
ပြီးခဲ့တဲ့ အင်္ဂါနေ့ နေ့လယ်ပိုင်းက အမေရိကန်သမ္မတလောင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု လူစုလူဝေးတခုမှာ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်က သေနတ်ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်တဲ့ အခွင့်အရေးကို အားနည်းအောင် လုပ်ပေးနိုင်တဲ့ တရားရုံးချုပ် တရားသူကြီးတွေ ခန့်အပ်လာမှာကို ဒုတိယပြင်ဆင်ချက်ကို ခုခံကာကွယ်မယ့်သူတွေက တားဆီးနိုင်ကောင်း တားဆီးနိုင်မှာ ဖြစ်တယ်လို့ ပြောကြားလိုက်တဲ့အတွက် အငြင်းပွားမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒေါ်နယ်လ်ထရမ့်က “ဟီလာရီက ဖျက်သိမ်းပစ်ချင်တာပါ။ အထူးသဖြင့် ဒုတိယပြင်ဆင်ချက်ဥပဒေကို ဖျက်သိမ်းပစ်ချင်တာပါ။ စကားမစပ် သူသာ ရွေးချယ်ခွင့်ရသွားမယ်ဆိုရင် သူ့ရဲ့ တရားသူကြီးတွေကို ရွေးချယ်ခွင့် ရသွားမယ်ဆိုရင်ပေါ့ဗျာ ကိုယ့်လူတို့ရေ…ခင်ဗျားတို့ ဘာမှ လုပ်လို့မရနိုင်တော့ပါဘူး။ ဒုတိယပြင်ဆင်ချက်ဥပဒေသမားတွေ ရှိရင်လည်း ရှိနေနိုင်ပေမယ်ပေါ့ဗျာ။ ကျနော်မသိပါဘူး။” လို့ ထရမ့်က ပြောခဲ့ပါတယ်။
“ဒါပေမယ့် ဖြစ်လာမှာက ဆိုးဝါးတဲ့နေ့တနေ့ ဖြစ်လာမယ်။ တကယ်လို့ ဟီလာရီက သူ့တရားသူကြီးတွေကို ဆွဲသွင်းနိုင်သွားမယ်ဆိုရင် အခုကိုပဲ ကျနော်တို့ ချည်နှောင်ခံလိုက်ရပြီပေါ့ဗျာ။” လို့လည်း သူက ပြောခဲ့ပါတယ်။
မဲဆွယ်စည်းရုံးပွဲမှာ ဒေါ်နယ်လ်ထရမ့်က အဲဒီလိုပြောခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ (USSS) က ဒေါ်နယ်လ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို တွေ့ဆုံ စကားပြောခဲ့တယ်လို့ ဆိုပါတယ်။ တကြိမ်မက စကားပြောဆိုခဲ့တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်က စီအန်အန် သတင်းဌာနကို ပြောခဲ့ပေမယ့် မဲဆွယ်စည်းရုံးရေးအဖွဲ့ရဲ့ ဘယ်အဆင့်နဲ့ တွေ့ဆုံပြောဆိုခဲ့တယ် ဆိုတာကတော့ အသေအချာ မပြောနိုင်ခဲ့ပါဘူး။
ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့ကတော့ ဒေါ်နယ်လ်ထရမ့်က အကြမ်းဖက်မှုဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ပြောဆိုတာ မဟုတ်ဘူးလို့ အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ကို ပြောခဲ့ပါတယ်။ ထရမ့်ကိုယ်တိုင်ကလည်း သူ့ရဲ့ တွစ်တာစာမျက်နှာမှာ အဲဒီလို တွေ့ဆုံတာ စကားပြောဆိုတာမျိုး မရှိခဲ့ပါဘူး” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ရဲ့ ဆက်သွယ်ရေးဒါရိုက်တာ ကက်သေ မီးလ်ဟုန်းကတော့ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့နဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့တို့ တွေ့ဆုံ စကားပြောခဲ့တာနဲ့ ပတ်သက်ပြီး အတည်ပြု ပြောဆိုမှု မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကြေညာချက်တခုထဲမှာတော့ အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က မစ္စတာထရမ့်ရဲ့ ဝေဖန်ချက်တွေကို သိရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ထရမ့်ကတော့ အင်္ဂါနေ့ညနေမှာ သူက သေနတ်ပိုင်ရှင်တွေကို မဲပေးတဲ့အခါ ဟီလာရီကလင်တန်ကို ညီညီညွတ်ညွတ် ဆန့်ကျင်ကြဖို့ပဲ ပြောခဲ့တာပါလို့ ဆိုပါတယ်။ သူက ဖော့ဆ်ခ်သတင်းဌာနက ရှောင်းဟင်နီတီကို “ဒါက နိုင်ငံရေးလှုပ်ရှားမှုဗျ။ အားကောင်းတဲ့ နိုင်ငံရေးလှုပ်ရှားမှုတခုပါ။ ဒုတိယပြင်ဆင်ချက်လေ။” လို့ ပြောခဲ့ပြီး “ပြောချင်တာက တခြားဘာအဓိပ္ပာယ်မှ မရှိပါဘူး။ ကျနော် ခဏနားပါရစေဗျာ။” လို့ ပြောခဲ့ပါတယ်။
လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီကြီးရဲ့ သမ္မတလောင်းအဖြစ် ဘီလျံနာသူဌေး ဒေါ်နယ်လ်ထရမ့် ရွေးချယ်ခံရနိုင်ခြေ ရှိကတည်းက ဒီမိုကရက်ပါတီက လက်ရှိသမ္မတ ဘာရက်အိုဘားမား ကိုယ်တိုင်က သူ့ပါတီရဲ့ သမ္မတလောင်းအဖြစ် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ကို ရွေးချယ်ပေးဖို့ ပါတီတွင်းက အဓိကယှဉ်ပြိုင်ဘက် ဖြစ်နေတဲ့ ဘာနီဆန်းဒါးနဲ့ တွေ့ဆုံညှိနှိုင်းပြီး ဘာနီဆန်းဒါးကလည်း ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဟီလာရီကလင်တန်ကိုပဲ ရွေးချယ်သင့်တယ်လို့ လက်ခံသဘောတူခဲ့ပြီး သူက နောက်ဆုတ်ပေးခဲ့သလို လက်ရှိသမ္မတ ဘာရက်အိုဘားမား ကိုယ်တိုင်က ဟီလာရီကို အမည်စာရင်းတင်သွင်း အင်တိုက်အားတိုက် မဲဆွယ်စည်းရုံးပေးခဲ့တာတွေကို ကျနော့်ရဲ့ အမေရိကန်သမ္မတလောင်း မဲဆွယ်စည်းရုံးရေးပွဲတွေအကြောင်း ရေးခဲ့တဲ့ ရှေ့က ဆောင်းပါးတွေမှာ ရေးသားတင်ပြခဲ့တာကို စာဖတ်သူတွေ အမှတ်ရကြဦးမယ် ထင်ပါတယ်။
အမေရိကန်ပြည်ထောင်စုကို ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံတခု၊ ဘေးအန္တရာယ် လုံခြုံကင်းရှင်း အင်အားကြီးမားတဲ့ နိုင်ငံတခုဖြစ်အောင် တည်ဆောက်ပေးမယ်လို့ ကြုံးဝါးပြီး နိုင်ငံထဲကို ၀င်ရောက်ရွှေ့ပြောင်း နေထိုင်သူ နိုင်ငံခြားသားတွေ ရွှေ့ပြောင်းနေထိုင်နိုင်ရေး ကြိုးပမ်းနေကြတဲ့ ကမ္ဘာတ၀ှမ်းက နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ ဆိုးကျိုးတွေကို ထောက်ပြပြီး ခပ်ပြတ်ပြတ်ငြင်းပယ် ကန့်ကွက် နိုင်ငံကို ပိတ်ကာထားဖို့ ပြောပြီး လူထုကို မဲဆွယ်စည်းရုံးခဲ့ပါတယ်။ လူမျိုးရေးခွဲခြားမှုနဲ့ အမုန်းပွားစကားတွေနဲ့ လူထုကို စည်းရုံးခဲ့သလို အမေရိကန်နိုင်ငံသားတွေရဲ့ ခုခံကာကွယ်ပိုင်ခွင့်ကိုလည်း အလေးပေး ပြောဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံအ၀ှမ်းမှာ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုတွေ များပြားလာတဲ့ကိစ္စကို သမ္မတ အိုဘားမားက လက်နက်ဝယ်ယူခွင့်၊ ကိုင်ဆောင်ခွင့်တွေအပေါ် ပြန်လည်စဉ်းစား ကိုင်တွယ်ထိန်းချုပ်ဖို့ ကြိုးစားလာတာကိုလည်း ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။ အဲဒီအတွက် အမေရိကန်နိုင်ငံသားတွေ လွတ်လွတ်လပ်လပ် လက်နက်ဝယ်ယူ ကိုင်ဆောင်ခွင့် ပိုင်ဆိုင်ခွင့်အပေါ် ကျားကုတ်ကျားခဲ ကာကွယ်နေတဲ့ အမျိုးသား ရိုင်ဖယ်အသင်း (NRA) က အိုဘားမားရဲ့ မူဝါဒတွေအတိုင်း ဆက်လက်လုပ်ကိုင်ဆောင်ရွက်မယ့် ဒီမိုကရက်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်ကို ဆန့်ကျင်ရေး ကြော်ငြာတွေအတွက် အမေရိကန်ဒေါ်လာ ၃ သန်း သုံးစွဲခဲ့ပါတယ်။
ဒီမိုကရက်ပါတီဘက်ကတော့ ဒေါ်နယ်လ်ထရမ့် အမေရိကန်သမ္မတ ဖြစ်မလာရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်း လူထုကို စည်းရုံးနေပါတယ်။ ခု ဒေါ်နယ်လ်ထရမ့်ရဲ့ ဒုတိယ ပြင်ဆင်ချက်ဥပဒေနဲ့ ပတ်သက်ပြီး ပြောဆိုလာတဲ့အပေါ် ဟီလာရီကလင်တန်က “စကားလုံးတွေက ပြဿနာရှိပါတယ် မိတ်ဆွေတို့။ တကယ်လို့ ရှင်တို့ဟာ အမေရိကန်သမ္မတ ဖြစ်လာဖို့ ယှဉ်ပြိုင်နေတဲ့သူ၊ ဒါမှမဟုတ် အမေရိကန်သမ္မတ ဖြစ်နေတယ်ဆိုရင် စကားလုံးတွေမှာ ကြီးမားတဲ့ အကျိုးဆက်တွေ ရှိနေနိုင်ပါတယ်။ မနေ့က ဒေါ်နယ်လ်ထရမ့်ဆီက အမှတ်မထင်ထွက်လာတဲ့ အတော်လေးရှည်လျားပြီး စည်းကျော်တဲ့ ဝေဖန်ပြောဆိုမှုကို ကျမတို့ ကြားခဲ့ရပါတယ်။” လို့ ဗုဒ္ဓဟူးနေ့က တုံ့ပြန် ပြောဆိုလိုက်တာ တွေ့ရပါတယ်။
ဒါပေမယ့် ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ကို ထောက်ခံသူတွေကတော့ ဗုဒ္ဓဟူးနေ့က မစ္စတာထရမ့်က နောက်ပြောင်လိုက်တာသာ ဖြစ်တယ်လို့ ပြောပြီး အငြင်းပွားနေတာကို ဖြေလျှော့ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီမိုကရက် ထောက်ခံသူတွေနဲ့ သတင်းမီဒီယာတွေကိုလည်း ပုံကြီးချဲ့ခဲ့ကြတာဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဒီမိုကရက်ပါတီ ထောက်ခံသူ အတော်များများကတော့ ဒါဟာ ထရမ့်က ပြိုင်ဘက်ဖြစ်တဲ့ ဟီလာရီ ကလင်တန်ကို ခြိမ်းခြောက်လိုက်တာဖြစ်တယ်လို့ နားလည်ထားခဲ့ကြပါတယ်။ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေး မန်နေဂျာဟောင်း ကိုရီ လီဝမ်ဒေါစကီးကတော့ ဘီလျံနာ စီးပွားရေးသမားဖြစ်တဲ့ ထရမ့်က ကလင်တန်ကို အလဲထိုး အနိုင်ယူဖို့ ဒုတိယ ပြင်ဆင်ချက်ဥပဒေကို ထောက်ခံသူတွေကို ညီညွတ်စည်းရုံးဖို့ ကြိုးစားလိုက်တာပဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
နယူးယောက် မြို့တော်ဝန်ဟောင်း ရူဒီဂီလျာနီကလည်း ကလင်တန် မဲဆွယ်စည်းရုံးသူတွေနဲ့ သတင်းမီဒီယာတွေက ထရမ့်ရဲ့ စကားလုံးတွေကို တလွဲဖြစ်အောင် ဖန်တီးခဲ့ကြတာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ သူက အေဘီစီသတင်းဌာန “မင်္ဂလာမနက်ခင်းပါ အမေရိက” အစီအစဉ်ကို “သူရည်ရွယ်တာက သိပ်ပြီး ရိုးရှင်းပါတယ်။ သေနတ်ပိုင်ဆိုင်တဲ့သူတွေက ဟီလာရီကို မဲမပေးသင့်ကြဘူးလို့ ပြောလိုက်တာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
ဘယ်လိုပဲပြောပြော ဟီလာရီကလင်တန်ကို ထောက်ခံသူတွေကတော့ ဗုဒ္ဓဟူးနေ့မှာ ဆက်ပြီး ပြစ်တင်ပြောဆိုပြီး အကြမ်းဖက်မှုဟာ နောက်ပြောင်စရာမဟုတ်ဘူးလို့လည်း ပြောကြပါတယ်။
နယူးယောက်မြို့တော်ကောင်စီ ဥက္ကဋ္ဌဟောင်း ခရစ္စတင်းကွင်းက စီအန်အန်ရဲ့ နယူးဒေးကို ပြောကြားခဲ့ရာမှာ “ဘယ်လို အကြမ်းဖက်မှုမျိုးနဲ့ ပတ်သက်လို့ဖြစ်ဖြစ် နောက်ပြောင်တယ်လို့ ပြောတာကတော့ ရယ်စရာကောင်းပါတယ်။ အကြမ်းဖက်မှုကြောင့် ဖြစ်လာတဲ့ သက်ရောက်မှုကို ဂရုမစိုက်တာပဲလို့ သဘောထားရမှာပါပဲ” လို့ သူ့သဘောထားကို ဖော်ပြသွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံထဲမှာ ဖြစ်နေခဲ့တဲ့ လက်နက်ကိုင် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး လက်နက်ပိုင်ဆိုင်ခွင့် ကိုင်စွဲခွင့်ကို ကန့်သတ်ထိန်းချုပ်စေချင်သူတွေကတဘက်၊ လက်နက်ပိုင်ဆိုင်ကိုင်စွဲခွင့်ကို ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်ဖို့ အခွင့်အရေးတရပ်အဖြစ် သဘောထားသူတွေကတဘက် ဖြစ်နေတဲ့ အခြေအနေဟာ ဒီကနေ့ ဒီမိုကရက်ပါတီနဲ့ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ၂ ယောက်ရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ အရေးပါတဲ့ကိစ္စရပ် ဖြစ်လာတာကတော့ အသေအချာပဲဖြစ်ပါတယ်။ ကျနော်တို့ စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။
စိုးနေလင်း










