DVB Logo
Home
မြန်မာသတင်း
ချော်တွင်းကုန်း ဈေးဆိုင်ခန်းများ အင်အားသုံး ဖယ်ရှားခံရ
DVB
·
August 14, 2016
ချော်တွင်းကုန်း ဈေးဆိုင်ခန်းများ အင်အားသုံး ဖယ်ရှားခံရ
1 / 11
Donate to DVB

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ချော်တွင်းကုန်းမီးပွိုင့်အနီးက ဈေးဆိုင်ခန်း ၂၀ လောက်ကို   လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတာဝန်ရှိသူတွေက ရဲတပ်ဖွဲ့၊ စည်ပင်ဝန်ထမ်းတွေနဲ့အတူ ဒီကနေ့ မနက်က ရှင်းလင်းဖယ်ရှားလိုက်ပါတယ်။

ဒီဆိုင်ခန်းတွေဟာ လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပိုင်မြေမှာ  နှစ်ပေါင်း ၂ဝ လောက် မြေငှားပြီး တည်ဆောက်ထားတဲ့ ဆိုင်ခန်းတွေ ဖြစ်ပါတယ်။

၂ဝ၁၃ ခုနှစ်ကတည်းက ရွှေ့ပြောင်းပေးဖို့ မကြာခဏ သတိပေးခဲ့ဖူးပြီး ပြီးခဲ့တဲ့သီတင်းပတ်က  ပြောင်းရွှေ့ကြဖို့ကို  နောက်ဆုံးအကြိမ် သတိပေးခဲ့ပြီးနောက်  ခုလို အင်အားသုံးဖယ်ရှားလိုက်တာပါ။

ဆိုင်ဖယ်ရှားခံရတဲ့ကိုလတ် (ပါရမီ) ဂက်စ်မီးဖိုဆိုင်ပိုင်ရှင် ဦးအောင်ကိုလတ်က “ကျနော်တို့ကတော့ ကျနော်တို့ တင်တဲ့အစိုးရ ကျနော်တို့ကို ဒီလိုမျိုးမလုပ်ဖူးလို့ တွက်တာပေါ့။ ကျနော်တို့ကို ရဲနဲ့ အုပ်ထုပ်အပြာနဲ့ စည်ပင်တွေနဲ့ ခေါ်လာပြီး မနက်က သူတို့လာတယ်လေ၊ မနက် ၆ နာရီမှာ အော်လံနဲ့အော်တယ်၊ ဒီဌာနမြေပေါ်မှာ နေတဲ့ ဆိုင်ခန်းတွေကို ၁၉၅၅ ခု ဥပဒေနဲ့ နှင်ထုတ်မယ်၊ ၁ နာရီအတွင်း ပစ္စည်းရွှေ့ရင်ရွှေ့၊ မရွှေ့ရင် သူတို့ လူအင်အားသုံးပြီး ပစ္စည်းတွေရွှေ့မယ်ဆိုပြီး ၁ နာရီစောင့်ပေးတယ်။ အဲဒါနဲ့ ကျနော်တို့က မရွှေ့ဘူးလေ၊ အဲဒီအပေါ်မှာ သူတို့က လူအင်အားနဲ့ ပစ္စည်းတွေအကုန်လုံး လမ်းမပေါ်ပုံလိုက်တယ်။ ပြီးတော့ ၁၂ နာရီမထိုးခင် ပစ္စည်းတွေသယ်ပါတဲ့၊  မသယ်ရင် စည်ပင်က သိမ်းမယ်လို့ ထပ်ပြီး နှိပ်ကွပ်တယ်။ အဲဒါနဲ့ ကျနော်တို့ ၁၂ နာရီမထိုးခင် ပစ္စည်းတွေသယ်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီဆိုင်ခန်းနေရာမှာ ၁၇ နှစ်နီးပါး ဂတ်စ်မီးဖိုအမျိုးမျိုး ရောင်းဝယ်ဖြန့်ချိ ပြင်ဆင်ပေးတဲ့ လုပ်ငန်း လုပ်ကိုင်နေတာဖြစ်ပြီး ခုလို ဖယ်ရှားခံရတဲ့အတွက် မိသားစုရဲ့ စီးပွားရေး အများကြီး ထိခိုက်သွားတယ်လို့လည်း ဦးအောင်ကိုလတ်က ပြောပါတယ်။

“ကျနော်ဒီမှာ စရောင်းတဲ့အချိန်တုန်းက လွန်ခဲ့တဲ့ ၁၇ နှစ်ပေါ့၊ ဆိုင်ခန်းတွေ လူအပြည့်မရှိဘူး။ ညနေ ၆ နာရီဆိုင်ပိတ်ရတယ် ကြောက်လို့။ ၁ နာရီ ကား ၁ စီးမရှိဘူး အဲဒီတုန်းက။ လုတာယက်တာရှိလို့  ဈေးဦးမပေါက်တဲ့ ရက်တွေရှိတယ်။ ရုန်းကန်လာတာ ကျနော်တို့မှာ အဲလိုဘ၀ကို၊ အခုလိုစည်ကားပြီးတော့ အဆင်ပြေတဲ့အချိန်မှာ ဖယ်ခိုင်းတယ်ဆိုတော့ ကျနော်တို့ စီးပွားရေးတွေ အများကြီးထိခိုက်တယ်။”

အလားတူ နေရာရွှေ့ပြောင်းခံခဲ့ရတဲ့ စက်ချုပ်သင်တန်းကျောင်းက နန်းမိုးနှင်းအေးက “မနက်တုန်းက လူအင်အားသုံးပြီး လာဖယ်ခိုင်းတယ်၊ တရက်လောက်ခဏလေးပေးနေပါဆို တာတောင် မနေခိုင်းဘူး။ ပစ္စည်းတွေက ဆိုင်တဆိုင်မှာ အများကြီးပဲလေ၊ ၁ နာရီပဲ အချိန်ပေးတယ်။ ဘယ်လိုလုပ်အဆင်ပြေမှာလဲ၊ ကျမတို့နေရာတွေလည်း မငှားရသေးဘူး။  ဘယ်သွားလို့ ဘယ်လာရမှန်းလည်း မသိဘူး။ တစ်ညပဲစောင့် ကျမတို့ သယ်ပေးမယ်ပြောင်းပေးမယ်။ အခုကတော့ ဘယ်လိုမှ လုပ်လို့မရတော့ဘူး။  ပစ္စည်းတွေကလည်းပုံပြီး ပွစိတက်နေရော၊ ရေဘေးဒုက္ခသည်ထက်ကို  ဆိုးနေတယ်  ” လို့ ပြောပါတယ်။

ဒီနေရာမှာ ဖွင့်လှစ်ရောင်းချနေတဲ့ ဆိုင်ခန်းတွေကို ၀န်ကြီးဌာနက လွန်ခဲ့တဲ့ ၃ နှစ်ကျော် လောက်ကစလို့ ဖယ်ရှားခိုင်းခဲ့ပြီး ဆိုင်ခန်းခပေးလည်း လက်မခံတော့ဘဲ ရောင်းခွင့်ပြုထားတာပါ။

ဒါပေမယ့် ဆိုင်ခန်းလက်လွှဲ ငှားစားသူတွေလည်း ရှိနေပြီး   စက်ချုပ်သင်တန်းကျောင်းက နန်းမိုးနှင်းအေးကတော့ တလကျပ် ၂ သိန်းပေးပြီး လုပ်ငန်းလုပ်ကိုင်နေတာလို့ ပြောပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာန ညွှန်မှူး ဦးအောင်ဇော်မိုးကတော့ အဆိုပါမြေဟာ လူကယ်ပြန်ဌာနပိုင် မြေဖြစ်ပြီး ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ နှင်ထုတ်ခြင်း ပုဒ်မ ၃ (၂) အရ  ဥပဒေနဲ့အညီ ဖယ်ရှားတာလို့ မီဒီယာတွေကို ပြောပါတယ်။

ဓာတ်ပုံ - Pho Nyi Htwe

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013