
စစ်ကိုင်းတိုင်း ကသာအကျဉ်းထောင်မှာ အကျဉ်းသားတွေ ပြွတ်သိပ်ကြပ်နေပြီး ၀န်ထမ်းအင်အား မမျှမတဖြစ်နေလို့ အချုပ်ဆောင်တွေတိုးချဲ့ဆောက်လုပ်ဖို့နဲ့ ၀န်ထမ်းတိုးချဲ့ခန့် ထားဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။
အကျဉ်းသား ၃၀၀ လောက်အတွက် ဆောက်လုပ်ထားတဲ့ ကသာထောင်မှာ လက်ရှိ ပြစ်ဒဏ်ချမှတ်ပြီး အကျဉ်းသားတွေနဲ့ အမှုရင်ဆိုင်နေရတဲ့ အချုပ်သားတွေ စုစုပေါင်း ၁ ထောင်ကျော်ရှိနေတယ်လို့ ကော်မရှင်ရဲ့ သြဂုတ် ၁၉ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂရဲ့ စံသတ်မှတ်ချက်က အကျဉ်းသားတဦးချင်းအတွက် နေရာအကျယ် ၁၈ စတုရန်ပေ ရှိရမှာ ဖြစ်ပေမယ့် ကသာထောင်မှာတော့ အကျဉ်းသားတဦးချင်းအတွက် စံနှုန်းဟာ ၈ ဒသမ ၆ စတုရန်ပေသာရှိလို့ ပြွတ်သိပ်ကြပ်တည်းနေတဲ့အကြောင်း၊ သောက်ရေနေ့စဉ် ဖြန့်ဝေပေးရာမှာလည်း နိုင်ငံတကာစံနှုန်းထက် ၁ လီတာနည်းနေပြီး၊ အိမ်သာ အလုံး ၄၀ လောက်လို အပ်နေတယ်လို့ ဆိုပါတယ်။
အကျဉ်းထောင်ဖွဲ့စည်းပုံအရ ၀န်ထမ်း ၁၀၉ ဦး ရှိရမှာဖြစ်ပေမယ့် လက်ရှိ ကသာထောင်မှာ ထောင်ဝန်ထမ်း ၄၈ ဦးသာရှိပြီး အကျဉ်းထောင်ဆရာဝန်က ဘွဲ့လွန်သင်တန်း သွားတက်နေသလို သူနာပြု ၁ ဦးကလည်း ခွင့်မဲ့ပျက်ကွက်နေတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနထံက ဆေးဝါးတွေမရရှိသလို အိတ်ခ်ျအိုင်ဗွီရှိတဲ့ အကျဉ်းသားတယောက်ဟာလည်း အေအာတီဆေးမရဘူးလို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကသာထောင်မှာ အကျဉ်းသားဦးရေ များပြားကြပ်တည်းနေတာကို ဖြေရှင်းဖို့အတွက် အကျဉ်းသားအိပ်ဆောင်တွေ၊ စားဖိုဆောင်နဲ့ အကျဉ်းထောင်အုပ်ရိုးကို တိုးချဲတည်ဆောက်ဖို့၊ ဖွဲ့စည်းပုံနဲ့အညီဝန်ထမ်းတွေ တိုးချဲ့ ခန့်အပ်ဖို့၊ အကျဉ်းထောင် တံခါးကြီးကို စီးနင်းထွက်ပြေးဖို့ ကြံစည်ကြိုးပမ်းခဲ့တဲ့ အကျဉ်းသား ၃ ဦးအပါအ၀င် သံခြေချင်းခတ်ထားတဲ့ အကျဉ်းသား၁၂ ဦးတို့ကို အကျဉ်းထောင် လက်စွဲဥပဒေနဲ့ အညီဆောင်ရွက်ဖို့တွေ ကော်မရှင်က အကြံပြု တိုက်တွန်းထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အတွင်းရေးမှူး ဦးတိတ်နိုင်ကတော့ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်ဥပဒေဟာ ခေတ်မမှီတော့ဘဲ ပြုပြင်ပြောင်းလဲရေးလုပ်ရမယ့် ကိစ္စတွေအများကြီးရှိနေသေးတယ်လို့ ပြောပါတယ်။
“အကျဉ်းထောင်လက်စွဲဥပဒေက ခြုံပြောရရင်တော့ ကုလသမဂ္ဂ မပေါ်ခင်ကတည်းက ထွက်ရှိထားတဲ့ ဥပဒေဖြစ်တယ်ဆိုတော့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေညာ စာတမ်းတွေရှိတယ်၊ နောက်ပါရီကြေညာစာတမ်းတွေရှိတယ်၊ အဲဒါတွေ မဖြစ်ခင်ကတည်းက ထုတ်ထားတယ်ဆိုတော့ သေချာတာက ခေတ်မမီတော့ဘူး။ လူ့အခွင့်အရေးအရကော၊ လိုက်နာသင့်တဲ့ နိုင်ငံတကာ စံချိန်စံညွန်းအရကော၊ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကော အားလုံးပေါင်းစပ်ပြီးတော့ ကျနော်တို့က ပြုပြင်ပြောင်းလဲရေး မဖြစ်မနေလုပ်ရမယ်၊ ဒီခေတ်မမီတော့တဲ့ ခေတ်နောက်ကျနေတဲ့ ဥပဒေတွေကတော့ ဘယ်လိုမှ ဒီနေ့ကာလမှ အသုံးမ၀င်တော့ဘူး။”
လက်ရှိ ကသာအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေမရှိဘဲ တရုတ်နိုင်ငံသား အကျဉ်းသားတဦးရှိပြီး အကျဉ်းသားအများစုဟာ မူးယစ်ဆေးဝါးနဲ့ဆက်နွှယ်ပြီး ပြစ်ဒဏ်ကျခံနေရသူ တွေဖြစ်ပါတယ်။
ကသာမြို့မှာရှိတဲ့ ကသာအကျဉ်းထောင်ကို ၁၈၈၆ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ထားပြီး အကျဉ်းသားဦးရေ ၃၀၀ ၀င်ဆံ့တဲ့ (ဂ) အဆင့် သတ်မှတ်ခဲ့တာပါ။ ၁၉၉၅ ခုနှစ်မှာ အကျဉ်းသား ၁၀၀၀ ၀င်ဆံ့တဲ့ (က) အဆင့်သို့ တိုးမြှင့်သတ်မှတ်ခဲ့ပေမယ့် အဆောက်ဦတွေ ထပ်မံတိုးချဲ့ ဆောက်လုပ်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။











