DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူ ၁၂၀၀ နီးပါးမှာ ရဲတပ်ဖွဲ့ဝင် ၁ ယောက်နှုန်း တာဝန်ယူနေရ
DVB
·
August 18, 2016
မြန်မာပြည်သူ ၁၂၀၀ နီးပါးမှာ ရဲတပ်ဖွဲ့ဝင် ၁ ယောက်နှုန်း တာဝန်ယူနေရ
Donate to DVB

နိုင်ငံတကာစံနှုန်းအရ  ပြည်သူ ၄၀၀ မှာ ရဲ ၁ ယောက်နှုန်းရှိမှာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ပြည်သူ ၁၁၉၁ ယောက်မှာ ရဲ ၁ ယောက်နှုန်းနဲ့ တာဝန်ယူနေရတယ်လို့  ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။

သြဂုတ် ၁၇ ရက်က  ပြည်သူ့လွှတ်တော်မှာ ပန်းတောင်းမဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဒေါ်ခင်နှင်းသစ် တင်သွင်းတဲ့ တရားဥပဒေစိုးမိုးရေး၊ ခိုင်မာတဲ့ နိုင်ငံတော်တည်ဆောက်ရေး အတွက် အဟန့်အတားအနှောင့်အယှက်ဖြစ်နေတာကြောင့်  မှုခင်းကျဆင်းရေး အမြန်ဆုံး ဖော်ဆောင်ရန် အစိုးရကို တိုက်တွန်းကြောင်းအဆိုနဲ့ ပတ်သက်ပြီး  ဒုဝန်ကြီးက ရှင်းလင်း ပြောသွားတာပါ။

“မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လက်ရှိ ဖွဲ့စည်းပုံခွင့်ပြုအင်အား၏ ၄၆ ဒသမ ၂၅ ရာခိုင်နှုန်းသာ ခန့်ထားနိုင်ပြီး နိုင်ငံတကာ စံနှုန်းများအရ ရဲနှင့်ပြည်သူအချိုးမှာ ၁ အချိုး ၄၀၀ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးကို အဓိက ဆောင်ရွက်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့များ၏ ရဲနှင့် ပြည်သူအချိုးမှာ ၁ အချိုး ၁,၁၉၁ ဦးဖြစ်ပါကြောင်း” ပြည်ထဲရေး ၀န်ကြီး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်း၊ မန္တလေးတိုင်းတွေဟာ မှုခင်းဖြစ်ပွားမှု အများဆုံးဖြစ်ပြီး လူဦးရေ သိပ်သည်းပြီး ရဲတပ်ဖွဲ့ဝင်အင်အား နည်းပါးတာဟာ  မှုခင်းတွေ ပိုမိုဖြစ်ပွားရတဲ့ အကြောင်းရင်း တခုဖြစ်တယ်လို့ လည်းဆိုပါတယ်။

မှုခင်းအများဆုံးဖြစ်ပွားတဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ  ရဲနဲ့  ပြည်သူ အချိုးဟာ ရန်ကုန်တိုင်းမှာ  ၁ အချိုး ၁၂၄၁၊ ဧရာဝတီတိုင်းမှာ  ၁ အချိုး၁၃၀၈၊ ပဲခူးတိုင်းမှာ  ၁ အချိုး ၉၃၄၊ စစ်ကိုင်းတိုင်းမှာ ၁ အချိုး ၁၅၄၉ ၊ မန္တလေးတိုင်း မှာ  ၁ အချိုး ၁၃၁၇ တို့ဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ မှုခင်းကျဆင်းရေးနဲ့ ပတ်သက်ပြီး ၂၀၁၂ ခုနှစ်ကစ စီမံချက်များ ရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်နေရာမှာ   ၂၀၁၃ ခုနှစ်မှာ မှုခင်း   ၂၀၀၅၂ မှုနဲ့  ၂၀၁၆  သြဂုတ် ၁၅ ရက်နေ့ထိမှုခင်းပေါင်း ၅၆၄၉၂ မှု ဖော်ထုတ်အရေးယူနိုင်ခဲ့တယ်လို့ ပြည်ထဲရေးဌာန တာဝန်ရှိသူက ပြောသွားပါတယ်။

အစိုးရသစ် ရက် ၁ဝဝ ကာလအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကျဆင်း ရေး ရက် ၁ဝဝ စီမံချက်ရေးဆွဲပြီး မေ ၁ ရက်မှ သြဂုတ် ၈ ရက်အထိ ဆောင်ရွက်ခဲ့ရာမှာ မှုခင်းကြိုတင်ကာကွယ် အရေးယူမှု ၅၈၁ဝ၈ မှု၊ အမှုကြီး ၇၉၁ မှုနဲ့  အခြားအမှု ၁၆၈၅၄ မှုတို့ကို အရေးယူနိုင်ခဲ့ကြောင်းလည်း  ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်က ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013