DVB Logo
Home
မြန်မာသတင်း
တောင်သားလူမျိုး ရိုးရာဓလေ့ ပြန်လည်ထိန်းသိမ်းရေး ဆွေးနွေး
DVB
·
August 14, 2016
တောင်သားလူမျိုး ရိုးရာဓလေ့ ပြန်လည်ထိန်းသိမ်းရေး ဆွေးနွေး
1 / 8
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့မှာ တောင်သားလူမျိုးတို့ရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ဂီတ၊ ဓလေ့တွေကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့အတွက် တောင်သားလူမျိုးတွေ့ ဆုံပွဲကို သြဂုတ်လ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

အမှတ် ၁ ရပ်ကွက်ရှိ တောင်သားလူမျိုးယဉ်ကျေးမှုရေးရာကော်မတီဥက္ကဋ္ဌ ဦးဌေးဝင်းအိမ်မှာ ပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ယောနယ်အတွင်းမှာ၊ ယောလူမျိုးတွေကြားမှာ လူမျိုးတမျိုးအဖြစ် ထူးခြားစွာ တည်ရှိနေထိုင်တဲ့ တောင်သားလူမျိုး၊ စာပေယဉ်ကျေးမှုဓလေ့ ပြန်လည်ဖော်ဆောင်ရေးအတွက် ဒေသခံတောင်သားလူမျိုးတွေ အကြိုပေါင်းစပ်ညှိနှိုင်းတွေ့ဆုံကြတာ ဖြစ်ပါတယ်။

တောင်သားလူမျိုးတွေက ယောနယ်အတွင်းမှာသာရှိကြပြီး လူဦးရေ ထောင်ဂဏန်းလောက်သာ ကျန်တော့ကာ ထီးလင်းနဲ့ ဆောမြို့နယ်မှာ အများဆုံးနေထိုင်ကြပါတယ်။

အရင် ယောနယ်အပြင် ကလေးမြို့နယ်၊ မတူပီမြို့နယ်၊ စေတုတ္တရာမြို့နယ်၊ မင်းတပ်မြို့နယ်တွေမှာလည်း ကျယ်ပြန့််စွာနေထိုင်ခဲ့ကြတာပါ။

ထီးလင်းမြို့နယ်မှာ တောင်သားရွာ ၂၃ ရွာ၊ ဂန့်ဂေါမြို့နယ်မှာ ၆ ရွာ၊ ဆောမြို့နယ်မှာ ၂၆ ရွာ၊ မင်းတပ်မြို့နယ်မှာ ၆ ရွာ၊ စေတုတ္တရာမြို့နယ်မှာ ၃ ရွာသာ ကျန်ရှိတော့တာဖြစ်ပါတယ်။

တောင်သားလူမျိုးတွေရဲ့ ပျောက်ကွယ်လာပြီဖြစ်တဲ့ ရိုးရာယဉ်ကျေးမှုဓလေ့တွေ ပြန်လည်ဖော်ထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့အသီးသီးကို စာတင်ပြီး ဆောင်ရွက်သွားနိုင်ဖို့ အစည်းအဝေးမှာ ညှိနှိုင်းဆုံးဖြတ်ခဲ့ကြတယ်လို့ တောင်သားလူမျိုးယဉ်ကျေးမှုရေးရာကော်မတီဥက္ကဋ္ဌ ဦးဌေးဝင်းက ပြောပါတယ်။

“တောင်သားလူမျိုးတွေကို ချင်းတွေလို့ ထင်ကြတယ်။ ဒါပေမယ့် တောင်သားက ချင်းမဟုတ်ပါဘူး။ ယောနယ်မှာနေပေမယ့် ယောလည်းမဟုတ်ပါဘူး။ ဘာသာစကားလည်း သီးသန့်ရှိတယ်။ ၀တ်စားဆင်ယင်ပုံလည်း သီးသန့်ရှိတယ်။ ရိုးရာဂီတလည်းရှိတယ်။ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတယ်။ သမိုင်းဆရာတွေကတော့ တောင်သားဟာ ပျူတွေလို့ ပြောတယ်။ အချို့ကလည်း ပအိုဝ်းမျိုးနွယ်တူတယ်လို့ ရေးကြတယ်။ ကျနော်တို့ကတော့ ဘယ်လိုပဲပြောပြော တောာင်သားဟာ တောင်သားပါပဲ” လို့ ဦးဌေးဝင်းက ပြောပါတယ်။

တွေ့ဆုံပွဲကို မကွေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှုး ဦးကျော်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ ယောလူငယ်အဖွဲနဲ့ တောင်သားလူမျိုး စုစုပေါင်း ၅၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

တောင်သားလူမျိုးယဉ်ကျေးမှုရေးရာကော်မတီကို ၂၀၀၂ ခုနှစ်က ထီးလင်းမြို့နယ်၊ ၀က်သက်ရွာမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ယောသားလေး သန်းဝင်းနိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013