DVB Logo
Home
Lead Story
တရုတ် - မြန်မာ ဆက်ဆံရေး တစေ့တစောင်း
DVB
·
August 22, 2016
တရုတ် - မြန်မာ ဆက်ဆံရေး တစေ့တစောင်း
Donate to DVB

မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပြီးကတည်းက တရုတ်နိုင်ငံဟာ အစိုးရသစ်လက်ထက် မြန်မာ့ပြည်တွင်း နိုင်ငံရေးနဲ့ နိုင်ငံခြားရေး မူဝါဒအောက်မှာ စာမျက်နှာသစ် ဖွင့်လှစ်ဖို့ မျှော်လင့်ထားခဲ့တယ်လို့ ပြောရင် မမှားနိုင်ပါဘူး။ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ နာမည်အရ အာဏာရအစိုးရ ဖြစ်လာခဲ့ပေမယ့် လက်တွေ့အရ စစ်တပိုင်းအစိုးရ တရပ်သာ ဖြစ်နေသေးတဲ့အတွက် အရင်စစ်အစိုးရ အဆက်ဆက်ကို ကျောထောက်နောက်ခံ လုပ်ပေးခဲ့ပြီး စီးပွားရေးအရ လွှမ်းမိုးခြယ်လှယ်ထားခဲ့၊ လူထုဒီမိုကရေစီရေး လှုပ်ရှားမှုတွေနဲ့ ဒီမိုကရေစီရေး ရုန်းကန်တိုက်ပွဲဝင်ခဲ့တဲ့သူတွေကို လျစ်လျူရှုထားခဲ့တဲ့ တရုတ်နိုင်ငံ အစိုးရကို ဘယ်လိုဆက်ဆံသင့်တယ်၊ ဆက်ဆံမယ်ဆိုတဲ့ မူဝါဒ လမ်းကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း ချမှတ်ထားရှိပြီးသင့်ပါပြီ။ ဒါပေမယ့် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံပေါ် စစ်အစိုးရအဆက်ဆက် ထားရှိခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒကို တခါပြန်ပြီး ပြုပြင်ထိန်းညှိလာမလား၊ ဘယ်လိုပုံစံမျိုး ဖြစ်လာနိုင်ခြေရှိသလဲ ဆိုတာကိုတော့ အနည်းဆုံး တွက်ချက်သုံးသပ် ဖြစ်သင့်ပါတယ်။ ခုထိကတော့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကကို အရင်လိုပဲ အဆင်ပြေ ချောမွေ့စေချင်တယ်။ မိတ်ဝတ်မပျက် ဆက်ဆံသွားမယ်ဆိုတဲ့ ယေဘုယျ သဘောလောက်ပဲ ပြောဆိုနေတာ တွေ့ရပြီး တိကျတဲ့ မူဝါဒရယ်လို့ ပီပီပြင်ပြင် မတွေ့ရ မကြားရသေးပါဘူး။

ခု တရုတ်နိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းထဲမှာတော့ တရုတ်နိုင်ငံကို ဘယ်လိုဆက်ဆံသွားမယ်ဆိုတဲ့ အတွေးစိတ်ကူး ရှိချင်ရှိနေနိုင်ပေမယ့် အမျိုးသားဒီမိုကရေစီချုပ်ရဲ့ ပါတီရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒလား။ ဒါမှမဟုတ် ပါတီရဲ့ မူဒါဒနဲ့ အစိုးရရဲ့ မူဝါဒဟာ မတူဘူးလား ဆိုတာကိုတော့ ပီပီပြင်ပြင် မသိနိုင်သေးပါဘူး။ တရုတ်နိုင်ငံရဲ့ သဘောသဘာဝကိုတော့ ၁၉၉၀ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးတဲ့ အချိန်မှာ ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးဂုဏ်ပြု လာရောက်တွေ့ဆုံခဲ့တဲ့ သံအမတ်ကြီးကတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဖြစ်ပါတယ်။

ခု ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရ။ အစိုးရဖွဲ့နိုင်တဲ့အချိန်မှာ တရားဥပဒေအရ အခွင့်အာဏာ ရှိလာမယ်လို့ ယူဆရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကော်ဇောနီခင်းလိုက်တဲ့ ကိစ္စကလည်း ထိုနည်းလည်းကောင်းကိစ္စ ဖြစ်မယ်ဆိုတာ မပြောပေမယ့် ကံရာရှိနေခဲ့ပါပြီ။

ဒီကနေ့ တရုတ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြေလည်မှု အပြည့်အ၀ရရှိဖို့ နှစ်ပြည့်တပြည် ရွှေလမ်းငွေလမ်း ဖောက်ချင်နေတာကတော့ မြေကြီးလက်ခတ်မလွဲ ဖြစ်တယ်ဆိုတာ မြန်မာ့အရေး သိမီသူတွေအားလုံး သဘောပေါက် နားလည်ထားကြပြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

နောက် အရေးကြီးတဲ့အချက်က သိန်းစိန်အစိုးရက တမင် ရည်ရွယ်ချက်ရှိရှိ  ချန်ထားခဲ့တဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းပေးရမယ့် ကိစ္စပါ။ အဲဒီပြဿနာတွေကို ဘယ်ကစပြီး ဘယ်လိုဖြေရှင်းရမယ် ဆိုတာကိုလည်း အမျိုးသားဒီမိုကရေစီ စစ်တပိုင်းအစိုးရမှာ မူဝါဒ ပီပီပြင်ပြင် ရှိသေးပုံ မရပါဘူး။

ဒါပေမယ့် တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှု ရှိနေရတာကို ကျေနပ် သဘောတွေ့နေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဆိုကြပါတယ်။ သေချာတာတခုကတော့ မြန်မာနိုင်ငံမှာ အစိုးရပြောင်းလဲတာဟာ နိုင်ငံရဲ့ စီးပွားရေးမဟာဗျူဟာ လိုလားမှုတွေကို အပြောင်းအလဲ မဖြစ်စေနိုင်ဘူး ဆိုတာကလည်း သေချာပါတယ်။ တရုတ်နိုင်ငံဟာ ၁၉၈၈ နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးပိုင်း ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အများကြီး ကူညီထောက်ပံ့ခဲ့လို့ အများကြီး ပြေလည်ကောင်းမွန် မျက်နှာသာပေးခံခဲ့ရတာတွေကိုလည်း မြင်သာထင်ရှား တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အစိုးရအဆက်ဆက်ရဲ့ အုပ်စိုးမှုအောက်မှာ မညီမျှတဲ့ ဆက်ဆံရေး နှစ်ပေါင်း ၂၀ ကျော် ဆက်ဆံရေးနဲ့ ပြီးခဲ့တဲ့ အရေခွံလဲ သမ္မတ သိန်းစိန်လက်ထက် ၅ နှစ်တာ  ပြုပြင်ပြောင်းလဲရေးတွေကိုလည်း ဖြတ်သန်းခဲ့ပြီဖြစ်လို့ ခုချိန်မှာ တရုတ်နိုင်ငံဘက်က စစ်မှန်တဲ့ ပုံမှန်ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အလမ်းတခုကို ရရှိလာတဲ့ အချိန်လို့ ပြောရမှာပါ။ ဒါပေမယ့် ဒီအခြေအနေဟာ နှစ်နိုင်ငံစလုံးအဖို့ တကယ့်ထူးချွန်ထက်မြက်တဲ့ နိုင်ငံရေးအသိပညာ၊ သတ္တိနဲ့ ခေါင်းဆောင်မှုတွေ ရှိဖို့လိုအပ်လိမ့်မယ်လို့ နိုင်ငံတကာ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ နှစ်နိုင်ငံစလုံးကတော့ သူတို့လိုချင်တာတွေ အားလုံးကိုတော့ ရမှာမဟုတ်ပေမယ့် တွေ့ဆုံဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကနေတော့ နှစ်ဘက်စလုံး အကျိုးစီးပွား ရှိကြမှာပါပဲ။ တရုတ်နိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာ ပြည်သူလူထုရဲ့ အလိုဆန္ဒတွေကို ပိုပြီး လိုက်လျောလာရမှာတွေနဲ့ နိုင်ငံရေး အရှိတရားအသစ်ကို လက်ခံပေးရမှာဖြစ်တယ် ဆိုတာကို နားလည်ထားသင့်တယ်လို့ ပြောရမှာပါ။ သူတို့ နားလည်ထားပြီလို့လည်း ယူဆရပါတယ်။

နောက်တခု ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ (ဒီရာထူးကတောင် အတော်မှေးမှိန်နေပြီ) နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ တရုတ်နိုင်ငံဘက်က လိုလားနေတာတွေက ဒေါ်လာဘီလျံနဲ့ချီပြီး ရင်းနှီးခဲ့ရတဲ့ ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ပြန်ပြီး အသက်သွင်း လုပ်ကိုင်နိုင်ရေးနဲ့ မဟာဗျူဟာဖြစ်တဲ့ တရုတ်နိုင်ငံကနေ ဘင်္ဂလားပင်လယ်အော်အထိ မီးရထားလမ်း ဖောက်နိုင်ရေးကိစ္စတွေကို အဓိကထား ဆွေနွေးဖို့ဖြစ်သလို ခုဆို အရေးမပါလှတဲ့ ၂ နိုင်ငံစီးပွားရေးကဏ္ဍနဲ့ နည်းပညာကဏ္ဍတွေမှာ သာမန် သဘောတူညီချက်ကလေးတွေကို သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ကလည်း တရုတ်နိုင်ငံက အကျပ်ကိုင်လာမှာတွေနဲ့ အနိုင်ကျင့်လာနိုင်တာတွေအတွက် အမျိုးသားဒီမိုကရေစီ အစိုးရအဖွဲ့က သူ့ရဲ့မူဒါဒကို ပြည်သူလူထု တရပ်လုံးက ထောက်ခံအားပေးလာအောင် ပြည်သူလူထုရဲ့ အများဆုံးရအောင် တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် စတင်မ်းဆန် စက်တာက အရှေ့အာရှရေးရာ အကြီးတန်း တွဲဘက်ဆောင်ရွက်ရေးမှူး ယွန်ဆွန်ကတော့ တရုတ်အစိုးရဟာ မြန်မာနိုင်ငံ ပြည်သူအများစုရဲ့ အမြင်က တရုတ်နိုင်ငံအပေါ် မလိုလားမှုတွေ ရှိနေတာကို နားလည်ထားပြီး အဲဒီလို မလိုလားတဲ့ တွေးမြင်မှုတွေကို ဖြေလျှော့ပေးနိုင်သူကတော့ ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်တယ်လို့လည်း သဘောပေါက် နားလည်ထားပြီးဖြစ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်အတွင်းမှာ သူတို့လိုလား ဖြစ်ချင်တဲ့အရာတွေကို လိုက်လျောခွင့်ပြုပေးဖို့ နည်းပရိယာယ် ကြွယ်ကြွယ်၀၀နဲ့ စည်းရုံးသိမ်းသွင်းမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ဒေါ်အောင်ဆန်စုကြည်နဲ့ တထိုင်တည်း သဘောတူညီမှုရ ဆက်လက်အကောင်အထည်ဖော်ဖို့ ကတိက၀တ် ပြုနိုင်ကြမှာဖြစ်ပေမယ့် စစ်တပ်အရေး ပူးပေါင်းဆောင်ရွက်ရေးမှာတော့ တထိုင်တည်း သဘောတူညီမှုရရှိဖို့ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ နိုင်ငံမှာ အာဏာအရှိဆုံးပုဂ္ဂိုလ်ရဲ့ သဘောတူညီမှုကို တောင်းခံရဦးမှာ ဖြစ်ပါတယ်။

ခရီးစဉ်ကအပြန်မှာ စီးပွားရေး သဘောတူညီမှုစာချုပ်တွေ လက်မှတ်ရေးထိုးနိုင်ခဲ့တာတွေကိုပဲ အလေးပေး ချီးကျူးနေကြမယ်ဆိုရင်တော့ တကယ့် ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ဖို့ အရေးတွေကို နှောင့်နှေးကြန့်ကြာသွားစေနိုင်တဲ့ အာဏာကိုင်စွဲထားဆဲ စစ်ဗိုလ်ချုပ်တွေရဲ့ အလိုနဲ့ တရုတ်နိုင်ငံရဲ့ လိုလားတောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့ လိုက်လျောလိုက်ရတာတွေကို  မျက်ကွယ်ပြုရာ ကျပါလိမ့်မယ်။ ဒါတွေကို ပြည်သူလူထုအနေနဲ့ သတိလက်လွတ် မဖြစ်ကြဖို့သာ။

စိုးနေလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013