
ဇွန် ၁၇ ရက်က ဘယ်လာရုစ်ကျောင်းသားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးကို ယူကရိန်း က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှား စွပ်စွဲချက် မှားယွင်းကြောင်း ယူကရိန်းစစ်တပ်က တုံ့ပြန် ခဲ့ပါတယ်။
ဒီဘတ်စ်ကားဟာ ဘယ်လာရုစ်က ကလေးဘောလုံးအသင်းကို ရုရှားတောင်ပိုင်းမှာ အားလပ်ရက် အပန်းဖြေဖို့ ခေါ်လာတာလို့ ယူကရိန်းနယ်စပ်ကပ်လျက်ရှိ ရုရှားနိုင်ငံ ဘရီးယန့်စ်ခ်ဒေသရဲ့ ယာယီ အုပ်ချုပ်ရေးမှူး ရီဂေါ ကိုဗယ်လ်ချုပ်က ပြောပါတယ်။
ယာယီအုပ်ချုပ်ရေးမှူး ကိုဗယ်လ်ချုပ်က ပြတင်းပေါက်မှန်တွေ ကွဲကြေနေပြီး ရှေ့ညာဘက်ဘီး ပျက်စီးနေတဲ့ ငွေရောင်ဘတ်စ်ကားတစီးနဲ့ ကားထဲက ထိုင်ခုံတချို့မှာ သွေးကွက်လို့ ယူဆရတဲ့ အကွက်တွေကို မြင်တွေ့ရတဲ့ ဓာတ်ပုံတချို့ကို အွန်လိုင်းမှာ တင်ခဲ့ပါတယ်။
ဘယ်လာရုစ်နိုင်ငံ၊ ဂိုမယ်လ်မြို့ကနေ ရုရှားနိုင်ငံ၊ ဂျီလန်ဇစ်မြို့ကို မောင်းနှင်လာတဲ့ အဲဒီဘတ်စ်ကား ပေါ်မှာ ကလေး ၂၈ ယောက် အပါအဝင် ခရီးသည် စုစုပေါင်း ၄၄ ယောက် ပါလာတယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒါဟာ “နောက်ထပ် လူမဆန်တဲ့ ရာဇဝတ်မှုတခုပဲ” လို့ ခေါ်ဆိုလိုက်ပြီး ကလေးတွေနဲ့အတူ လိုက်ပါလာတဲ့ အမျိုးသမီးတယောက် သေဆုံးသွားကာ ကလေး ၆ ယောက် အပါအဝင် နောက်ထပ် ၈ ယောက် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ရုရှားစုံစမ်းစစ်ဆေးရေးမှူးတွေကတော့ ဒါကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်ပြီး အမှုဖွင့် စုံစမ်း နေပါတယ်။
ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်ရုံးက ရုရှားရဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပြီး “အဲဒီအချိန်တုန်းက ယူကရိန်း ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဘရီးယန့်စ်ခ် ဒေသထဲက ဘယ်ပစ်မှတ်ကိုမှ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာ မရှိဘူး” လို့ တယ်လီဂရမ်မှာ ရေးသားထားပါတယ်။
ဒီလထဲမှာတင် ယူကရိန်အရှေ့ပိုင်း ရုရှားထိန်းချုပ်ထားတဲ့ ဒွန်းနက်စ်ဒေသမှာ ဘတ်စ်ကားတစီးကို ယူကရိန်းက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ အရပ်သား ၈ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရခဲ့တယ် ဆိုပြီး ရုရှားက ယူကရိန်းကို စွပ်စွဲခဲ့ပါသေးတယ်။
Source: Reuters










