DVB Logo
Home
မြန်မာသတင်း
နာဂဒေသ၌ ၀က်သက်ရောဂါ ထိန်းချုပ်နိုင်ပြီဟု ကျန်းမာရေးဌာနပြောကြား
DVB
·
August 14, 2016
နာဂဒေသ၌ ၀က်သက်ရောဂါ ထိန်းချုပ်နိုင်ပြီဟု ကျန်းမာရေးဌာနပြောကြား
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဒေသခံရွာသားတွေ သေဆုံးခဲ့တာဟာ  ၀က်သက်ရောဂါကြောင့်လို့ အတည်ပြုနိုင်ပြီး ရောဂါကို ကွင်းဆင်းကုသ ထိန်းချုပ်နိုင်ပြီလို့ အစိုးရ ကျန်းမာရေးဌာနတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

နာဂဒေသ ကလဟယ်နဲ့ နန်းယွန်းမြို့နယ်ထဲက ကျေးရွာတွေမှာ ဖျားနာချောင်းဆိုး ခန္ဓာကိုယ်မှာ အနီစက်တွေထွက်တဲ့ အမည်မသိ ကူးစက်ရောဂါဖြစ်ပွားပြီး ကလေးငယ်တွေရော သက်ကြီးရွယ်အိုတွေပါ သေဆုံးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အစိုးရတာဝန်ရှိသူတွေက ဒီဒေသကို သွားရောက်ခဲ့ကြတာပါ။

ကိုယ်တိုင်ကွင်းဆင်း သွားရောက်ခဲ့တဲ့  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာက ညွန်ကြား ရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက  “ကျနော်ကိုယ်တိုင်ခေါင်းဆောင်တဲ့ ကူးစက်ဆရာ ၀န်စုစုပေါင်း ၁၀ ယောက်နဲ့ ကျနော်တို့ ကွင်းဆင်းဆောင်ရွက်ခဲ့တယ်။ ဖြစ်တဲ့နေရာမှာရှိတဲ့ ရောဂါလက္ခဏာ သတ်မှတ်ချက်နဲ့ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေအရ ၀က်သက်ရောဂါဖြစ်ပွားကြောင်း ဓာတ်ခွဲစမ်းသပ်မှုအရ အတည်ပြုတယ်။ ရောဂါလက္ခဏာကလည်းပဲ ၀က်သက်ရောဂါလက္ခဏာတွေနဲ့ တူတဲ့ အတွက်ကြောင့် ၀က်သက်ရောဂါ ကပ်အသွင်ဖြစ်ပွားတယ်လို့ ကျနော်တို့ သတ်မှတ်တယ်”လို့ပြောပါတယ်။

ဝက်သက်ရောဂါဟာ လေထဲကနေ ကူးစက်နိုင်တဲ့အတွက် ရောဂါဖြစ်ပွားတဲ့ရွာနဲ့ အနီးပတ်ဝန်းကျင်ကကျေးရွာတွေမှာ ရောဂါ ထိန်းချုပ်ဇုန်သတ်မှတ်ပြီး ကျန်းမာရေး ၀န်ထမ်းတွေက ၀က်သက်ရောဂါကွယ်ဆေးတွေထိုးပေးနေတယ်လို့ သိရပါတယ်။

လက်ရှိ ရောဂါအဓိကဖြစ်ပွားတဲ့ လဟယ်မြို့နယ် ထန်ခေါ်လာမားကျေးရွာမှာ ရောဂါဖြစ်ပွားမှု မရှိတော့ဘဲ ရောဂါထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ ဒေါက်တာစိုးလွင်ငြိမ်းကပြောပါတယ်။

“အသေအပျောက်မရှိတော့ဘူး၊ ဒါကြောင့်မို့လို့ ကျနော်တို့ ထိန်းချုပ်နိုင်ပြီလို့ပြောတာ၊ တခြားဒေသတွေမှာလည်း ကူးစက်မှုမရှိတော့ဘူး။ သေဆုံးမှုက ထန်ခေါ်လာမားမှာတော့ ၂၅ ယောက်ပဲ၊ နန်းယွန်းဘက်က သတင်းက ကျနော်တို့ သေချာကွင်းဆင်းဆောင်ရွက်တယ်။ ဆောင်ရွက်တော့ အဲဒီဘက်ကတော့ ကောလာဟလပဲ၊ ၁၃ ယောက် သေတယ်ဆိုပေမယ့် ၀က်သက်ရောဂါနဲ့ ပတ်သက်ပြီး ဘာမှ ဖြစ်ပွားမှုမရှိဘူး။ ကပ်ရောဂါလည်းမရှိဘူး၊ တခြားကူးစက်ကပ်ရောဂါလည်းမရှိဘူး၊ ၁၃ ယောက် သေဆုံးတာက ကပ်ရောဂါကြောင့် ရုတ်တရက်သေတာ မဟုတ်ဘဲနဲ့ ပုံမှန် ၆ လစာလောက် အဲဒီနားက ရွာတွေမှာ သေတဲ့ သတင်းကို စုပေးတာပေါ့။ ရတဲ့သတင်းနှစ်ခုမှာ ထန်ခေါ်လာမားမှာပဲ ကူးစက်ရောဂါဖြစ်တယ်။ ကျနော်တို့ ထိန်းချုပ်နိုင်တယ်၊ နန်းယွန်းမှာတော့ ၀က်သက်ကော တခြားကူးစက်ရောဂါရော ဘာမှ ကပ်ရောဂါဖြစ်ပွားမှုမရှိဘူး။”

14039970_944793102315223_8936530784147977118_nနာဂဒေသက လဟယ်နဲ့ နန်းယွန်းမြို့နယ်ထဲမှာ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့်     သြဂုတ် ၇ ရက်နေ့ အထိ သေဆုံးသူဦးရေ ၄၀ ကျော်ရှိတယ်လို့   စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က  ဒီဗွီဘီကိုပြောထားပါတယ်။

နာဂအမျိုးသားရေးရာကောင်စီ အထွေထွေအတွင်းရေမှူး နော်အောင်ဆန်းကတော့ သေဆုံးသူ အရေတွက် ပိုများနိုင်ပြီး လဟယ်မြို့နယ်ထဲ ရောဂါဖြစ်ပွားမှု အခြေအနေဟာ လက်ရှိအချိန်ထိ ဆိုးရွားနေဆဲပဲလို့ ပြောပါတယ်။

“ဒေသခံတွေရဲ့ ဖော်ပြချက်အရ သေဆုံးသူ ၆၀ ကျော်တယ်လို့ ပြောနေတယ်။ ၆၀ ကျော်တယ်ဆိုတဲ့ဟာက  ဒေသခံတွေပြောတာက မတ်လကနေ ဒီနေ့အချိန် အထိ ၆၀ ကျော်တယ်လို့ ပြောတယ်။ ဒါပေမယ့် အဲဒီဟာကို ကျနော်တို့  သက်သေအထောက်အထား ပြောဖို့ အရမ်းခက်နေတဲ့ အနေအထားဖြစ်ပါတယ်။  လက်ရှိ ဒေသအစိုးရအဖွဲ့က ဖော်ပြတဲ့ စာရင်းအရ ၄၂ ဦးရှိနေပါပြီ။  လက်ရှိ လဟယ်မြို့နယ်ထဲက ရွှေလောရွာမှာ ၁၇၄ ဦးက ဖျားနာခြင်း အပြင်းအထန်ခံစားနေရတယ်။ အဲဒီထဲက ၂ ဦးက တော်တော်လေး အသက်အန္တရာယ် စိုးရိမ်ရလို့ တော်တော်လေးစောင့်ကြည့်နေရတဲ့ အနေထားဖြစ်ပါတယ်။”

ဒါ့အပြင် ရောဂါထိန်းချုပ်နိုင်ပြီလို့ အစိုးရ ကျန်းမာရေးဌာနရဲ့ ပြောဆိုချက်ကို လက်မခံနိုင်တဲ့ အကြောင်းလည်း နော်အောင်ဆန်းက ပြောပါတယ်။

“ကျနော်တို့ကတော့ ဒါ လုံးဝမဖြစ်နိုင်ဘူးလို့ သုံးသပ်တယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ ကူးစက်ရောဂါက ၀က်သက်အပြင် နောက်ထပ်ရောဂါ ၅ မျိုးပေါ့လေ ၀က်သက်ရောဂါဖြစ်ပွားတယ်၊ ငှက်ဖျားတုပ်ကွေးဖြစ်တယ်၊ ၀မ်းပျက်ဝမ်းလျောဖြစ်တယ်၊ အဆုတ်နဲ့ဆိုင်တဲ့ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါဖြစ်တယ်။  ဒီလို ရောဂါလက္ခဏာ ၅ မျိုးက တောက်လျောက် ဆင့်ကဲဆင့်ကဲ ရွာတွေမှာဆက်ပြီး ကူးစက်နေတဲ့အနေ အထားတခုအပေါ်မှာ ရောဂါထိန်းချုပ်နိုင်ပြီလို့ ပြောတဲ့ဟာကို ဘယ်လိုမှလက်ခံနိုင်စရာ မ၇ှိပါဘူး။ ခုလောလောဆယ် လဟယ်ဘက်မှာ အခြေအနေတော်တော်ဆိုးဝါးနေပါတယ်။”

အစိုးရကျန်းမာရေးဌာနကတော့ နာဂဒေသမှာ လူတွေ သေဆုံးမှုများရခြင်း အဓိက အကြောင်းရင်းတွေထဲမှာ ၀က်သက်ကာကွယ်ဆေးကြိုတင်မထိုးပေးနိုင်တာ၊ အာဟာရချို့တဲ့တာနဲ့  သွားရေးလာရေးခက်ခဲလို့ သတင်းပေးပို့မှုနောက်ကျပြီး ဆေးကုသရေးအဖွဲ့တွေ အရောက်နောက်ကျခဲ့တာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

နာဂဒေသမှာ ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလလောက်ကတည်းက စားနပ်ရိက္ခာ ရှားပါးပြတ်လပ်တဲ့ဒဏ်ကို ခံစားနေရတာလို့ နာဂတိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ရွာသားတွေဟာ အာဟာရပြတ်လပ်ပြီး ရောဂါကို ခုခံနိုင်စွမ်းမရှိလို့ ပြင်ပ ကူးစက်ရောဂါတွေ ခံစားနေကြရတာဖြစ်ပြီး  ဆေးဝါးနဲ့  အစာအာဟာရရှိရေး၊    ကျန်းမာရေး ၀န်ထမ်းတွေ အလုံအလောက်ရရှိရေးအတွက်  နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံနိုင်ဖို့ ကြိုးပမ်းနေတယ်လို့  နာဂအမျိုးသားရေးရာကောင်စီ ကပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013