DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်ခရီးစဉ် မြန်မာ့အရေး ထူးခြားလာနိုင်ဖွယ်ရှိ
DVB
·
August 18, 2016
ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်ခရီးစဉ် မြန်မာ့အရေး ထူးခြားလာနိုင်ဖွယ်ရှိ
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်က မြန်မာ့အရည်အချင်းသာမကဘဲ ကမ္ဘာ့အရည်အချင်းကိုပါ ပြသနိုင်မယ့် ချစ်ကြည်ရေးခရီးစဉ်ဖြစ်ကြောင်း လေ့လာ သုံးသပ်ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဂုတ် ၁၇ ရက်နေ့မှာ သွားရောက်တဲ့ ခရီးစဉ်က တရုတ်နဲ့ မြန်မာ ဆက်ဆံရေးမှာ ကောင်းတဲ့ဘက်ကို အားသာနေတယ်လို့ ဆိုပါတယ်။

“ဗမာပြည်အတွက် ကောင်းတဲ့ကံကြမ္မာတွေ ဖြစ်လာပါစေလို့ပဲ မျှော်လင့်တယ်။ ဒါကလည်းပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့အရည်အချင်းတင်မဟုတ်ဘူး။ အာရှအရည်အချင်း၊ ကမ္ဘာ့အရည်အချင်းကို ပြရာကျမယ်။ ဒေါ်အောင်ဆန်းစုကြည် အကောင်းဆုံး ကစားနိုင်ပါစေလို့ အဘမျှော်လင့်တယ်” လို့ သတင်းစာဆရာကြီး ဖိုးသောကြာ (ခေတ်+မိုး) က ပြောပါတယ်။

ဒီခရီးစဉ်က အရင်က သတင်းမထုတ်ပြန်ဘဲ တရုတ်နိုင်ငံနဲ့ ဆွေးနွေးပြီးသား အချက်တွေထဲက စီးပွားရေးထူထောင်ဖို့နဲ့ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးတွေအတွက် အဓိကကျတဲ့ အရေးအကြီးဆုံး နိုင်ငံရေးခရီးစဉ် ဖြစ်နေတယ်လို့ သုံးသပ်တာတွေ ရှိပါတယ်။

“ပြည်တွင်းငြိမ်းချမ်းရေးရဲ့ သော့ချက်ဟာ တရုတ်နယ်စပ်မှာရှိတယ်။ ဒါ အဘအမြင်ပဲ။ ဒါကြောင့် သူ တရုတ်ကို ချဉ်းကပ်ရလိမ့်မယ်” လို့ ဖိုးသောကြာက ဆက်ပြောပါတယ်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရန်ကျော်ကလည်း “ဆိုကြပါစို့။ အကယ်၍များဗျာ ရှီကျင်းပင်ရဲ့အိမ်ကို ဖိတ်ပြီးတော့ မိသားစုထမင်းဝိုင်းလိုဟာမျိုး ကျင်းပတာမျိုး ကျနော်တို့ နောင်လာမယ့် ရက်ပိုင်းအတွင်းမှာ တွေ့ရမယ်ဆိုရင် ကျနော်တို့ရဲ့ ဆက်ဆံရေးတွေဟာ၊ တရုတ်နိုင်ငံနဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးက အပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံရေးဘက်ကို မျက်စလှမ်းပြီးတော့ ပစ်လိုက်ပြီလို့ ကျနော်တို့ ပြောလို့ရပါတယ်” လို့ ပြောပါတယ်။

အဲဒါအပြင် လက်ရှိအစိုးရရဲ့ ၄ လကျော် သက်တမ်းအတွင်းမှာ မြန်မာ-ထိုင်း နယ်စပ်ထက် ပိုအရေးကြီးဖွယ်ဖြစ်နေတဲ့ တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အရေးကိစ္စတွေ၊ တိုင်းရင်းသားဒေသတွေနဲ့ ဆက်စပ်နေတဲ့ တရုတ်စီမံကိန်းတွေမှာလည်း တရုတ်နိုင်ငံက အရေးပါနေတယ်လို့ ဆက်လက်ပြောဆိုပါတယ်။

“ကမ္ဘာရွာခေတ်မှာ တဦးတယောက်တည်းပဲ နေလို့ရတာ မဟုတ်တဲ့ အခါကျတော့ အိမ်နီးချင်းဆက်ဆံရေးက အင်မတန် အရေးကြီးတယ်။ အထူးသဖြင့် ဒီနေ့ ဗမာပြည်မှာ မငြိမ်းမချမ်းဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း တော်တော်များများကလည်း တရုတ်-ဗမာ နယ်စပ်မှာ အခြေစိုက်နေတဲ့ အခါကျတော့ တရုတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကစားပွဲဟာ ဘောလုံးပွဲတွေနဲ့ နှိုင်းပြောမယ်ဆို အဘတို့က အောက်ကြေးကနေ ကစားရမှာ။ တရုတ်က အားကောင်းတာကိုး။ ကစားသမားအား ကောင်းတာပေါ့” လို့ ဖိုးသောကြာက သုံးသပ်ပြောဆိုပါတယ်။

တရုတ်ဘက်ကလည်း တောင်တရုတ်ပင်လယ်ကိစ္စမှာ နိုင်ငံရေးပုံရိပ် ကျဆင်းနေတာကြောင့် အနောက်ဥရောပနိုင်ငံတွေမှာ ထိုက်သင့်တဲ့သြဇာ ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကူအညီတချို့လည်း လိုအပ်နေချိန် ဖြစ်ပါတယ်။

“မြန်မာနိုင်ငံကလည်း ငြိမ်းချမ်းရေးကိုလိုချင်တယ်။ တဘက်က တရုတ်ကလည်း သူ့ရဲ့ ကျဆင်းနေတဲ့ နိုင်ငံရေးဂုဏ်သိက္ခာအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဖေးမမှုကို လိုချင်တယ်ဆိုရင်တော့ ဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် စာပေသင်ကြားမှု အတွေ့အကြုံတွေကို ပေါင်းစပ်ပြီးတော့ မြန်မာ့ရေမြေ သမိုင်းကြောင်းတွေနဲ့ ဆက်စပ်ပြီးတော့ ပြောနိုင်ဆိုနိုင် ဆွေးနွေးလာနိုင်မယ်ဆိုရင်တော့ မြန်မာနိုင်ငံအတွက် ထိုက်သင့်တဲ့ အကျိုးကျေးဇူးတခုရနိုင်တဲ့ ခရီးစဉ်ကြီးတခု ဖြစ်လိမ့်မယ်လို့ ဆရာတို့က မျှော်လင့်ပါတယ်” လို့ ဦးရန်ကျော်က ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ မြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီး တရုတ်ဘက်က နှစ်နိုင်ငံ ချစ်ကြည်ရေးအရ လက်လွှတ်နိုင်ဖွယ်ရှိသလို တခြားချုပ်ဆိုထားတဲ့ တရုတ်စီမံကိန်းအချို့နဲ့လည်း အပေးအယူကိစ္စတွေ ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013