DVB Logo
Home
မြန်မာသတင်း
အိမ်ပိုင်မရှိသည့် တက္ကသိုလ်ဆရာများကို မင်းဓမ္မအိမ်ရာစီမံကိန်းတွင် နေထိုင်ခွင့်ပြုမည်
DVB
·
August 18, 2016
အိမ်ပိုင်မရှိသည့် တက္ကသိုလ်ဆရာများကို မင်းဓမ္မအိမ်ရာစီမံကိန်းတွင် နေထိုင်ခွင့်ပြုမည်
Donate to DVB

အိမ်ပိုင်မရှိတဲ့ တက္ကသိုလ်ဆရာ၊ ဆရာမတွေကို မင်းဓမ္မဥယျာဉ်မြို့တော် အိမ်ရာစီမံကိန်းမှာ နေထိုင်ခွင့်ပြုမယ်လို့  ပညာရေးဝန်ကြီးက ပြောပါတယ်။

ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ Myanmar Imperial Vega Co,Ltd တို့ပူးပေါင်းဆောင်ရွက်နေတဲ့ မင်းဓမ္မဥယျာဉ်မြို့တော်အိမ်ရာစီမံကိန်းကနေ ပညာရေးဝန်ကြီးဌာန ကနေ ရရှိလာမည့် အိမ်ခန်း ၂၃၉၀ ကို အိမ်ပိုင်မရှိသူ တက္ကသိုလ်ဆရာ၊ ဆရာမများကို စိစစ် နေထိုင်ခွင့်ပြုသွားမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုလိုက်ပါတယ်။

လှိုင် မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် ပါရမီလမ်းထောင့်ရှိ တက္ကသိုလ်ဆရာ/ဆရာမများ ရိပ်သာအပါအဝင် ပညာရေးဝန်ကြီးဌာနပိုင် မြေနေရာတွင် ဆောက်လုပ်နေသော အဆောက်အဦများအား မည်သို့စီမံဆောင်ရွက်ထားသည် ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ မေးခွန်းကိုဖြေကြားရာမှာ ပညာရေးဝန်ကြီးက အခုလို ပြောဆိုခဲ့တာပါ။

“ပညာရေးဝန်ကြီးဌာနပိုင်အိမ်ခန်းများကို အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)ရှိဦးစီးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် တွဲဖက်ဌာများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် သင်ကြား/စီမံဝန်ထမ်းများအနက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မိမိကိုယ်ပိုင်အိမ် မရှိသူ၊ မိမိဇနီး(သို့မဟုတ်) ခင်ပွန်းပိုင်အိမ်ရှိသူ၊ နိုင်ငံပိုင်အိမ်ခန်းရယူထားခြင်း မရှိသူများမှ လျှောက်ထားခြင်းကို စိစစ်နေထိုင်ခွင့်ပြုပါတယ်” လို့ ပညာရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနပိုင် အိမ်ခန်းများနေရာချထားရာမှာတော့ အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဥက္ကဋ္ဌနဲ့ ရန်ကုန်မြို့ရှိ တက္ကသိုလ်အရာထမ်း၊ အမှုထမ်းအိမ်နေရာ ချထားရေး ကော်မတီက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ရာထူးအဆင့်တူ အုပ်စုလိုက် ရွေးချယ်ရေးမူဘောင်နဲ့ ညီညွတ်သူများကို အိမ်ခန်းနေရာချထားရန် ပဏာမလျာထား အမည်စာရင်းကို သက်ဆိုင်ရာ ကျောင်း၊ ဌာနအကြီးအကဲများက သတ်မှတ်ထားတဲ့ အိမ်ခန်း နေထိုင်သူများလိုက်နာရမည့် စည်ကမ်းများကို လိုက်နာနိုင်မည့်သူများအား ထပ်မံစိစစ်ပြီး အိမ်ခန်းတွေကို နေရာချထားပေးတယ်လို့ သိရပါတယ်။

အခုလက်ရှိတည်ဆောက်နေတဲ့ မင်းဓမ္မဥယျာဉ်မြို့တော်အိမ်ရာစီမံကိန်းကနေ ရရှိလာမယ့် အိမ်ခန်းတွေကို စည်းမျဉ်းစည်းကမ်းနဲ့ကိုက်ညီတဲ့ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ စီမံဝန်ထမ်းကို နေရာချထားပေးသွားမယ်လို့ ပညာရေးဝန်ကြီးကဆိုပါတယ်။

ပညာရေး ၀န်ကြီးဌာနမှာတာဝန်ထမ်းဆောင်နေတဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ ပါမောက္ခချုပ် အဆင့်များအတွက် အခန်း၁၀ခန်း ပါမောက္ခ(ဌာနမှူး)၊ ညွှန်ကြားရေးမှူး၊ ဌာနမှူးအဆင့်များအတွက် ၁၅၆ခန်း၊ ပါမောက္ခ၊ တွဲဖက် ပါမောက္ခ (၀ါရင့်)၊ ဒု ညွှန်ကြား ရေးမှူး (၀ါရင့်) အဆင့်များအတွက် ၁၇၈ခန်း၊ တွဲဖက်ပါမောက္ခ၊ ဒုညွှန်ကြားရေးမှူး၊ ကထိကအဆင့်များအတွက် ၁၄၃၀ ခန်း၊ လက်ထောက်ကထိက(ဝါရင့်)များအတွက် ၈၄ခန်း၊ လက်ထောက်ကထိက(ဝါရင့်)များအတွက် ၁၁၂ ခန်းနဲ့ နည်းပြ၊ သရုပ်ပြ(ဝါရင့်)များနေထိုင်ရန်အတွက် ၄၂၀ ခန်း စုစုပေါင်း ၂၃၉၀ ခန်းကို တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။

အခုအိမ်ရာစီမံကိန်းကို ၂၀၁၄ခုနှစ်က စတင်ပြီး ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနနဲ့ Myanmar Imperial Vega Co,Ltd တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013