
ထိုင်းမြောက်ိပုင်း၊ ချင်းမိုင်မြို့မှာ ထိုင်းရဲတပ်ဖွဲ့ဝင်တယောက်က ကမ္ဘာလှည့်ခရီးသည် အယောင်ဆောင်ပြီး တရားမဝင် ဧည့်လမ်းညွှန်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၃၉ နှစ်ရွယ်ရှိ မြန်မာနိုင်ငံသား စိုးမိုးအောင်ဟာ ခရီးသွားဧည့်သည်ဝန်ဆောင်မှု လုပ်ဆောင်ပေးနေကြောင်း လူမှုကွန်ရက်ကနေ ကြေညာခဲ့တာကြောင့် ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့က အချက်အလက်တွေ ထောက်လှမ်းစုဆောင်း အပြီးမှာတော့ ရဲတပ်ဖွဲ့ဝင်တယောက်ဟာ မက္ကစီကိုနိုင်ငံသား ခရီးသွားတယောက်လို ဟန်ဆောင်ကာ ချင်းမိုင်အနီးတဝိုက် ၂ ရက် နဲ့ ၁ ည လည်ပတ်ဖို့ ဘတ်ငွေ ၈,၉၉၉ တန် ပက်ကေ့ချ်တခုကို ဝယ်ယူလိုက်ပါတယ်။
ဇူလိုင် ၁၃ ရက် မနက် ၉ နာရီခွဲလောက်မှာ မြန်မာဧည့်လမ်းညွှန်က အဆိုပါ ဧည့်သည်အယောင်ဆောင်ထားတဲ့ ရဲကို ကားနဲ့သွားကြိုပြီး ဖရဆင်ရပ်ကွက်ရှိ ကျေးဒီးလုံ(စေတီကြီး) ဘုရားကို ပို့ဆောင်ပေးခဲ့ပါတယ်။
ဒီနောက် ၂ ယောက်သား လည်ပတ်စဉ် အရပ်ဝတ်ရဲတွေ ရောက်လာပြီး မြန်မာဧည့်လမ်းညွှန်ကို အထောက်အထားတွေ တောင်းကြည့်တယ်၊ တရားမဝင် ဧည့်လမ်းညွှန်လုပ်တယ်လို့ ပြောတယ်၊ သူကတော့ ဧည့်လမ်းညွှန် မဟုတ်ပါဘူး၊ သူ့မိတ်ဆွေ မက္ကစီကန်တယောက်ကို လိုက်ပို့တာပါလို့ ပြန်ပြောတယ်။ ဒါပေမဲ့ မက္ကစီကိုနိုင်ငံသား ဆိုသူက ထိုင်းရဲတပ်ဖွဲ့ဝင်ကတ်ပြား ထုတ်ပြလိုက်တာကြောင့် မငြင်းသာတော့ဘဲ အဖမ်းခံလိုက်ရပါတယ်။
ထိုင်းနိုင်ငံမှာ ခရီးသွားဧည့်လမ်းညွှန်လုပ်ငန်းကို ထိုင်းနိုင်ငံသားတွေသာ လုပ်ပိုင်ခွင့်ရှိလို့ တာဝန်ရှိသူတွေက သူ့ကို ၂၀၀၈ ခုနှစ် ခရီးသွားလုပ်ငန်းနှင့် ဧည့်လမ်းညွှန်အက်ဥပဒေအရ ခွင့်ပြုချက် လိုင်စင်မရှိဘဲ ခရီးသွားလုပ်ငန်း လုပ်ကိုင်တာ၊ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် တာဝန်ထမ်းဆောင်တာတွေနဲ့ အရေးယူလိုက်ပါတယ်။
ဒါ့အပြင် မော်တော်ယာဉ် အက်ဥပဒေအရ မှတ်ပုံတင်ထားတဲ့ အမျိုးအစားနဲ့ မကိုက်ညီတဲ့ မော်တော်ယာဉ်ကို အသုံးပြုတာ၊ နိုင်ငံခြားသားတယောက်အနေနဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိ ဒါမှမဟုတ် လုပ်ပိုင်ခွင့်မရှိတဲ့ လုပ်ငန်းအမျိုးအစားမှာ ဝင်ရောက် လုပ်ကိုင်တာ၊ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းဆိုင်ရာ အက်ဥပဒေကို ချိုးဖောက်မှုတွေနဲ့ အရေးယူသွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: Khaosod / Komchadluek / Chiangmai News










