
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ သြဂုတ် ၁၉ ရက်နေ့က ကျောင်းသား/သူတွေ စီးလာတဲ့ စက်လှေနစ်မြုပ်ပြီး ထွက်ပြေးသွားတဲ့ စက်လှေမောင်းသူဟာ ရဲစခန်းမှာ ဒီနေ့မနက်ပိုင်း လာရောက်အဖမ်းခံခဲ့ပါတယ်။
သြဂုတ် ၁၉ ရက်နေ့မနက်ပိုင်း ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသ ဈီးကုန်တန်းကျေးရွာကနေ ရန်အောင်ပြင်မှာ ကျောင်းတက်လာတဲ့ ကျောင်းသား/သူ ၁၇ ဦး စီးနင်းလာတဲ့ စက်လှေနစ်မြုပ်ခဲ့ပြီး ၄ ဦး ပျောက်ဆုံးခဲ့ပါတယ်။
ပျောက်ဆုံးနေတဲ့ ကျောင်းသူ ၄ ဦးထဲမှ ၉ တန်းကျောင်းသူ မဦးတင်ရီရဲ့အလောင်းကို ဒီကနေ့မွန်လွဲပိုင်းက ဆယ်ယူရရှိခဲ့ပါတယ်။
ဒီကနေ့ မနက်ပိုင်း ၉ နာရီကျော်က နစ်မြုပ်စက်လှေမောင်းသူ တရားခံကိုယ်တိုင် ရသေ့တောင် ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ပြီး လောလောဆယ်မှာတော့ ရာဇသက်ကြီး ပုဒ်မ၂၈၀ နဲ့ အရေးထားတယ်လို့ ရသေ့တောင်ရဲစခန်း စခန်မှူး ကျော်ချေက ဒီဗွီဘီကိုပြောပါတယ်။
“ဒီနေ့မနက်ပိုင်းက လူကိုယ်တိုင်လာပြီးတော့ အဖမ်းလာခံပါတယ်။ လောလောဆယ် ကျနော်တို့ကတော့ ရာဇသက်ကြီး ပ နံပါတ်-၂၀ ပုဒ်မ ၂၈၀ အရေးယူထားပါတယ်။ ရေယာဉ်ကို မဆင်မခြင်မောင်းနှင်မှုပေါ့လေ။ သေဆုံးအလောင်းတွေ ထပ်မံရရှိရင်တော့ ပုဒ်မထပ်တွေထပ်တိုးသွားမှာပါ။ အခု ရသေ့တောင်ရဲစခန်းမှာ သူ့ကို ဖမ်းဆီးထားပါတယ်။ ကျနော်တို့ကတော့ ပျောက်ဆုံးနေတဲ့ ကျောင်းသားအလောင်းတွေ ရှာနေတုန်းဖြစ်ပါတယ်။ မနေ့ကလည်း လိုက်ရှာတယ်။ ဒီနေ့လည်း ထပ်မံရှာဖွေနေပါတယ်။”
စက်လှေပေါ်မှာ လူအဆမတန်တင်ဆောင်လာပြီး တစ်ဖက်ကမ်းကိုရောက်ခါနီးမှ ဟန်ချက်ပျက်သွားပြီး မှောက်သွားတာလို့ စခန်းမှူးက ဒီဗွီဘီကိုပြောပါတယ်။
“သူက နေစဉ်ကျောင်းသားတွေကို ကြိုပို့လုပ်ဖို့ တာဝန်ယူထားတာလေ။ သူက ၁၆ ယောက်၊ ၁၇ ယောက် စက်လှေပေါ် နေ့တိုင်းတင်တာပေါ့လေ။ အခုလည်း ၁၇ ယောက်တင်ရင်းနဲ့ မှောက်သွားတာပါ။ ကျောင်းသားတွေကလည်း ရေတက်ချိန်ဆုံတဲ့အခါမှာ ဖြစ်သွားတာပါ။ လှေကလည်း နည်းနည်းသေးတယ်အခါကျတော့။ ဟိုဖက်ကမ်းမကို ရောက်ခါနီးမှာ ဟန်ချက်ပျက်သွားသဘောပါ။ ပုံမှန်က စက်လှေတစီး ၁၀ ယောက် ၁၁ ယောက်လောက်တင်လို့ ရပါတယ်။ လူကိုအဆ မတန်တင်လိုက်တဲ့အခါမှာမှောက်သွားတာပါ။”
ဒီကနေ့မှာတော့ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင် အပါအဝင် ရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့တွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး အလောင်းတွေကို ဆက်လက်ရှာဖွေနေကြပါတယ်။
စက်လှေနစ်မြုပ်နေရာကို မနေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ အစိုးရအဖွဲ့ သွားရောက်ကြည့်ရှုခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရက တဦးကို ထောက်ပံ့ငွေ သုံးသိန်း၊ ပညာရေးဌာနမှ ၁ သိန်းနဲ့ လူကယ်ပြန်ဌာနမှ ၁ သိန်း၊ စုစုပေါင်း ၅ သိန်းစီ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
စက်လှေမောင်းနှင်းသူ ကိုစိုးဝင်း အသက် ၃၅ နှစ်ကိုတော့ လက်ရှိ ရသေ့တောင်ရဲ့စခန်းမှာ ဖမ်းဆီးအရေးထားတယ်လို့ စခန်းမှူးက ပြောပါတယ်။
သတင်း - ဝဏ္ဏခွာညို











