DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့် ထာဝရ အိမ်နီးချင်းကောင်းဖြစ်လိုဟု တရုတ်သမ္မတ ပြောကြား
DVB
·
August 20, 2016
မြန်မာနှင့် ထာဝရ အိမ်နီးချင်းကောင်းဖြစ်လိုဟု တရုတ်သမ္မတ ပြောကြား
Donate to DVB

မြန်မာနိုင်ငံနဲ့ထာဝရ အိမ်နီးချင်းကောင်းဖြစ်လိုကြောင်းနဲ့ မြန်မာပြည်ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ညီညွတ်ရေး၊ ပြည်သူတွေရဲ့ လူနေမှုဘ၀မြှင့်တင်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကူညီပေးသွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။

ပေကျင်းမှာ ချစ်ကြည်ရေးခရီးရောက်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  သြဂုတ် ၁၉ ရက်  နိုင်ငံတော် ဧည့်ဂေဟာမှာ  တွေ့ဆုံစဉ်ပြောကြားခဲ့တာလို့   မြန်မာနဲ့ တရုတ်နိုင်ငံပိုင် မီဒီယာတွေမှာ ရေးသားဖော်ပြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့  တရုတ်နိုင်ငံခရီးစဉ်ဟာ  အစိုးရသစ်တာဝန်ယူပြီးနောက် ပထမဆုံး လာရောက်တဲ့ မြန်မာနိုင်ငံက အဆင့်မြင့်ခေါင်းဆောင်ရဲ့ ခရီးစဉ်ဖြစ်လို့ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်နိုင်မယ်လို့ ယုံကြည်ကြောင်း တရုတ်သမ္မတက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ရှေ့အစဉ်အလာ လမ်းကြောင်းအတိုင်း လျှောက်လှမ်းကာ တရုတ်-မြန်မာ ချစ်ကြည်ရေးအပေါ် တွန်းအားပေးဆောင်ရွက်တဲ့အတွက် ချီးကျူးကြောင်း၊ တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာ မိတ်ဆွေပူးပေါင်း ဆက်ဆံရေး အဆက်မပြတ် တိုးတက်ဆောင်ရွက်သွားလိုကြောင်း၊ နှစ်နိုင်ငံ လူထုအတွက် ပိုမိုလက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေရရှိအောင် ဆောင်ရွက်ပြီး ထာဝရ အိမ်နီးချင်းကောင်း၊ ညီအစ်ကိုကောင်း၊ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းဖြစ်လိုတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်ရာမှာ ပြည်သူလူထုကို ပိုမိုအကျိုး ဖြစ်ထွန်းစေမယ့် စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေကို ပိုမိုဦးတည်မယ်၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ယဉ်ကျေးမှု၊ သတင်းမီဒီယာ၊ ဗုဒ္ဓဘာသာပိုင်းဆိုင်ရာကိစ္စတွေ ပိုမိုဖလှယ်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူလူထု ချစ်ကြည်ဆက်ဆံရေးကို လက်တွေ့အကောင်အထည်ဖော်လိုတယ်၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှာ  ဆက်လက် ပါဝင်သွားလိုပြီး နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်အေးချမ်းရေးအတွက် အတူတကွ ကြိုးစား အားထုတ်သွားမယ်လို့လည်း တရုတ်နိုင်ငံခေါင်းဆောင်ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း  တရုတ်နိုင်ငံက ဖော်ဆောင်နေတဲ့ “တစ်ခုတည်းသောရပ်ဝန်း၊ တစ်ခုတည်းသော လမ်းကြောင်း” လို့အမည်ပေးထားတဲ့  ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်းကို  ကြိုဆိုထောက်ခံအားပေးကြောင်းနဲ့ တရုတ်နိုင်ငံ အနေနဲ့  ကာလတစ်လျှောက် မြန်မာ့စီးပွားရေး  လူမှုရေးတို့မှာ ထောက်ခံအားပေးခဲ့တာကို  ကျေးဇူးတင်ကြောင်းပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က  မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ အစိုးရပိုင်း အနီးကပ် ဆက်ဆံပြီး ပြည်သူအကြား ချစ်ကြည်ရေးတိုးမြှင့်ကာ ကဏ္ဍစုံ အပြန်အလှန် ပူးပေါင်င်း ဆောင်ရွက်သွားလိုကြောင်း၊ တရုတ်နိုင်ငံနဲ့အတူ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းသွားမှာဖြစ်ပြီး  အိမ်နီးချင်းနိုင်ငံနဲ့  ချစ်ကြည်ဆက်ဆံရေးကို ထိခိုက်စေတဲ့ ဘယ်အရာကိုမှ လက်ခံနိုင်မှာ မဟုတ်ကြောင်း၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ဟာ  နှစ်နိုင်ငံ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အာဏာရ ပါတီတွေဖြစ်ပြီး နှစ်ပါတီ ဆက်ဆံရေးကို တိုးမြှင့်ဖို့ပြောပါတယ်။

ဒါ့အပြင်  တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်ကိုလည်း  မြန်မာနိုင်ငံ လာရောက်လည်ပတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က  ဖိတ်ကြားခဲ့ပါတယ်။

တရုတ်နဲ့ မြန်မာ ခေါင်းဆောင်တွေ တွေ့ဆုံအပြီးထုတ်ပြန်တဲ့ နှစ်နိုင်ငံပူးတွဲကြေညာချက်မှာတော့  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးတွေကို ဆက်လက်ထိန်းသိမ်းကျင့်သုံးရေး၊ နှစ်ဖက်ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ နှစ်နိုင်ငံလုံးအတွက် ပိုမိုကောင်းမွန်တဲ့ တည်ငြိမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးတဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်သွားမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာ-တရုတ်နယ်စပ်ဒေသတွေမှာ တရားဥဒေစိုးမိုးရေးမြှင့်တင်ဖို့၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေး ခိုင်မာအောင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ နှစ်ဖက်သဘောတူခဲ့ကြပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးဆွေးနွေးမှုတွေကတဆင့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေကို တရုတ်နိုင်ငံအနေနဲ့ ထောက်ခံအားပေးတယ်လို့ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဆင်းရဲနွးပါးမှုလျော့ချရေး အထောက်အကူဖြစ်စေမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးတွေကို နှစ်နိုင်ငံ လက်တွဲ ဆောင်ရွက်သွားမယ်လို့လည်း ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ဝန်ကြီးချုပ် လီခချန်းရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို သြဂုတ် ၁၇ ရက်ကတည်းက ချစ်ကြည်ရေးခရီးရောက်ရှိနေတာ ဖြစ်ပြီး သြဂုတ် ၂၁ ရက် မြန်မာနိုင်ငံကိုပြန်လာမှာဖြစ်ပါတယ်။
ကိုးကား- ဆင်ဟွာ၊ မြန်မာ့အလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013