
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ထဲမှာရှိတဲ့ စံကင်းကျွန်းထဲကကျေးရွာတွေမှာ ဧရာဝတီမြစ်ရေကျဆင်းခဲ့ပေမယ့် ဘောလယ်မြစ်ရေ ဆက်လက်တက်နေတာကြောင့် ကျေးရွာထဲက နေအိမ်တွေရေနစ်မြုပ်နေပါတယ်။
ဇူလိုင်လ ၂၇ ရက်နေ့ထဲက ရေတက်နေတာဖြစ်ပြီး အခုချိန်ထိရေမကျသေးတာကြောင့် ကျေးရွာနေ ပြည်သူတွေက စားဝတ်နေရေးတွေ ကျပ်တည်းတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ အချိန်ကြာမြင့်စွာ ရေကြီးလာတာကြောင့်ဒေသထဲက လယ်ဧကထောင်ပေါင်းများစွာ ရေနစ်မြုပ်လို့ ဆုံးရှုံးသွားခဲ့ရပါတယ်။
ဒါ့အပြင် ငါးမွေးကန်တွေလည်း ပျက်ဆီဆုံးရှုံးခဲ့ရပြီလို့ ဒေသခံတဦးကဆိုပါတယ်။ ဒီလို အချိန်ကြာမြင့်စွာ ရေကြီးရေလျှံနေပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တော်နေတာကြောင့် ကျေးရွာတွေကို ကယ်ဆယ်ရေး အရောက်အပေါက် နည်းပါးနေတာပါ။
အခုအချိန်မှာ ဒေသခံပြည်သူတွေရဲ့စားဝတ်နေရေးအတွက် ဒေသခံ အန်အယ်လ်ဒီလူငယ်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့က ကြိုးစားပံ့ပိုးပေးနေကြပေမယ့် လုံလောက်မှု မရှိကြပါဘူး။
ဒါ့အပြင် ရေကြီးနေတာကြောင့် မြွေဆိုးအန္တရာယ်ပေါများပြီး ကျေးရွာလမ်းဘေးတလျှောက်က ခြံပုတ်တွေနဲ့သစ်ပင်ကြီးတွေမှာ မြွေပွေး၊ မြွေဟောက်နဲ့ ငန်းတော်ကြား လင်းမြွေ စတဲ့မြွေတွေက တွယ်ကပ်နေကြပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ တပတ်အတွင်းက ကလေး ၅ ဦးရဲ့ဖခင်တဦး မြွေပွေးကိုက်လို့ သေဆုံး သွားခဲ့ပါတယ်။ မြွေကိုချိန်မှာ ကျေးရွာဆေးပေးခန်းမှာ မြွေဆိပ်ဖြေဆေးမရိတာကြောင့် ကျေးရွာဓလေ့ကုထုံးတွေနဲ့ ကုသပြီး ညောင်တုန်းမြို့ပေါ်ကဆေးရုံတင်ဖို့ ကြိုးစားခဲ့ကြပေမယ့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အသက်ဆုံးရှုံးခဲ့ရတာပါ။
ကျေးရွာဆေးပေးခန်းတွေမှာလည်း မြွေဆိပ်ဖြေဆေးနဲ့ ကာကွယ်ဆေးအပြင် ကိုယ်ပူဖျားနာ အတွက် ဆေးဝါးအလုံအလောက်မရှိကြတာကြောင့် မလိုအပ်ပဲ အသက်အန္တရာယ် ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
ဓာတ်ပုံ - ဟိန်းကို










