိပေး ပြောကြားလိုက်ပါတယ်။

လိုင်စင်ရ ကူးတို့စက်လှေ ၃၃၀ အတွက်အသက်ကယ်အင်္ကျီ ၂၃၀၀ ကို ထုတ်ပေးထားပြီး လက်တလော လိုင်စင်မရှိဘဲ မောင်းနေတဲ့စက်လှေတွေလည်း ရှိနေတယ်လို့ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် က ဆိုပါတယ်။

“ပိတ်သိမ်းသွားမယ့်အထိ ကျနော်တို့ အရေးယူသွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်လုံးမှာ ကူးတို့ လိုင်စင် ၃၃၀ အတွက် အသက်ကယ်အင်္ကျီ ၂၃၀၀ ကို ထုတ်ပေးထားပါတယ်။ အဲ့ဒီတွေကို ကူးတို့တွေ အသုံးမပြုလုပ်ဆောင်နေတာ တွေ့ရင်တော့ ကျနော်တို့ ထိထိရောက်ရောက် အရေးသွားမယ်။ နောက်ပြီး လိုင်စင်မဲ့မောင်နေတာတွေကို ကျနော်တို့ အရေးယူသွားမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ် အနှံ့အပြားမှာ မြစ်ချောင်းတွေကူးပြီး ကျောင်းတက်နေရကြတဲ့ ကျောင်းသူ/သား တွေအနေနဲ့ အသက်ကယ်အင်္ကျီမရှိတဲ့တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်လာနေတာပါ။

ဒါ့အပြင် တောင်ကုတ်မြို့နယ်ဖက်တွေမှာလည်း လမ်းပန်းဆက်သွယ်ရေးနဲ့ တံတားအချို့ သွားလာလို့မရအောင် ပျက်စီးနေတာကြောင့် မြစ်ချောင်းတွေကိုဖြတ်ပြီး ကူးတိုးနဲ့ကျောင်းတက် ရတဲ့အခါမှာ အသက်အန္တရာယ်စိုးရိမ်နေရ အထိဖြစ်လာနေတယ်လို့ တောင်ကုတ်မြို့နယ် နတ်မော်ကျေးရွာမှ ကျောင်းအုပ်ဦးစန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။

“ရွာခံ ဆရာမက ကျနော်တို့မှာ သုံးယောက်လောက်ပဲရှိပါတယ်။ များသောအားဖြင့် မြို့ပေါ်လာပြီး ကျောင်းပြကြတယ်ပေါ့။ မိုးရွာလို့ မိုးများလို့ရှိရင် ချောင်းရေက ကျလာတယ်။ အဲ့ဒီအခါမှာ လမ်းပန်းဆက်သွယ်ရေးဟာ သုံးဖာလုံးဝန်းကျင်းလောက်ကလည်း လမ်းတွေက မကောင်းဘူး။ ပြီးတော့ တံတားမရှိတဲ့အတွက် လှေနဲ့ကူးတို့ကူးရတဲ့အခါ ရေတအားကျတဲ့အခါ အသက် အန္တရာယ် အရမ်းစိုးရိမ်ရတဲ့ အခြေအနေမှာရှိပါတယ်။ ဒီရွာက မြို့ပေါ်ကျောင်းတက်တဲ့ ၉ တန်း၊ ၁၀ တန်းကလေးတွေကတော့ အခက်အခဲ့ရှိတာပေါ့။ သူတို့အတွက်တော့ ၀တ်စုံတွေ ထုတ်ပေးထားတာ မရှိဘူး။”

လက်တလောအခြေအနေမှာ တောင်ကုတ်မြို့နယ်ဖက်က မြစ်ချောင်းတွေဖြတ်ကူးပြီး ကူးတို့ စက်လှေနဲ့ ကျောင်းသွားနေရတဲ့ ကျောင်းသူ/သားတွေကို အသက်ကယ်အင်္ကျီ ပေးတာမျိုး မရှိဘူးလို့ တောင်ကုတ်မြို့နယ်ပညာရေးမှူး ဦးတင်အောင်က ဒီဗွီဘီကိုပြောပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ နေရာချထားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က “အသက်ကယ် အင်္ကျီတွေကတော့ ကျနော်တို့ဆီက တိုက်ရိုက်ဘယ်မြို့နယ်က ဘယ်လောက်များလိုအပ်တာရှိလို့ ထောက်ပံ့မယ်ဆိုတာကတော့ လောလောဆယ် အနေထားမျိုး မရှိသေးပါဘူး။ ဒါက ရှာဖွေကယ်ဆယ်ရေး ကော်မတီတွေရဲ့ ဆောင်ရွက်ရမယ့်အပိုင်းတွေ ဖြစ်ပါတယ်။ သူတို့ကို ဒါတွေဘယ်နေရာမှာ လိုအပ်ချက်ရှိနေတယ်ဆိုပြီး တင်ပြမှ ကျနော်တို့က စီမံပြီးဆောင်ရွက်ပေးတဲ့ အနေအထားမျိုးရှိပါတယ်။”

၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီးပြင်တောင်ဖျား ချောင်းမှာ ကျောင်းသား၊ ကျောင်းသူ ၃၇ ဦး သယ်ဆောင်လာတဲ့ စက်လှေတစီးနစ်မြုပ်ခဲ့လို့ ၇ ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် သြဂုတ်လ ၁၉ ရက်နေ့ကလည်း  ရသေ့တောင်မြို့နယ်၊ ကုန်တန်းကျေးရွာကနေ ရန်အောင်ပြင်ကို ကျောင်းတက်လာတဲ့ စက်လှေနစ်မြုပ်လို့ ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013