
တရားမ၀င်ကုန်သွယ်မှုတွေ ဖြစ်နေတာဟာ မသမာတဲ့ကုန်သည်နဲ့ အကျင့်ပျက်ဝန်ထမ်းတွေကြောင့် ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောပါတယ်။
သြဂုတ် ၁၇ ရက်နေ့ အမျိုးသားလွှတ်တော်မှာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်က ဦးထွန်းထွန်းဦးက Mobile Team အဖွဲ့တွေ ဖျက်သိမ်းပြီးနောက်ပိုင်း နယ်စပ်လမ်းကြောင်းတွေကနေ တရားမ၀င်သွင်းကုန်တွေ ပိုမိုတင်သွင်းလာတာနဲ့ ပြည်တွင်းက အဖိုးတန်ထွက်ကုန်တွေ ပိုမိုပို့ဆောင်နေတာတွေ တားဆီိးထိန်းချုပ်အရေးယူဖို့ စီမံဆောင်ရွက်ထားခြင်း ရှိ မရှိ မေးခွန်းကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။
“တရားမ၀င်ကုန်သွယ်မှုတွေ ဖြစ်ပေါ်နေတာဟာ ကုန်သွယ်ရေးစခန်းတွေကို ရှောင်ကွင်းပြီး တရားဝင်တင်သွင်းခွင့်မပြုတဲ့ ကန့်သတ်တားမြစ်ကုန်ပစ္စည်းတွေကို တရားမ၀င် တင်သွင်း နေခြင်း၊ နိုင်ငံတော်ကို ပေးသွင်းရမယ့် ကျသင့်အခွန်တွေ မပေးဆောင်လိုဘဲ အခွန်တိမ်းရှောင် ခြင်း၊ တရားမ၀င် တင်သွင်းပြီး တရားဝင်တင်သွင်းတဲ့ ကုန်စည်တွေနဲ့ ဈေးကွက်မှာ မမှန်မကန် ယှဉ်ပြိုင်လိုခြင်း၊ ဌာနရဲ့ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းကန့်သတ်ချက်တွေကို ရှောင်လွှဲလိုခြင်း၊ မသမာတဲ့ ကုန်သည်နဲ့ အကျင့်ပျက်ဝန်ထမ်းတွေကြောင့် မှောင်ခိုဖြစ်ပေါ်နေပြီး အချို့ဒေသ တွေမှာ နယ်မြေအေးချမ်းမှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်” လို့ ဒေါက် တာသန်းမြင့်က ပြောပါတယ်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနအနေနဲ့လည်း ရေရှည်နဲ့ ကာလတို လုပ်ငန်းစဉ် နှစ်ရပ်ချမှတ်ပြီး ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။
နယ်စပ်ကုန်သွယ်ရေး အကောက်ခွန်စစ်ဆေးရေးစခန်းတွေကို တည်ဆောက်ဖို့ ဘက်ဂျက် တောင်းပြီး ယာဉ်စစ် စင်၊ X-Ray စက်တွေထားပြီး စစ်ဆေးဖို့ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီလို့ ပြောပါတယ်။
၂၀၁၂-၁၃ ဘဏ္ဍာနှစ်ကနေ Mobile Team တွေ ရပ်ဆိုင်းခဲ့တဲ့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် (ဒီဇင်ဘာလ) ထိ တရားမ၀င်အကောက်ခွန်မဲ့ပစ္စည်းတွေ ဖမ်းဆီးရရှိမှု အကောက်ခွန် အမှုတွဲပေါင်း ၈၅၂၉ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၅၂၉၃၆ သန်း သိမ်းဆည်းအရေးယူခဲ့ပြီး စားသုံးဖို့ မသင့်တဲ့ကုန်ပစ္စည်း ၉၃၇ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၂၅၃၀ သန်းကိုလည်း ဖျက်ဆီး နိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။
ဒီလိုတားဆီးနိုင်ခဲ့သလို လုပ်ထုံးလုပ်နည်းတွေဖြေလျော့ပေးခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုပမာဏဟာ လည်း ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၁၈ ဒသမ ၁၇ ဘီလီယံကနေ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ၂၉ ဒသမ ၁၅ ဘီလီယံအထိ ကုန်သွယ်မှု နှစ်ဆနီးပါး တိုးတက်ခဲ့တယ်လို့ ပြောပါတယ်။











