
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ မသန်စွမ်းအမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့သူ နှစ်ယောက် ကို အာရက္ခတပ်တော်က(AA) က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကြွေချိုင်ရွာက မွေးရာပါ ပိုလီယိုရောဂါခံစားနေရတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးငယ် တယောက်ကို မေ ၁ ရက်နေ့က တရွာထဲနေ အသက် ၂၇ နှစ်အရွယ် ငအောင် နဲ့ ၃၈ နှစ်အရွယ် စည်သူဝင်း တို့က ပြုကျင့်ခဲ့တာလို့ သိရပါတယ်။
ဒေသခံတယောက်က “ဒီကိစ္စက ရွာထဲမှာတော်တော်ပွဲဆူသွားတယ်။ ဒီကလေးမက မွေးရာပါ မသန်စွမ်း ရောဂါဖြစ်နေတဲ့သူပါ။ တော်တော်ယုတ်မာတဲ့သူတွေ တရွာထဲနေတဲ့ မိန်းကလေးကို တောင် လုပ်ရပ်တယ်” လို့ ပြောပါတယ်။
ကျူးလွန်သူနှစ်ယောက်ကို ပြုကျင့်ခံရတဲ့ အမျိုးသမီးက ရပ်ရွာလူကြီးတွေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးကို တိုင်ကြားရာခဲ့လို့ အာရက္ခတပ်တော်ရဲ့ ပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ဌာန ဒီလပ်က ဖမ်းဆီးအရေးယူထားတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“လက်ရှိမှာ ဒီလပ်က ဖမ်းထားတယ်။ သူတို့နဲ့ပတ်သတ်တဲ့ စစ်ဆေးမှုတွေပြုလုပ်နေတယ်။ ပြီးမှ ပြစ်ဒဏ်ချမှတ်သွားမှာ” လို့ ပြောပါတယ်။
သံတွဲမြိုနယ်၊ ငပလီမြို့မှာလည်း အသက် ၁၃ နှစ်အအရွယ် မသန်စွမ်းသူ မိန်းကလေး တယောက် ကို ဧပြီ ၁၁ ရက်နေ့မှာ အမျိုးသား ၅ ယောက်က မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပါတယ်။
ပလက်ဝခရိုင်အပါအဝင် ရခိုင်ကနေရာအနှံ့အပြားမှာ သက်ငယ်မုဒိမ်းမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲတွေကို အုပ်ချုပ်ရေးနဲ့ သက်ဆိုင်ရာဌာနတွေက ပြုလုပ်နေတယ်လို့ သိရ ပါတယ်။










