DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီဂုဏ်သိက္ခာထိခိုက်သဖြင့် Bullet ဂျာနယ်ကို တရားစွဲမည်ဟု ဖားကန့်အမတ်ပြော
DVB
·
August 20, 2016
အန်အယ်လ်ဒီဂုဏ်သိက္ခာထိခိုက်သဖြင့် Bullet ဂျာနယ်ကို တရားစွဲမည်ဟု ဖားကန့်အမတ်ပြော
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ဂုဏ်သိက္ခာနဲ့  လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာတွေကိုပါ ညှိုးနွမ်းစေတဲ့အတွက် Bullet ဂျာနယ်ကို တရားစွဲဆိုဖို့ ပြင်ဆင်နေကြောင်း ဖားကန့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ဒီဗွီဘီကိုပြောပါတယ်။

သြဂုတ် ၁၇ ရက်နေ့ထုတ် Bullet ဂျာနယ်မှာ “သက်သေအဖြစ် လက်မှတ်ထိုးပေးသော ဒီချုပ်ကို ပွဲစားခပေးရ” ဟု ဖော်ပြပါရှိတဲ့  သတင်းဟာ လုံးဝမှန်ကန်ခြင်းမရှိဘဲ မှားယွင်းနေတယ်လို့ ဦးတင့်စိုးကပြောပါတယ်။

“အဲ့ဒီဂျာနယ်ထဲမှာ ရေးထားတာက မြို့နယ်ဥက္ကဋ္ဌ အမျိုးသမီးနာမည်ဖြစ်နေတယ်။ သူတို့ရေးတဲ့ ဒေါ်ခိုင်ခန့် (ခ) ဒေါ်မနန်းနိုင်ဖြစ်နေတယ်။ အဲ့ဒီအမျိုးသမီးဟာ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလို့ ပြောပေမယ့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမတိုင်ခင်ထိ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တာ ကျနော်ကိုယ်တိုင်ဖြစ်ပါတယ်။ အဲ့တော့ ဒီကိစ္စတွေမှာ ဥက္ကဋ္ဌဆိုပြီး အခြားအမျိုးသမီး နာမည်ထည့်ထားတယ်။ အဲ့မှာလည်း ကွဲလွဲချက်တွေရှိတယ်။ ပါတီဝင်ထဲမှာတောင်မှမရှိတဲ့ နာမည်ကို အမျိုးသမီးဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဘဏ်အကောင့်နဲ့ ဖွင့်ပါတယ်ဆိုပြီးတော့ ပြောထားတာလည်း လုံးဝမှားယွင်းချက်တခုဖြစ်ပါတယ်။ ဒီမှာ အမှားအယွင်းတွေ အများကြီးဖြစ်နေပါတယ်။ ကျနော်တို့စေတနာနဲ့ ပြည်သူလူထုရဲ့နစ်နာမှုအပေါ်မှာ ကျနော်တို့ လာဘ်ယူတယ်လာဘ်စားတယ်ဆိုပြီး ပြောတဲ့အနေအထားက ဂုဏ်သိက္ခာထိခိုက်တဲ့အတွက် လူကြီးတွေနဲ့တိုင်ပင်ပြီး တရားစွဲဆိုသွားမှာဖြစ်ပါတယ်။”

ဖားကန့်ဒေသမှာ သတ္တုတူးဖော်ရေးလုပ်ငန်းနဲ့  နီးစပ်တဲ့ လူနေအိမ်တွေ ပြောင်းရွှေ့ကြေးအဖြစ် သတ္တုတူးဖော်ရေးကုမ္ပဏီတွေက လျော်ကြေးငွေပေးချေရာမှာ  အသိသက်သေအဖြစ် လက်မှတ်ထိုးပေးတဲ့ ဒီချုပ်ပါတီအမတ်တွေကို  ပွဲစားခ ကျပ်သိန်း ၁၈၀၀ ကျော်ပေးရတယ်လို့ ဒေသအခြေစိုက် အစိုးရဌာနတစ်ခုရဲ့ အရာရှိတစ်ဦးထံမှသိရတယ်လို့ Bullet ဂျာနယ်မှာဖော်ပြပါတယ်။

ဒါ့အပြင် အကျိုးဆောင်ခကို မြို့နယ်ဒီချုပ်ဥက္ကဋ္ဌ ဒေါ်ခိုင်ခန့်(ခ) ဒေါ်မနန်းနိုင်ရဲ့ မြဝတီဘဏ်၊ ဘဏ်စာအုပ်အမှတ် (S-11144K501734) ကို လျော်ကြေးငွေရရှိတဲ့ ဒေသခံတွေက ပေးသွင်းခဲ့ရကြောင်းနဲ့ ဒီငွေတွေကို ပါတီရုံးခန်းဆောက်လုပ်ဖို့  တောင်းယူခဲ့တာလို့ သတင်းရင်းမြစ်က ပြောတဲ့အကြောင်းလည်း Bullet ဂျာနယ်မှာ စွပ်စွဲရေးသားထားပါတယ်။

ဖားကန့်မြို့နယ်၊ အေးမြသာအုပ်စု၊ ဆိုင်းဂျာဘွမ်ကျေးရွာမှာရှိတဲ့ အိမ်ခြေ (၇၂)လုံးဟာ ဘေးပတ်ဝန်းကျင်ရှိ ကုမ္ပဏီ၁၃ခုရဲ့ပြင်းအားကြီးမားတဲ့ မိုင်းဖောက်ခွဲမှုကြောင့် မြေအက်ကြောင်းကြီးတွေဖြစ်ပြီး  ပြိုကျပျက်စီးမယ့်အနေအထားဖြစ်ပေါ်ခဲ့တာပါ။

ဒီကိစ္စ ဖားကန့်လွှတ်တော် ကိုယ်စားလှယ်လေးဦးလုံးက ကွင်းဆင်းကြည့်ရှုပြီး ကုမ္ပဏီ၁၃နဲ့ နစ်နာသူရွာသားတွေအကြားညှိနှိုင်းပေးခဲ့ရာ ကုမ္ပဏီတွေဘက်က အိမ်ခြေ (၇၂)လုံးအတွက် နစ်နာကြေးပေးချေဖို့  ကတိပြုထားတာဖြစ်ပြီး Bullet ဂျာနယ်မှာ ဖော်ပြထားသလို အန်အယ်လ်ဒီပါတီ အမတ်တွေကို ပွဲစားခပေးရတာမဟုတ်ဘူးလို့ ဖားကန့်အမတ် ဦးတင့်စိုး ကရှင်းပြပါတယ်။

“စုစုပေါင်းကုမ္ပဏီ၁၃ ခုကနေပြီး နစ်နာတဲ့ပြည်သူတွေအတွက်ကို အားလုံးပေးရမှာ သိန်းပေါင်း ၁၀၈၀၀ ရှိတယ်။ အဲ့တော့ ၁၀၈၀၀ ကို ကျနော်တို့ ညှိနှိုင်းပေးချက်အရ ကုမ္ပဏီတွေကလည်း သိန်းပေါင်း ၁၀၈၀၀ ပေးဖို့ကတိပြုခဲ့တယ်။ ဒါပေမယ့်လောလောဆယ်တော့ တချို့ ကုမ္ပဏီတွေက လုပ်ငန်းလည်း မလုပ်ရသေးဘူး။ ကုမ္ပဏီပိုင်ရှင်တွေကလည်း ပြီးခဲ့တဲ့ရတနာပြပွဲသွားနေကြတာဖြစ်တဲ့အတွက်ကြောင့်မို့ လတ်တလောမပေးနိုင်သေးဘူးဆိုပြီးတော့ ပြောတယ်။ အဲ့တော့ ကျနော်ကိုယ်တိုင်ညှိနှိုင်းပေးခဲ့ပါတယ် ကုမ္ဗဏီကကိုယ်စားလှယ်တွေနဲ့။ အဲ့ဒါဆိုရင် ပေးနိုင်တဲ့ ကုမ္ပဏီတွေက ခင်ဗျားတို့ ဘဏ်အကောင့်ဖွင့်ပြီး စုထားပါ။ ကုမ္ပဏီ ၁၃ခုလုံးပေးဖို့ အာမခံထားတဲ့ သိန်းပေါင်း ၁၀၈၀၀ အဲ့ဒါပြည့်ပြီဆိုမှ မိမိတို့ရသင့်ရထိုက်တာခွဲဝေယူကြပါဆိုပြီးပြောထားတယ်။”

ပြီးခဲ့တဲ့ မေ ၂၀ ရက် သဘောတူစာချုပ်အရ သက်ဆိုင်ရာကုမ္ပဏီ ၁၃ ခုက အိမ်ခြေ ၇၂ လုံးအတွက် နစ်နာကြေး ကျပ်သိန်းပေါင်း ၁၀၈၀၀၊ ရွာမှာရှိတဲ့ ဘုရားကျောင်း နှစ်ကျောင်းအတွက် ကျပ်သိန်း ၁၀၀၀၊ ဆိုင်းဂျာဘွမ် ကျေးရွာ အန်အယ်လ်ဒီပါတီရုံး ပြန်လည် ဆောက်လုပ်ရန်အတွက် ကျပ်သိန်း ၂၀၀ ကို ပေးလျော်ရမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013