DVB Logo
Home
မြန်မာသတင်း
ရနောင်းလူသတ်မှုတွင် အဖမ်းခံထားရသော မြန်မာလူငယ် ၄ ဦးအမှု ဆက်လက်စစ်ဆေး
DVB
·
August 19, 2016
ရနောင်းလူသတ်မှုတွင် အဖမ်းခံထားရသော မြန်မာလူငယ် ၄ ဦးအမှု ဆက်လက်စစ်ဆေး
Donate to DVB

ထိုင်းတောင်ပိုင်း ရနောင်းမြို့မှာ ပြီးခဲ့တဲ့နှစ်က ၁၉ နှစ်အရွယ် ထိုင်းမိန်းကလေးတဦး ဓားထိုးသတ်ခံရတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား လူငယ် ၄ ဦးအမှုကို ရနောင်းမြို့နယ် တရားရုံးမှာ ဆက်လက်စစ်ဆေးလျက် ရှိပါတယ်။

မြန်မာလူငယ် ၄ ဦးဖြစ်တဲ့ စိန်ကတုံး၊ ဝေလင်း(ဇော်လေး)၊ မိုးဇင်အောင်နဲ့ ကျော်စိုးဝင်းတို့ ၄ ဦးဟာ အက်ပန့်လို့ခေါ်တဲ့ ထိုင်း-မြန်မာကပြား မိန်းကလေးကို ၀ိုင်းဝန်းသတ်ဖြတ်တယ်ဆိုတဲ့ သံသယနဲ့ ရနောင်းရဲတပ်ဖွဲ့က တရားလိုလုပ်ကာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ဒီအမှုကို စစ်ဆေးနေတာ လေးကြိမ်မြောက်ရှိသွားပြီဖြစ်ပြီး သြဂုတ် ၁၇ ရက်နဲ့ ၁၈ ရက် ၂ ရက်မှာတော့ တရားလိုပြသက်သေများဖြစ်တဲ့ အခင်းဖြစ်ပွားရာအနီး နေထိုင်သူ ထိုင်းလူမျိုး ၂ ဦး၊  သေဆုံးသူ အက်ပန့်ရဲ့ သူငယ်ချင်း မိန်းကလေး ၁ ဦးနဲ့ ရဲအရာရှိ ၁ ဦးတို့ကို စစ်ဆေးနေတယ်လို့  ဒီအမှုမှာ မြန်မာလူငယ်တွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ကိုမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။

"မနေ့ (သြဂုတ် ၁၇) က တရားလိုဘက်က သက်သေ ၃ ဦးကို စစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့ နေရာအနီး ဘုန်းကြီးကျောင်းမှာ ဆောက်လုပ်ရေး လုပ်နေတဲ့ အဖိုးကြီးရယ်၊ ပြီးတော့ အဲဒီကျောင်းက ဒကာတယောက်၊ သူတို့သိသလောက် ထွက်ဆိုတယ်ပေါ့၊ ဘယ်ချိန် ဘယ်နေရာက သူတို့ ဘယ်မှာရှိနေတယ်၊ ဘယ်လိုအသံကြားတယ်၊ လူရိပ်ဆိုရင်လည်း သုံးလေးယောက်လောက်မြင်တယ်၊ လူငယ်တွေဖြစ်မယ်လို့ထင်တယ်၊  မှောင်လည်း မှောင်နေတယ်ပေါ့။ ထွက်ပြေးသွားတယ်၊ နောက်ပြီးတော့ သေသွားတဲ့ မိန်းကလေးရဲ့ သူငယ်ချင်းကို စစ်တယ်၊ သူ့ကိုတော့ အထူးတလည် မရှိပါဘူး၊ အရင်က ထွက်ဆိုချက်တွေ ပြန်ဖတ်ပြပြီး မှန်ကန်ကြောင်း ထွက်ဆိုတယ်၊ ဒီနေ့ကကျတော့ သူတို့ကို စတင်ဖမ်းဆီးခဲ့တဲ့ ရဲအရာရှိတယောက်ကို စစ်တယ်၊ နှစ်ဘက်ရှေ့နေတွေကလည်း အပြန်အလှန်မေးကြတယ်။"

တရားလိုဘက်က သက်သေအဖြစ် စစ်ဆေးခံမယ့်သူ စုစုပေါင်း ၈ ဦး တင်ထားတာရှိပြီး  စွပ်စွဲခံရသူဘက်ကလည်း သူတို့မိသားစုဝင်တွေနဲ့ အလုပ်ရှင်တွေပါ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီအမှုမှာ အသက် ၁၈ နှစ် မပြည့်သေးတဲ့ လူငယ် ၂ ဦး ပါဝင်တာကြောင့် အသက်ပြည့်သူနဲ့ မပြည့်သူ ၂ ကြိမ်ခွဲပြီး စစ်ဆေးကြောင်း၊ ဒါကြောင့် နောက်ထပ် အကြိမ်ပေါင်း ၂၀ စစ်ဆေးဖို့ရှိတယ်လို့ ကိုမင်းဦးက ပြောပါတယ်။

လူငယ် ၄ ဦးဟာ လူသတ်မှုနဲ့ ပတ်သက်မှုမရှိကြောင်း ပြသနိုင်ဖို့ သူတို့မှာ သက်သေအထောက်အထား၊ ဥပမာ အလုပ်ရှင်က အခင်းဖြစ်ချိန် လူငယ်တွေ လုပ်ငန်းခွင်မှာ ရှိနေကြောင်း ရဲကိုပြောခဲ့ပြီး စီစီတီဗွီ ကင်မရာက ဖမ်းယူထားချက်တွေ ပေးပို့ခဲ့ပေမယ့် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဘက်ကတော့ လူငယ် ၄ ဦးဟာ လူသတ်မှုကျူးလွန်ကြောင်း ၀န်ခံခဲ့တယ်လို့ ပြောဆိုကာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အများပြည်သူရှေ့မှာ ပြန်လည် သရုပ်ဆောင်စေခဲ့ပါတယ်။

လူငယ် ၄ ဦးအနက် မိုးဇင်အောင်နဲ့ ကျော်စိုးဝင်းတို့ ၂ ဦးမှာ အသက်မပြည့်သေးတဲ့အတွက် ဆူရတ်ဌာနီ လူငယ်လေ့ကျင့်ရေးစခန်းမှာ ထိန်းသိမ်းထားခြင်းခံရပြီး ကျန်တဲ့ စိန်ကတုံးနဲ့ ဝေလင်းတို့ ၂ ဦးကတော့ ရနောင်းအကျဉ်းထောင်မှာ ကျခံနေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့က အက်ပန့်ဟာ  သူချိန်းထားတဲ့ သူငယ်ချင်းတယောက်နဲ့ တွေ့ဖို့ အိမ်ကနေ ခြေကျင်လျှောက်လာခဲ့ပြီး ဘုန်းကြီးကျောင်းအနီးမှာ ဓားဒဏ်ရာ ၁၇ ချက်နဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူမှာ အဓမ္မပြုကျင့်ခံရတာတော့ မရှိပါဘူး။

မျက်မြင်သက်သေတချို့က အခင်းဖြစ်ပွားရာနေရာနဲ့ မနီးမဝေးမှာ မြန်မာအလုပ်သမား လူငယ်တစု ၀ိုင်းဖွဲ့အရက်သောက်နေကြောင်း၊ အခင်းဖြစ်ချိန်မှာ မြန်မာစကားပြောတဲ့ လူငယ်တစု ထွက်ပြေးသွားတဲ့ အရိပ်ကို မြင်လိုက်ကြောင်း ထွက်ဆိုတဲ့အတွက် မြန်မာလူငယ် ၄ ဦးမှာ သံသယအရှိဆုံးသူတွေအဖြစ် ဖမ်းဆီးခံထားရတာပါ။

ဒီအမှုဟာ လိပ်ကျွန်းလူသတ်မှုလို နယ်မြေတွင်း သြဇာရှိသူတွေ ပါဝင်ပတ်သက်ခြင်း မရှိပေမယ့် နယ်မြေခံရဲတွေက သူတို့ လူမှားပြီးဖမ်းထားတာ မဟုတ်ကြောင်း ပြသနိုင်ဖို့၊ သူတို့သိက္ခာအတွက် အမှုနိုင်အောင် ဆင်နေတယ်လို့  ကိုမင်းဦးက သုံးသပ်ပါတယ်။

မြန်မာလူငယ် ၄ ဦးကတော့ ရိုက်နှက်ခြိမ်းခြောက် စစ်ဆေးခံထားရလို့ ၀န်ခံရတာဖြစ်ပေမယ့် လူသတ်မှုမကျူးလွန်ရကြောင်း၊ မိဘဆွေမျိုးတွေကလည်း သူတို့သတ်တာကို မယုံကြည်နိုင်သလို လူ့အခွင့်အရေးအဖွဲ့တွေကလည်း သက်သေမခိုင်လုံဘဲ ဖမ်းဆီးခံထားရတယ်လို့ ပြောဆိုကာ အမှုမှန်ပေါ်ပေါက်ရေးအတွက် ထိုင်းရှေ့နေများကောင်စီနဲ့ အတူ တရားခွင်မှာ အမှုရင်ဆိုင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013