DVB Logo
Home
Lead Story
ဘယ်လိုအမြော်အမြင်နဲ့ အနာဂတ်ကို ပုံဖော်မလဲဆိုတာ ၀ိုင်းစဉ်းစားဖို့လိုတယ် - ဦးမင်းဇင်
DVB
·
August 12, 2016
ဘယ်လိုအမြော်အမြင်နဲ့ အနာဂတ်ကို ပုံဖော်မလဲဆိုတာ ၀ိုင်းစဉ်းစားဖို့လိုတယ် - ဦးမင်းဇင်
Donate to DVB

မြန်မာနိုင်ငံရဲ့ အဓိကပြဿနာဟာ ခေတ်မီနိုင်ငံတော်သစ်ကို၊ ပြည်ထောင်စုသစ်ကို ပြည့်ပြည့်၀၀ မတည်ဆောက်နိုင်ခဲ့တဲ့ ပြဿနာဖြစ်ပါတယ်လို့ မြန်မာ မဟာဗျူဟာနှင့် မူဝါဒဆိုင်ရာ လေ့လာရေး အင်စတီကျုရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်က ပြောပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ တိုင်းရင်းသားရေးရာကိစ္စ စတဲ့ မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဦးမင်းဇင်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ကိုမင်းဇင်ရေ ကျနော်တို့ အခု ဗမာပြည်မှာ အပြောအများဆုံးကတော့ ၂၁ ရာစု ပင်လုံညီလာခံပေါ့နော်။ ကျနော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံပေါ့။ အဲဒါကို သြဂုတ်လမှာ လုပ်မယ်။ အဲဒါနဲ့ တပြိုင်တည်း မကြာခင်က လှုပ်ရှားမှုတွေ တော်တော်ရှိတယ်ပေါ့။ ဒါနဲ့ အကုန်လုံး နှစ်ပေါင်း ၅၀ အတွင်းမှာ အရပ်သားဦးဆောင်တဲ့ အစိုးရပေါ့နော်။ သမ္မတဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ တကယ်တမ်းကျတော့ ပြည်ထောင်စုအသစ်တခုကို ပြန်လည်တည်ထောင်ဖို့ ကြိုးစားနေတယ်။ အဲဒါနဲ့ပတ်သက်လို့ ကိုမင်းဇင်လည်း သုတေသီတဦးအနေနဲ့ပေါ့နော်။ တကယ်တမ်း တိုင်းပြည်ထူထောင်ရေး၊ ပြည်ထောင်စုတခု ပြန်လည်ထူထောင်ရေးမှာ ဘာတွေလုပ်ပြီးပြီလဲ၊ ဘာတွေလုပ်ဖို့ကျန်လဲ၊ ဘယ်လိုစိန်ခေါ်မှုတွေရှိလဲ။ အဲဒါလေး ပထမဆုံး ပြောပြပေးပါဦးခင်ဗျ။

ဖြေ - ဟုတ်ကဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေပေါ့နော်။ ပြဿနာတွေကို သုံးသပ်ကြတဲ့အခါမှာ ပြဿနာအားလုံးရဲ့ ရေသောက်မြစ်ဟာ ဘာလဲဆိုပြီးတော့ အကဲဖြတ်ကြတာ ရှိပါတယ်။ ဆိုတော့ ကျနော်တို့ပြောချင်တာကတော့ ဒီ စစ်အာဏာရှင်စနစ်ဟာ ၁၉၆၂ ပေါ့နော်။ တချို့ကလည်း ၅၈ ကတည်းက စပြောတာပေါ့။ ၆၂ ကပဲ စပြောကြပါစို့။ ၂၀၁၅ လောက်အထိပေါ့နော်။ ပုံစံတမျိုးမဟုတ် တမျိုးနဲ့ရှိနေတယ်။ အခုလည်း ဆက်ပြီး ရှိနေတယ်ပေါ့လေ။ ဒါပေမယ့်လည်း မြန်မာပြည်ရဲ့ ပြဿနာအားလုံးရဲ့ ရေသောက်မြစ်ဟာ စစ်အာဏာရှင်စနစ်လို့ ပြောမယ်ဆိုရင် အဲဒီအကဲဖြတ်ချက်ဟာ မပြည့်စုံဘူးလို့ ကျနော်တို့ သုံးသပ်လို့ရပါတယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့ အဓိကပြဿနာဟာ ခေတ်မီနိုင်ငံတော်သစ်ကို ပြည်ထောင်စုသစ်ကို ပြည့်ပြည့်၀၀ မတည်ဆောက်နိုင်ခဲ့တဲ့ ပြဿနာဖြစ်ပါတယ်။ တချို့ကတော့ ဘယ်လောက်တောင် ပြောလဲဆိုရင် ဒါဟာ မအောင်မမြင်ဖြစ်တယ်လို့တောင် ပြောပါတယ်။ အနည်းဆုံးတော့ မပြည့်မစုံဖြစ်တဲ့ ပြည်ထောင်စုကို ကျနော်တို့ လက်ဝယ်ရရှိထားတာ ဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံတော်သစ်ဆိုတာဟာ ၁၉၄၇ ပင်လုံစာချုပ်နဲ့မှ ပေါ်လာတာပါ။ အဲဒီမတိုင်ခင်တုန်းက ရှိတယ်ဆိုတာဟာ တကယ်တော့ ကျနော်တို့ ပဒေသရာဇ်တွေရဲ့ အင်္ဂလိပ် ကိုလိုနီစနစ်ရှိမယ်။ ပဒေသရာဇ်တွေရဲ့ မြို့ပြနိုင်ငံတော်တွေ ရှိတာပေါ့။ တကယ်တမ်းကျတော့ ဒီ ပင်လုံစာချုပ်ကိုက အနာအဆာလေးတွေ၊ ချွတ်ယွင်းချက်လေးတွေ ရှိပါတယ်။ ဒါပေမယ့်လည်း ဒါဟာ တကယ်လုပ်မယ်ဆိုရင် စလုံးရေစပေါ့နော်။ တကယ်ကောင်းတဲ့အစ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နှစ်ပေါင်းအဆက်ဆက်ပေါ့နော်။ ဗမာနိုင်ငံရေးသမားတွေရော ပြည်တွင်းစစ်ကြောင့် စစ်တပ်က အာဏာသိမ်းတဲ့ အတွက်ကြောင့်မို့ ဒီပင်လုံစာချုပ်ဟာ ပျက်ပြယ်သလို ဖြစ်သွားရပါတယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ အစိုးရသစ် တက်လာတဲ့အခါမှာ အားလုံးက အများကြီး မျှော်လင့်ကြတယ်။ သူကလည်း ငြိမ်းချမ်းရေးကို ဦးစားပေးမယ်ဆိုပြီး သူလုပ်တယ်။ ထူးခြားတာက ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့သမိုင်းမှာ အာဏာရော သြဇာရော နှစ်ခုစလုံးကို ပိုင်ဆိုင်ထားတဲ့သူ ရှားရှားပါးပါး ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ၁၉၆၂ ကစပြီးတော့ တချို့လူတွေဟာ အာဏာဇောင်း အရမ်းထက်တယ်။ ဒါပေမယ့် သြဇာမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သြဇာလည်းရှိတယ်။ အခုဆိုရင် နိုင်ငံတော်အတိုင်ပင်ခံဆိုတော့ အာဏာလည်း ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ သူ့ဆီမှာ အဓိကချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်မျိုးက ဦးစီးဦးဆောင်လုပ်မယ်ဆိုတော့ အားလုံးက အများကြီးမျှော်လင့်ပါတယ်။ အဲတော့ ဒီပြည်ထောင်စုသစ် တည်ဆောက်ရေး၊ နိုင်ငံတော်သစ် တည်ဆောက်ရေးဟာ ဘယ်လောက်ထိ ခရီးရောက်မလဲ ဆိုတာကတော့ ကျနော်တို့အားလုံး ၀ိုင်းပြီးတော့ ဓမ္မဒိဋ္ဌာန်ကျကျ သုံးသပ်ကြရမှာ ဖြစ်ပါတယ်။

မေး - ဟုတ်ကဲ့ခင်ဗျာ။ ဦးမင်းဇင်ပြောသလိုပဲ ကျနော်တို့ မြန်မာ့နိုင်ငံရေးဓလေ့က တကယ်ကတော့ ဒီမိုကရေစီနဲ့ ဝေးပါတယ်။ ဒီလိုပဲ ကိုလိုနီပြီးတော့မှပဲ ကျနော်တို့ ရခဲ့ကြတာပေါ့နော်။ တကယ်တမ်း မလိုချင်ဘဲနဲ့ရခဲ့တဲ့ အမွေဆိုးပေါ့နော်။ ပို့စ်ကိုလိုနီယာ သီအိုရီလို့လည်း ပြောကြပါတယ်။ စစ်အာဏာရှင် တခုတည်းကြောင့်တော့ မဟုတ်ဘူးပေါ့။ ကျနော်တို့ ခုနပြောသလိုပဲ ဒါပေမယ့် ဒီလိုအခြေအနေမှာပဲ ဒေါ်အောင်ဆန်းစုကြည်လို သြဇာရော အာဏာရော ရှိတဲ့သူဟာ တကယ်တမ်း ပြည်ထောင်စုတခုကို ပြန်တည်ဆောက်မယ်ဆိုရင် ဘာကိုဦးစားပေးပြီးတော့ ဘယ်လိုညှိနှိုင်းမှုနဲ့ ဘယ်လိုတည်ဆောက်သင့်လဲ၊ ဘာကို အရေးတကြီး ဦးစားပေး လုပ်ဆောင်သင့်လဲ။ အဲဒါလေးကို ဖြည့်စွက်ပြောပေးပါဦး။

ဖြေ - အရင်ဆုံး အရေးကြီးတာကတော့ နှစ်ပေါင်းများစွာ နာကျင်နစ်နာခဲ့တဲ့သူတွေ ရှိပါတယ်။ တိုင်းရင်းသားထဲမှာပေါ့နော်။ အထူးသဖြင့် ပြည်တွင်းစစ်ဖြစ်တဲ့အတွက်ကြောင့်မို့ တိုင်းရင်းသားမှာရော ဗမာဘက်မှာရော အပြန်အလှန်ပေါ့နော် နာကျင်မှုတွေ အများကြီးရှိပါတယ်။ တိုင်းရင်းသားအချင်းချင်း ကြားထဲမှာလည်း ရှိပါတယ်။ ဒီနာကျင်မှုတွေကို အချိန်ပေးပြီး နားထောင်ဖို့ လိုပါတယ်။ အရေးကြီးဆုံးက အဲဒါပဲ။ အဲတော့ တခုခုကို လုပ်မယ်ဆိုရင် ကျနော်တို့က ဒီလို နာကျင်နစ်နာခဲ့မှုတွေကို နားထောင်ပြီးတော့မှ ရှေ့ဘယ်လိုဆက်မလဲ။ နိုင်ငံရဲ့အနာဂတ်ကို ကျနော်တို့က Vision ခေါ်တာပေါ့နာ်။ ဘယ်လိုအမြော်အမြင်နဲ့ အနာဂတ်ကို ပုံဖော်မလဲဆိုတာကို အတူတကွ ၀ိုင်းစဉ်းစားဖို့ လိုပါတယ်။ Vision ကို သိပ်ဦးစားမပေးဘဲနဲ့ ဖြစ်စဉ်နဲ့ပေါ့နော်။ လုပ်ငန်းစဉ်နဲ့ ပရောဆက်ထဲကို အတင်းထိုးသွင်းမယ်၊ ဖုတ်ပူမီးတိုက် လာလက်မှတ်ထိုး သွားကြမယ်၊ ပြီးခဲ့တာတွေ မေ့လိုက်တော့၊ ရှေ့ဆက်သွားမယ်ဆိုပြီးတော့ အတင်းတွန်းရင် ဘာဖြစ်နိုင်လဲဆိုတော့ နစ်နာခဲ့ရတဲ့သူတွေဘက်က မကျေမလည်ဖြစ်တာ ဖြစ်နိုင်ပါတယ်။ စိတ်ထဲမှာ ကျနော်တို့ ပေါ်လတီကယ်မု ပေါ့နော်။ မသိုးမသန့်ဖြစ်တာ ဖြစ်နိုင်ပါတယ်။ အဲလိုဖြစ်ရင် ဆိုင်းဘုတ်တင်တာ၊ ဖဲကြိုးဖြတ်တာ၊ အခမ်းအနား လုပ်တာတော့ အောင်မြင်ကောင်း အောင်မြင်နိုင်မယ်။ တကယ့်တကယ် အနှစ်သာရအရပေါ့နော် ပြည်ထောင်စုတခုကို တည်ဆောက်ဖို့ ခက်ပါတယ်။ ဘာလို့လဲဆိုတော့ Vision လို့ပြောတဲ့ အမြော်အမြင်မှာ တန်းတူရေးကို ဘယ်လောက်အာမခံမှာလဲ။ တရားမျှတမှုကို ဘယ်လောက်အာမခံမှာလဲ။ လွတ်လပ်ခွင့်တွေကို ဘယ်လောက်အာမခံမှာလဲ။ တချို့ကိစ္စတွေက အာမခံတယ်ဆိုတာ ကိုယ့်ဘက်က တာဝန်ယူမှုကို ပြသတာပေါ့လေ။ အာမခံတိုင်း အကုန်ဖြစ်ရောလားဆိုတော့ အဲလိုတော့ မဟုတ်ပါဘူး။ တခါတလေကျတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့စကားတွေဟာ ကျနော်တို့ ဘားဂိမ်းလို့ခေါ်တဲ့ အပေးအယူနဲ့ စေ့စပ်ဆွေးနွေးတဲ့ဘက်ကို သိပ်ရောက်ပြီးတော့ အာမခံပေးတဲ့ဘက်ကို အားနည်းတယ်လို့ တိုင်းရင်းသားတွေဘက်က ယူဆတာတွေလည်း ဖြစ်တတ်ပါတယ်။ တလောကဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့အပြီးမှာ တိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ခူဦးရယ်က ပြောတာဆိုရင် ဒါကိုသွားပြီးတော့ ထင်ဟပ်နေပါတယ်။ တောင်းတိုင်း အကုန်မရနိုင်ဘူးတို့၊ မပေးနိုင်ဘူးတို့၊ အာမမခံနိုင်ဘူးတို့ ဒါကတော့ လက်တွေ့နိုင်ငံရေးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတာ မှန်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုစကားပြောကြ ဆွေးနွေးကြတဲ့အခါမှာ ကိုယ်က နိုင်ငံတော်ခေါင်းဆောင် ဖြစ်လာတယ်။ ကိုယ်က အများစုကို ကိုယ်စားပြုတဲ့ခေါင်းဆောင် ဖြစ်တဲ့အခါမှာ ကိုယ့်ဘက်က အကျေအလည် အာမခံချက်တွေပေးဖို့၊ ကိုယ့်ဘက်က နစ်နာချက်တွေကို သေချာနားထောင်ဖို့၊ ပြီးတော့ အပြန်အလှန်ပေါ့နော် ငါတို့အနာဂတ်ကိုတော့ ဒီလိုတည်ဆောက်မယ်၊ ငါ့မှာတာဝန်ရှိသလို အားလုံးမှာလည်း တာဝန်ရှိတယ်ဆိုတဲ့ သဘောမျိုးအထိ၊ ပထမပိုင်းကတော့ ကိုယ်က တာဝန်ခံတာ၊ တကယ့်တကယ်သွားတဲ့အခါမှာ နှစ်ဘက်စလုံးမှာ တာဝန်ရှိတယ်ဆိုပြီးတော့ အဲလိုဆွဲခေါ်သွားနိုင်တဲ့ Vision ပေါ့လေ၊ Vision ပိုင်းကိုတော့ အဓိက အရင်စပြီး စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ အဲဒါပြီးတော့မှလည်း ပရော့ဆက်ပေါ့လေ။

မေး - ဟုတ်ကဲ့ အာမခံတယ်ဆိုတာ ပဋိညာဉ်တခုပေါ့လေ။ ကျနော်တို့ အကုန်သဘောတူတဲ့ဟာ။ အဲလိုပဲ အန်အယ်လ်ဒီရဲ့ ရွေးကောက်ပွဲ ကြေညာချက် ၁၃ ချက် ရှိပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်မယ်လို့ ကြေညာထားတယ်။ အဲဒါလိုပဲ တိုင်းရင်းသားတွေကလည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုပြီးတော့ နောက်ဆုံး မိုင်ဂျာယန်မှာလည်း ကြေညာတယ်။ တပ်မတော်ကလည်း ပြောတယ်။ သူတို့သည်လည်း ဖက်ဒရယ်ကို ပေးနေပါတယ်။ အခုတကယ် ဖြစ်လာမယ့် ၂၁ ပင်လုံဟာ စကားလုံးတော့တူတယ်။ တကယ်ကော နားလည်မှု တကယ်ရှိကြပြီလား။ တကယ်ကော အာမခံပေးကြလား။ ဖက်ဒရယ်ဆိုတာတော့ အာဏာခွဲဝေမှုပေါ့နော်။ အဲဒါနဲ့ ပတ်သက်လို့ကော ဘယ်လိုအာမခံချက်တွေ ရပြီလဲ။ ပြီးရင် ဘယ်ကနေစပြီးတော့ သေချာတဲ့ လက်ခံနိုင်တဲ့ဟာကို ဘယ်လိုဖြစ်နိုင်လဲ။ အဲဒါလေးကို နည်းနည်းဖြည့်စွက်ပြီး ပြောပေးပါဦးခင်ဗျ။

ဖြေ - ခုန ကိုတိုးဇော်လတ်ပြောတာလည်း အခြေခံကျတဲ့ကိစ္စပဲ။ ပဋိညာဉ်ပေါ့နော်။ ဒီပြည်ထောင်စုဟာ ၄၇ မှာ စတည်ဆောက်ကတည်းက ပဋိညာဉ်ပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတာ။ မိသားစုတွေ ဆွေမျိုးမောင်နှမတွေ အော်ဂဲနစ်ယူနီယံမဟုတ်ဘူး။ ဒါ ခွန်ထရက်ကျူရယ် ယူနီယံ။ ပဋိညာဉ်ပေါ် အခြေခံပြီး စာချုပ်ပေါ် အခြေခံပြီးဖြစ်တဲ့ ပြည်ထောင်စုသစ် ဖြစ်တယ်ဆိုတာကို ကျနော်တို့က အခိုင်အမာ ခံယူဖို့လိုပါတယ်။ ဒါမှ အခုပြန်ပြီးတော့ ၂၁ ရာစုပင်လုံမှာ ဖြစ်ခဲ့တဲ့ ပဋိညာဉ်မှာရှိတဲ့ အားနည်းချက်တွေကို ပြင်ဆင်ပြီးတော့ ပဋိညာဉ်အသစ်တခုကို ကျနော်တို့က ဆက်ပြီး လုပ်ချင်တာကိုး။ ဆိုတဲ့အခါကျတော့ ကျနော်တို့ နိုင်ငံတော်မှာ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေဘက်က ဒါနဲ့ပတ်သက်လို့ ရှင်းလင်းတဲ့ တာဝန်ယူမှု၊ အာမခံချက်တွေ ရှိဖို့လိုပါတယ်။ အခုထိ သိရသလောက်ကတော့ ခုနပြောသလိုပဲ ဖက်ဒရယ်ပုံစံကို သွားချင်တယ်။ ဒါပေမယ့် တပ်မတော်ရဲ့ စဉ်းစားချက်က တမျိုးဖြစ်နိုင်တယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ စဉ်းစားချက်က တမျိုးဖြစ်နိုင်တယ်။ တိုင်းရင်းသားလက်နက်ကိုင်ထဲမှာတောင်မှ လက်မှတ်ထိုးပြီးသားအဖွဲ့နဲ့ လက်မှတ်မထိုးရသေးတဲ့အဖွဲ့ ရှိနိုင်တယ်။ တခါ ၀ တို့လိုမျိုး သီးသန့် အင်အားစုတွေကလည်း တမျိုးတမည်စဉ်းစားတာ ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ ကျနော်ထင်တယ်။ တခါ မြေပေါ်နိုင်ငံရေးပါတီတွေ။ တိုင်းရင်းသား နိုင်ငံရေးပါတီတွေဘက်က စဉ်းစားချက်ရှိနိုင်တယ်။ အရပ်ဘက် အဖွဲ့အစည်းတွေဘက်က စဉ်းစားချက် ရှိနိုင်တယ်။ ကျနော့်အမြင်ကတော့ ဒါကြောင့်မို့ ဒီဖြစ်စဉ်ဟာ ရှည်နိုင်တယ်။ တာရှည်နိုင်တယ်။ ဒီဖြစ်စဉ်မှာ စိတ်ရှည်ဖို့လိုတယ်။ အလွန်အမင်း အမြန်အဆန် လုပ်ငန်းစဉ်ထဲကို အတင်းထိုးထည့်တာထက်စာရင် အဲလို အခြေခံကျတဲ့ တန်ဖိုးထားမှုတွေမှာ သဘောထားတူညီအောင် တိုက်ဆိုင်ဖို့ ခဏခဏတွေ့နေဖို့ လိုတယ်လို့ ကျနော်ထင်ပါတယ်။ ခဏခဏ စကားပြောနေဖို့လိုတယ်။ ဒီလိုပြောလို့ ဒေါ်အောင်ဆန်းစုကြည်က အားလုံးကို လိုက်တွေ့ရမယ်၊ သူကလည်း ဒိုင်ခံဆွေးနွေးရမယ်လို့ မဟုတ်ပါဘူး။ မြန်မာပြည်မှာ တခုလိုတာကတော့ ခေါင်းဆောင်တွေကနေပြီးတော့ ဒလီဂိတ်လို့ခေါ်တဲ့ တာဝန်ခွဲပေးတဲ့ အလေ့အထ ပိုလုပ်နိုင်မယ်ဆိုရင် ကျနော်ထင်တယ်၊ ငြိမ်းချမ်းရေးလည်းလုပ်၊ ငြိမ်းချမ်းရေးလုပ်သလို စီးပွားရေးလည်းလုပ်။ ဒါတွေအကုန်လုံးက ဆက်စပ်နေတာကိုး။ အဲလို စီးပွားရေးလုပ်သလို နိုင်ငံရေးမှာလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်။ အဲလိုမဟုတ်ဘဲနဲ့ ငြိမ်းချမ်းရေးတခုတည်း ဦးစားပေးဆိုပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံက သူ့ရဲ့ ရှိသမျှအချိန်တွေ အကုန်လုံးကို ဒီပေါ်မှာပဲ အားစိုက်နေရမယ်ဆိုရင် ကျန်တဲ့နေရာမှာလည်း လစ်ဟင်းနိုင်တယ်။ အဲတော့ စီးပွားရေးမှာ တဖြည်းဖြည်းနဲ့ အားနည်းလာရင် ငြိမ်းချမ်းရေး အလားအလာကို အများကြီး ထိခိုက်နိုင်ပါတယ်။

မေး - ဟုတ်ကဲ့ တိုင်းရင်းသားတွေ အများစု မျှော်လင့်တာကတော့ တန်းတူရေးပေါ့ဗျာ။ အဲတော့ တကယ်တမ်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကရော တကယ်တမ်း တိုင်းရင်းသားတွေလိုချင်တဲ့ တန်းတူရေးကို တကယ်အာမခံပေးနိုင်ပါ့မလား။ ပြီးရင် ပေးရင်လည်း ဘယ်လိုပုံစံမျိုးပေးမလဲ။ နည်းနည်းဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦးခင်ဗျ။

ဖြေ - မျှမျှတတပြောရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတော်အတိုင်ပင်ခံ အနေနဲ့ သြဇာအာဏာရှိတယ် ဆိုသော်ငြားလည်း လက်ရှိ ၂၀၀၈ အခြေခံဥပဒေဟာ တကယ်တော့ သူ့ကိုချုပ်ထား၊ ကန့်သတ်ထားတာတွေ အများကြီးရှိပါတယ်။ ဗမာစကားမှာတော့ တဂူထဲမှာ ခြင်္သေ့နှစ်ကောင် မအောင်းနိုင်ဘူးလို့ ပြောပေမယ့်လည်း ၂၀၀၈ အခြေခံဥပဒေက တကယ်တမ်းကျတော့ တပ်မတော်နဲ့ ဒီချုပ်အစိုးရပေါ့နော်။ အန်အယ်လ်ဒီအစိုးရကို တဂူထဲမှာ ခြင်္သေ့နှစ်ကောင် အတင်းအောင်းခိုင်းထားသလို ဖြစ်နေပါတယ်။ အခုတော့ သဏ္ဌာန်အားဖြင့်ပေါ့လေ၊ အမြင်အားဖြင့်တော့ ထိပ်ပိုင်းခေါင်းဆောင်တွေ ပြေလည်တယ်ဆိုတဲ့ အမြင်မျိုးရှိပါတယ်။ ဒါလည်း ကောင်းတဲ့ လက္ခဏာပါ။ ဒါပေမယ့်လည်း တကယ့်အကျိုးစီးပွားအရ ဘယ်လောက်ထိ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးမှာ ပြောင်းလဲသွားသလဲဆိုတာတော့ အင်မတန်မှ အကဲဖြတ်ဖို့ စောပါသေးတယ်။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ကို အာမခံတယ်ဆိုတဲ့နေရာမှာ တပ်မတော်ရဲ့ သဘောထား မပါဘဲနဲ့ အာမခံလို့ မရနိုင်ဘူးလို့ ထင်ပါတယ်။ စိတ်ပူစရာက ဘာဖြစ်သွားနိုင်လဲဆိုတော့ နောက်ဆုံးကျရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကိုက၊ တိုင်းရင်းသားတွေဘက်က မြင်လာနိုင်တာက တပ်မတော်ကို ကိုယ်စားပြု ပြောပေးနေသလားဆိုတဲ့ အထိတောင် မြင်သွားနိုင်တာတွေ ရှိပါတယ်။ ဆိုတဲ့အခါကျတော့ ကျနော်တို့အနေနဲ့လည်း ဒီကိစ္စတွေ သုံးသပ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကန့်အသတ်ပေါ့နော်။ မမြင်ဘဲနဲ့ သူ့ကိုချည်းပဲ အတင်းတွန်းနေမယ်ဆိုလည်း မျှတတဲ့သဘော မဆောင်ပါဘူး။

မေး - ဟုတ်ကဲ့ခင်ဗျ။ စောစောတုန်းက စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို ပြောလာတယ်။ အခု ကျနော်တို့ ဇူလိုင် ၁၉ ပေါ့နော်။ အာဇာနည်နေ့ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ခဲ့တယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ဆွမ်းကျွေးမှာ ဗိုလ်ချုပ်တော်တော်များများ ပါခဲ့တယ်ပေါ့။ အဲဒါကလည်း တိုင်းရင်းသားတွေတွေ့မယ့် မိုင်ဂျာယန်နဲ့ သွားတိုက်ဆိုင်နေတယ်။ ဆိုလိုတာ အစိုးရနဲ့ စစ်တပ်ကတော့ တခုတည်း။ တိုင်းရင်းသားတွေကို ပိုပြီးတော့များ ဒီဟာက ငါတို့ကတော့ တဖွဲ့တည်းရှိတယ်။ မင်းတို့ဘက်ကတော့ စဉ်းစားဆိုတဲ့ Signal မျိုး ရောက်သွားလားပေါ့နော်။ ဗမာ့နိုင်ငံရေး အင်အားစုသုံးခု စဉ်းစားတဲ့အပေါ်မှာတော့ အဲတော့ လက်ရှိအခြေအနေ အစိုးရရယ်၊ တပ်မတော်နဲ့ ရင်းနှီးမှုအပေါ်မှာ တိုင်းရင်းသားတွေကရော စိုးရိမ်မှုဖြစ်လာနိုင်လား။ အဲဒီအတွက် ပို ပရက်ရှာ ဖြစ်လာနိုင်လား၊ အဲဒါနဲ့ပတ်သက်တဲ့ အကျိုးသက်ရောက်မှုလေးလည်း ဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦးခင်ဗျ။

ဖြေ - ဒီကိစ္စက သိမ်မွေ့တယ်ဗျ။ အကဲလည်း အကဲဆတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့အနေနဲ့လည်း မှန်းဆပြီးတော့ပြောရတာ မသင့်တော်ပါဘူး။ ဒါပေမယ့်လည်း အရပ်ဘက် စစ်ဘက် ဆက်ဆံရေးပေါ့နော်။ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးမှာ တိုးတက်မှုတွေ ရှိလာတာဟာ ကောင်းတဲ့လက္ခဏာပါပဲ။ ဒါပေမယ့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးမှာ တိုးတက်လာတိုင်း တိုင်းရင်းသားအရေးမှာ၊ ပြည်ထောင်စုတည်ဆောက်ရေးမှာ တိုးတက်လာမယ်လို့ ယတိပြတ်ပြောလို့မရဘူး။ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးမှာ တိုးတက်လာတိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ လက္ခဏာကောင်းတွေ ရလာမယ်လို့ ယတိပြတ်ပြောလို့မရဘူး။ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး တိုးတက်လာတိုင်း စီးပွားရေးကောင်းလာမယ်လို့ ပြောလို့မရဘူး။ အဲဒီတော့ အခုကြည့်ရတဲ့ သဘောအတိုင်းဆိုရင် ကျနော်လက်လှမ်းမီသလောက် ပြောကြည့်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေပေါ့နော်။ ပြောကြည့်တဲ့အခါမှာ သူတို့မှာ စိတ်ပူမှုတော့ ရှိပါတယ်။ သူတို့က မြင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့ဟာ တောက်လျှောက် တိုက်ပွဲဝင်ခဲ့တယ်။ ရဲဘော်ရဲဘက်တွေလို့ သူတို့က မြင်ပါတယ်။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ခေါင်းဆောင်တွေနဲ့ သိပ်ပြီးတော့ နီးကပ်ပြေလည်တယ်လို့ မြင်တဲ့အခါမှာလည်း သူတို့မှာ တဘက်ကလည်း ဒါ အားလုံး ၀မ်းသာပါတယ်။ ဒါ တိုင်းပြည်အတွက် ကောင်းတဲ့လက္ခဏာပေါ့။ တဘက်ကလည်း သူတို့စိတ်ပူတယ်။ ဒါဟာ တောက်လျှောက်ပေါ့လေ။ ကျနော်တို့ နယ်စပ်မှာ ထိုင်းမှာလည်းနေဖူးတဲ့ အခါကျတော့ တိုင်းရင်းသားတချို့ပေါ့ မြင်တဲ့အမြင်က ပြင်းထန်တဲ့အမြင် ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဒီမိုကရေစီဗမာနဲ့ စစ်တပ်ဗမာ တကယ်တော့ အတူတူပါပဲ။ တချိန်ကျရင် ပေါင်းသွားပြီး ငါတို့ကို နှိပ်ကွပ်မှာပဲဆိုတဲ့အမြင်ဟာ ကျနော်တို့ တိုင်းရင်းသားတွေနဲ့ ဆက်ဆံဖူးတဲ့သူတိုင်း သိပါတယ်။ အဲတော့ အဲဒီလိုအမြင်မျိုး ပြန်အားကောင်းလာရင်လည်း မသင့်တော်ပါဘူး။ အဲတော့ ကျနော်မြင်တာက ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ခေါင်းဆောင်တွေနဲ့ ပြေလည်တာဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် စစ်မှန်တဲ့ ခြေလှမ်းဖြစ်တယ်။ အင်မတန်မှ အရေးပါတဲ့ခြေလှမ်း ဖြစ်တယ်ဆိုတာ တပ်မတော်ခေါင်းဆောင်များကရော ဒေါ်အောင်ဆန်းစုကြည်ကရော ပြသမယ်လို့ ကျနော်ထင်ပါတယ်။ အဲလိုပြသနိုင်တယ်ဆိုရင်တော့ ခုနပူပန်မှုတွေ လျော့သွားနိုင်ပါတယ်။ အဲလိုပြသဖို့လည်း လုပ်မယ်လို့ ကျနော်ထင်ပါတယ်။ လုပ်လည်းလုပ်သင့်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013