DVB Logo
Home
မြန်မာသတင်း
သာပေါင်းမြို့နယ်အတွင်း လူပေါင်း ၈ သောင်းခန့် ရေဘေးသင့်၊ ၁ ဦးသေဆုံး
DVB
·
August 12, 2016
သာပေါင်းမြို့နယ်အတွင်း လူပေါင်း ၈ သောင်းခန့် ရေဘေးသင့်၊ ၁ ဦးသေဆုံး
Donate to DVB

င၀န်မြစ်ရေ မြင့်တက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်မှာ လူပေါင်း ၈ သောင်းလောက် ရေဘေးသင့်နေပြီး ကလေးငယ်တဦး မြွေကိုက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ သာပေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ပြောပါတယ်။

သာပေါင်းမြို့နယ်မှာ ဇူလိုင်လကုန်ပိုင်းကစပြီး ရေကြီးနစ်မြုပ်ရာကနေ အခုဆိုရင် င၀န်မြစ်ရေ မြင့်တက်တဲ့အတွက် ကျေးရွာအုပ်စု ၇၀ ထဲက ၆၀ ကျော် ရေနစ်မြုပ်နေတယ်လို့ ပြောပါတယ်။

“ဒီနေ့ စာရင်းအရဆိုရင်တော့ အုပ်စု ၆၀ ကျော်လောက် ဖြစ်သွားပြီဗျာ။ ရေဘေးသင့်သွားတာ လူဦးရေက ၈ သောင်းလောက်ဖြစ်သွားပြီ။ ကယ်ဆယ်ရေးစခန်းပေါင်းက ဒီမနက်အထိတော့ ၃၇ ခု ဖွင့်ထားပြီးပြီ။ စာသင်ကျောင်းကတော့ ဒီကမနက် ၁၀ နာရီအထိက စာသင်ကြောင်း ၂၀၀ ကျော်ရှိတာကို ၁၇၅ ကျောင်းက လုံးဝ ရေမြုပ်သွားပြီ။ ဒါကမနက် ၁၀ နာရီသတင်းအရပေါ့။ ဒီနောက်ပိုင်း ဆက်ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အထက်ဘက်က စီးလာတဲ့ရေတွေအရ ရေက အောက်ကို မနုတ်တဲ့ အခါကျတော့ ရေက အိုင်ပြီးတော့ မြို့နဲ့ အနီးပတ်ဝန်းကျင် ရွာတော်တော်များများမှာ ရေပိုတိုးလာတယ်ပေါ့။ ”

ရေကြီးမှုကြောင့် သာပေါင်းမြို့တမြိုလုံးနီးပါး ရေနစ်နေပြီး အနိမ့်ပိုင်းဒေသတွေမှာဆိုရင် ရေက ၈ တောင် ကနေ ၁၀ တောင်လောက်အထိ မြင့်တက်နေကာ  ရေကြီးမှုအတွင်း လူတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံအမတ်ကပြောပါတယ်။

“ရေကြီးမှုကြောင့် ဘေးထွက်ဆိုးကျိုးအနေနဲ့ ၅ ရက်နေ့တုန်းက ရွာတရွာမှာ မြွေကိုက်တယ်ပေါ့ဗျာ။ ချင်ထောင်ထဲဝင်ပြီးတော့မှ မြွေကိုက်တော့ ကလေးက ဆုံးသွားတယ်။ မအေက ဆေးရုံတက်တယ်။ ကျန်ခဲ့တဲ့ ၂ ရက်လောက်ကလည်း ကျောင်းသားလေးတယောက် စက်လှေနဲ့ ညှပ်ပြီးတော့ ပေါင်ကျိုးသွားတယ်။ အဲဒါ ပုသိမ်ဆေးရုံ ပို့ရတယ်ပေါ့။  နောက်စက်လှေမြုပ်တာ ဘာညာရှိတာပေါ့ဗျာ။ လောလောဆယ် သေတာကတော့ ၁ ယောက်ပါပဲ။”

သာပေါင်းမြို့နယ်မှာ နှစ်စဉ်မိုးရာသီမှာ ရေကြီးလေ့ရှိပေမယ့် ဒီနှစ်ဟာ အရင် ရေအကြီး ဆုံးဖြစ်ခဲ့တဲ့ ၂၀၀၄ ခုနှစ်ကထက် ပိုဆိုးတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ကတော့ နိုင်ငံတော် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက သာပေါင်းမြို့နယ် ရေဘေးသင့်ပြည်သူတွေကို လာရောက်အားပေးပြီး ဆန်အိတ်တွေ ကူညီထောက်ပံ့ခဲ့သလို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီနဲ့ အလှူရှင်တွေလည်း အကူအညီတွေ လုပ်ဆောင်ပေးနေပါတယ်။

မြန်မာနိုင်ငံတ၀န်း ပြည်နယ်နဲ့တိုင်း ၈ ခုမှာ ရေကြီးမှုတွေကြောင့် ဇူလိုင် ၁၅ ၇က်ကနေ သြဂုတ် ၁၁ ရက်ထိ လူပေါင်း ၂ သိန်း ၂ သောင်းကျော် ရေဘေးသင့်ပြီး သေဆုံးသူ ၆ ဦးရှိနေပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013