DVB Logo
Home
Lead Story
မိုင်းယော်အဖြစ်မျိုး ထပ်မဖြစ်ဖို့ အားလုံးဝိုင်းဝန်းကာကွယ်ရမယ်-စိုင်းဝမ်းလှိုင်းခမ်း
DVB
·
August 11, 2016
မိုင်းယော်အဖြစ်မျိုး ထပ်မဖြစ်ဖို့ အားလုံးဝိုင်းဝန်းကာကွယ်ရမယ်-စိုင်းဝမ်းလှိုင်းခမ်း
Donate to DVB

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်တိုက်နယ်မှာ သေဆုံးခဲ့တဲ့ ရွာသားတွေရဲ့ မိသားစုတွေကို ထိုက်သင့်တဲ့နစ်နာကြေး ပေးအပ်သင့်တယ်လို့ ရွာသားတွေဘက်က လိုက်ပါကူညီနေတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်စိုင်းဝမ်းလှိုင်းခမ်းက ပြောပါတယ်။

သြဂုတ် ၉ ရက်နေ့က  အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ခုံရုံးမှာ   တပ်မတော်သား ၃ ဦးက ဒီအလောင်း ၅ လောင်းဟာ သူတို့သတ်ပြီး မြှုပ်နှံထားခဲ့တာလို့ ဖြောင့်ချက်ပေးခဲ့ကြပါတယ်။ စစ်ခုံရုံးမှာ အသတ်ခံရသူတွေရဲ့ မိဘဆွေမျိုးတွေ၊ မိုင်းယော်ကျေး ရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖ တွေကိုပါ တက်ရောက်နားထောင်ခွင့်ပေးခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပါတယ်။

ဦးစိုင်းဝမ်းလှိုင်းခမ်းရှင့်၊ မိုင်းယော်ရွာသားတွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီး  သြဂုတ် ၉ ရက်နေ့က လားရှိုးမြို့အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ခုံရုံးတင်စစ်ဆေးတယ်လို့ သိရပါတယ်။ ဒီအမှုမှာ ရွာသားတွေဘက်ကနေ လိုက်လံကူညီပေးနေတဲ့ လွှတ်တော်ကိုယ်စားအနေနဲ့ကော ဘာသတင်းတွေ သိရပါလဲရှင့်။

“ဟုတ်ကဲ့ ကျနော့်ကို ရွာသားတွေပြန်ပြောပြပါတယ်။ သူတို့ရွာက ရွာသူကြီးရော၊ ရပ်မိရပ်ဖရော သေဆုံးသွားတဲ့ လူ ၅ ယောက်ရဲ့ မိဘဆွေမျိုးတွေပါ လာနားထောင်ဖို့ တိုင်းရုံးကအကြောင်းကြားလို့ သူတို့အားလုံးပေါင်း ၁၃ ယောက် သွားနားထောင်တယ်လို့ ပြောပါတယ်။”

ဟုတ်ကဲ့၊ ပြီးတော့ သူတို့ကို ဘာတွေစစ်ဆေးသေးလဲ။

“သူတို့ဘာမှမပြောရဘူး၊ နားထောင်ရုံသက်သက်ပဲ၊ လူ ၇ ယောက်ကို ခေါ်လာပြီးစစ်တယ်တဲ့။ လူသေမှုဖြစ်တုန်းက မိုင်းယော်မှာရှိနေတဲ့ ၅ ယောက်နဲ့ သူတို့အထက်လူကြီးက ၂ ယောက်၊ ၃၆၂ တပ်ရင်းမှူးတယောက်ပါတယ်၊ စရဖတယောက်၊  ကိုယ်ထိလက်ရောက်ကျူးလွန်ရသူက ၃ ယောက်ပါတယ်၊ တပ်မမှူး တယောက်၊ စကခ ၁၀ က အရာရှိတယောက်ပါတယ်၊ စစ်ဦးစီးမှူး ဒုတိယတန်းတယောက်ပါတယ်။ ရာထူးတံဆိပ်တွေ ဖြုတ်ထားတယ်။ သူတို့ကိုအချုပ်ထဲက ခေါ်လာတဲ့ပုံစံဖြစ်တယ်လို့ ပြောတယ်။”

စစ်ဆေးတဲ့သူက ဘယ်နှဦးရှိပါသလဲ။

“ခုံရုံးအဖွဲ့ ၃ ဦးပါ။ ဥက္ကဋ္ဌ ၁ ယောက်၊ အဖွဲ့ဝင် ၂ ယောက်၊ တရားလို အရာရှိ ၁ ယောက်၊ တရားခံဘက်က နားထောင်မယ့် အရာရှိ ၁ ယောက်၊ အားလုံး ၅ ဦးပါ။

ဟုတ်ကဲ့၊ အမှုကို ဘယ်လိုစစ်ဆေးစီရင်တာပါလဲ။

“စစ်ဥပဒေအရ လျှို့ဝှက်ပြစ်ဒဏ်စီရင်ချက်ချမယ်လို့ပြောပါတယ်။ ကြီးလေးတဲ့ ပြစ်ဒဏ်ပေးမယ်၊ တရားမျှတမှု ရှိစေရမယ်လို့ပြောတယ်။ သေဆုံးသူများရဲ့ ကျန်ရစ်သူမိသားစု အတွက် လျော်ကြေးတွေတော့ မပြောဘူး၊ နောက်မှအကြောင်းပြန်မယ်လို့ ပြောတယ်။”

ဒီအမှုကိုစစ်ဆေးတာ ဘယ်နှကြိမ်ရှိပြီလဲ။

“ကျနော်သိရတာတော့ သေဆုံးသူမိသားစုတွေရှေ့မှာ အမှုစစ်တာကတော့ ဒါပထမဆုံးပါပဲ။  ဒီမတိုင်ခင်ကတော့ သူတို့ (မိသားစုဝင်) တွေကိုပဲ သပ်သပ်ခေါ်စစ်တာ ၃ ကြိမ်ရှိတယ်။ ၂ ကြိမ်က လားရှိုးမြို့နယ် အမှတ် ၆၈ တပ်ရင်းမှာ၊ ပထမဆုံးတခေါက်က မိုင်းယော်မှာ။ သတ်တဲ့သူတွေကိုတော့ မနေ့ကမှ မြင်ဖူးတယ်လို့ ပြောတယ်။”

လွှတ်တော်အမတ်အနေနဲ့ သူတို့ပြောတဲ့အတိုင်း တကယ်ပဲ အရေးယူပေးမယ်လို့ ထင်ပါသလား။

“ဒီနေ့ထိတော့ ဒီအမှုကို တပ်မတော်က တစိုက်မတ်မတ်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ကျန်ရစ်သူမိဘဆွေမျိုးတွေရှေ့မှာ စစ်ဆေးပြတယ်။ ဟိုစစ်သားတယောက်က သူက အမိန့်အရ သေတဲ့သူကို ပြောက်ကျားဘောင်းဘီဝတ်ပေးရတယ်။ အထက်အမိန့်အရ သတ်ရတယ်ပြောတယ်။ သူတို့အချင်းချင်းလည်း ငြင်းခုံနေကြတယ်။ ဒါဟာ တကယ်လုပ်နေတာလို့ ယုံပါတယ်။  ဒါပေမယ့် ဒီအမှုက ပုဒ်မက ၃၀၂ (၂)/၃၄ ဆိုတော့ ရာဇသတ်ကြီးပုဒ်မ၊ လူသတ်မှုပုဒ်မဖြစ်တယ်။ ဘယ်လိုပြစ်ဒဏ်မျိုးတွေ ချမှတ်သွားမယ်ဆိုတာကိုတော့ ကျနော်တို့ စောင့်ကြည့်ရဦးမှာပါ။ သူတို့စီရင်ဆုံးဖြတ်ချက်အဆင့်ဆင့် ဘယ်သူ့ကို ဘယ်လိုပြစ်ဒဏ်ချလည်း ဆိုတာကိုလည်း အများပြည်သူသိအောင် ဆောင်ရွက်စေချင်ပါတယ်။ ကျန်ရစ်သူ မိသားစုအတွက် နစ်နာကြေးတွေ ဘယ်လိုထောက်ပံ့ပေးမလဲ ဆိုတာတွေလည်း စောင့်ကြည့်သွားရမှာပါ။”

ဆိုင်ကယ်အပစ်ခံရပြီး သေဆုံးသွားတဲ့ အီနိုင်းရွာသား ၂ ယောက်ကိစ္စတော့ စစ်ဆေးတာ မတွေ့ရဘူးနော်။

“အဲဒါကတော့ သူတို့ဆီမှာ မူးယစ်ဆေးဝါးလည်းတွေ့တယ်၊ ဘယ်သူက ပစ်သွားသလဲဆိုတာ မသိရဘူး ဆိုပြီး အမှုစစ်တာတွေ မလုပ်သေးပါဘူး။”

 သေဆုံးသူ မိုင်းယော်ရွာသားတွေအတွက် လျော်ကြေးတွေ ပြန်ရဖို့အတွက် ကာယကံရှင်တွေက ဘယ်လိုလိုလားကြပါသလဲ။

“သူတို့မိသားစုတွေ ကျနော့်ကို ပြောတာကတော့ အခု သေဆုံးသွားတဲ့သူတွေဟာ၊ အသတ်ခံရတဲ့သူတွေဟာ သူတို့ရဲ့အိမ်ထောင်ရေးကို ထိန်းကျောင်းနေသူတွေဖြစ်တယ်၊ ငွေရှာသူတွေဖြစ်တယ်ပေါ့နော်။ သူတို့မရှိတော့ သူတို့ မိသားစုတွေအခြေအနေအားလုံး တော်တော်လေးဒုက္ခရောက်တာပေါ့နော်၊ ဒါကြောင့် မိသားစုတွေ ပြန်လည်ပျိုးထောင်နိုင်မယ့် လျော်ကြေးငွေ တစုံတခုတော့ သူတို့ မျှော်လင့်နေကြတယ်။ ဥပမာဆိုရင် သူ့မိန်းမက အသက် ၂၀ ကျော်တဲ့ မိန်းမရယ်၊ ကလေး ၃ ယောက်တောင်ကျန်ခဲ့တာပေါ့လေ။ နောက်တယောက်ဆိုရင်လည်း အဲဒီ အသက်ကြီးရင့်တဲ့ ရောဂါသည်အဖွားနဲ့အဖေကို ရှာကျွေးနေတဲ့ ကောင်လေးတယောက်ပေါ့နော်။ သူတို့မရှိတော့ တော်တော်လေးကို ထိခိုက်နစ်နာတယ်ဆိုပြီးတော့ မိသားစုကို အဲဒီလိုပြောပြပါတယ်ခင်ဗျ။”

 ဖြောင့်ချက်ပေးတဲ့ တပ်မတော်သားတွေကို စစ်ခုံရုံးက လျှို့ဝှက်စီရင်မယ်ဆိုတာနဲ့ပတ်သက်လို့ ကျေနပ်မှုရှိကြလား။

“အဲဒါတော့ လောလောဆယ် ဒီအတိုင်းပဲ သူတို့ ဒီအမှု စစ်ဆေးမှု မရောက်ခင်ကတည်းကတော့ သူတို့ မကျေနပ်ဘူးလို့ပြောတယ်ပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအတိုင်း ကျေအေးမယ်ဆိုရင်တော့ မကျေနပ်ဘူးပေါ့။ ဒါပေမယ့် ဒီကနေ့အထိတော့ သူတို့စိတ်ဆန္ဒ ဘယ်လိုအခြေအနေဆိုတာ ကျနော်တို့ မသိရသေးပါဘူး။ ဒါကလည်း တပ်ကလည်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါမယ်၊ တရားမျှတမှုဖြစ်အောင် လုပ်ပေးပါမယ်လို့ သူတို့ကို ခဏခဏပြောနေတယ်လို့ ပြောပါတယ်ခင်ဗျ။”

တပ်ဘက်က ပြောထားတာ အလောင်းခုနှစ်လောင်းမှာ ဆိုင်ကယ်ပေါ်က အီနိုင်းရွာသား ၂ ယောက်က မူးယစ်ဆေးဝါးနဲ့ပတ်သက်တယ်လို့ ပြောတယ်။ တကယ် မူးယစ်ဆေးဝါး ပါတယ်ဆိုတဲ့အထောက်အထား မှန်လား (သို့မဟုတ်) ယုံလောက်အောင်သက်သေပြနိုင်လား။ ဒီအပေါ် ဒေသခံရွာသားတွေအကြား ဘာပြောနေကြလဲ။

“သူတို့လည်း စောင့်ကြည့်နေကြတယ်ခင်ဗျ။ ဒီနှစ်ယောက်ရဲ့မိဘတွေကလည်း သူတို့ ရဲစခန်းကို အမှုဖွင့်တယ်။ ကျနော်တို့သိရတာတော့ အဲဒီ ၂ ယောက်ကိုလည်း သွားရောက် ဖော်ထုတ်စစ်ဆေးတယ်လို့တော့ ဒေသခံတွေ ပြောပါတယ်။ ခုလောလောဆယ် စစ်တပ်က စီစဉ်ဆောင်ရွက်နေတဲ့ တရားစီရင်နေတာကတော့ မိုင်းယော်ရွာသား ၅ ယောက်ပဲပေါ့နော်၊ အီနိုင်းရွာသား ၂ ယောက်ကိုတော့ ဒီအတိုင်း ထားထားတယ်ပဲပြောရမှာပေါ့။ ဒါပေမယ့် သူတို့ မိဘတွေကတော့ ဒါက အမှုဖွင့်ထားတယ်ဆိုတော့ ဘယ်လိုလာမလဲမသိဘူး၊ စောင့်ကြည့်ဖို့လည်း လိုပါတယ်။ ရဲကိုလည်း ထပ်မေးဖို့ လိုအပ်တာပေါ့နော်။ နောက်တခါ သူတို့သား ၂ ယောက်က လုံးဝလူကောင်းတွေပါဆိုပြီး နမ့်ယော်ရွာက လူကြီးတွေလည်း ထောက်ခံပေးတယ်။ ဆိုင်ကယ်နဲ့နှစ်ယောက်က လူကောင်းတွေပါပေါ့နော်။ ဘာမှ ရပ်ရေးရွာရေးအတွင်းမှာလည်း ဘာမှပြဿနာရှိတဲ့လူတွေမဟုတ်ဘူးဆိုပြီးတော့ လူကြီးတွေကတော့ ထောက်ခံထားပေးတယ်။ အရင်ကလည်း မူးယစ်ဆေးဝါးသုံးစွဲတာ ဘာမျိုးမရှိပါဘူး လူကောင်းပါပေါ့။”

ရွာသားအလောင်းငါးလောင်းကိစ္စက စစ်ဆေးရာမှာ ၂ ယောက်က ဖုန်းထဲမှာ သေနတ်ကိုင်တဲ့ ဓာတ်ပုံတွေ့တယ်၊ စာအုပ်တွေ့တယ်ပြောတယ်။ ပလောင်တပ်ဖွဲ့နဲ့ အဆက်အစပ်ရှိလို့ သတ်တယ်လို့ပြောတယ်။ နံပါတ်တစ်မေးချင်တာက သူတို့ဖုန်းထဲမှာ သေနတ်ကိုင်တဲ့ ဓာတ်ပုံတကယ်ရှိလား။ စာအုပ်ကော တကယ်တွေ့တာလား။ ဒုတိယမေးခွန်းက ရှိရင်ရော သတ်ခွင့်ရှိသလား။ ဒီအဖြေ ၂ ခုကို ဥပဒေအရ ဘာလုပ်ဖို့ရှိသလဲ။

“ဒါကတော့ တကယ့်ကို Question မေးခွန်း ကြီးကြီးထုတ်ရမှာဖြစ်ပါတယ်။ တပ်မတော်အရာရှိကြီးကလည်း သတင်းစာရှင်းလင်းပွဲမှာ လုပ်သွားတယ်ပေါ့နော်။ စစ်သုံ့ပန်းဥပဒေတွေဘာတွေ ချိုးဖောက်ပြီးတော့ လုပ်တယ်ဆိုတာကလည်း ပြောသွားတယ်လေ။ ကျနော်တို့သိရတာတော့ ကောင်လေးတယောက်က သူ လားရှိုးအိမ်တအိမ်မှာ သူငယ်ချင်းတွေနဲ့ အဲလိုဓာတ်ပုံတွဲရိုက်တဲ့အချိန်မှာ သူ့လက်က ကလေးကစားစရာ သေနတ်လိုပုံစံတခုပေါ့ အဲလိုဓာတ်ပုံနဲ့ ဖုန်းထဲမှာတွေ့ရတာ။ ထင်တာတော့ ဖုန်းထဲမှာ စစ်ဆေးရင်းနဲ့ မသင်္ကာလို့ အဲဒီပုံလေးတွေ့ပြီးတော့ ဖမ်းဆီးစစ်ဆေးတယ်လို့တော့ ပြောလို့ရတာပေါ့နော်။ ဒါပေမယ့် အဲဒီလိုလောက်အထိ သတ်ပိုင်ခွင့်တော့ လုံးဝမရှိဘူးလေ ဥပဒေဘက်မှာလည်း။ အဲလိုလုပ်ပိုင်ခွင့်လည်း မရှိဘူးပေါ့နော်။ အကြောင်းပြချက် မခိုင်လုံဘူးလို့ပဲ ကျနော်တို့က ပြောကြားချင်ပါတယ်ခင်ဗျ။”

သေနတ်ကိုင်ဆောင်ပြီး ဓာတ်ပုံရိုက်တာတွေက အများသူငါတွေလည်း ရိုက်နေကြတာတွေ့ဖူးတယ်။ ဓာတ်ပုံတွေ့တိုင်းတာ သတ်ရမယ်ဆို နည်းမှာမဟုတ်ဘူး။

“ဟုတ်တယ်ခင်ဗျ။ ဟုတ်တယ်။”

သတ်တယ်လို့ဖြောင့်ချက်ပေးတဲ့ တပ်ကြပ်ကြီး ၂ ယောက်တဲ့၊ တပ်ကြပ်တယောက်က အထက်အမိန့်အရလို့ ပြောတယ်။ ဒီတော့ ဒီလူသတ်မှုမှာ တကယ်တာဝန်ရှိတာက အမိန့်ပေးသူတွေမဟုတ်လား၊ ဥပဒေသမားတွေနဲ့ တိုင်ပင်တော့ ဘာပြောလဲ။

“အခုလောလောဆယ် ကျနော်ကြည့်ရတာကတော့ အဲဒီတရားခွင့် တက်ရောက်ခဲ့တဲ့ လူတွေရဲ့ပုံစံအရဆိုရင် အထက်က တာဝန်ရှိတဲ့သူတွေလည်း စစ်ဆေးနေတာပေါ့နော်။ စစ်ဆေးပြီးတော့ အရေးယူဖို့ အနေအထားတွေ ရှိပါတယ်ပေါ့နော်။ လုပ်တာက ၃ ယောက်၊ ဆိုပေမယ့် ခေါ်စစ်တာက ၇ ယောက်ရှိတယ်ဆိုတော့ ဒါ ကျနော်တို့ မှန်းပြောလို့ရပါတယ်။ ဒါ အားလုံးကို အရေးယူပေးမယ့်ပုံ ပေါက်ပါတယ်ပေါ့နော်။ ဒါ အရေးယူလည်း အရေးယူပေးရမယ့်အပိုင်းဖြစ်ပါတယ်။ အမိန့်ပေးတဲ့လူလည်း ပါတာပေါ့လေနော်။”

အရင်ကစစ်တပ်က ခုလိုအလွယ်တကူဝန်ခံတာမျိုး၊ စစ်ခုံရုံးကို ကာယကံရှင်မိသားစုတွေ ကြားနာခွင့်ပေးတာမျိုးမရှိဖူးတော့။ အခုချိန်မှာ ဖော်ဆောင်လာတဲ့ တပ်မတော်ရဲ့ လိုက်လျောဖြေလျော့မှုအပေါ် ဘယ်လိုမြင်လဲ။  

“တိုးတက်လာတယ်လို့ပဲ ပြောရပါမယ်။ နောက်ပြီးတော့လည်း ဒါက နောက်မလုပ်အောင်ပေါ့နော် အသိပေးတဲ့သဘောလည်းဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျနော်တို့ ဒီနိုင်ငံက ပွင့်လင်းမှုတစုံတခုရှိလာပြီလို့ ပြောရမှာပေါ့။ မီဒီယာအခန်းကဏ္ဍလည်း အရေးကြီးတာပေါ့လေ။ ဒါ ကျနော်တို့ တချို့နေရာတွေမှာ မီဒီယာတွေ မရောက်နိုင်တဲ့နေရာတွေ အများကြီးရှိပါသေးတယ်။ ဒီလိုကိစ္စတွေလည်း အများကြီးရှိနိုင်ပါသေးတယ်။ ဒါကြောင့် ဒါကတော့ ဘယ်လိုပြောရမလဲဆိုတော ကောင်းတော့ကောင်းပါတယ်လို့ ပြောရမယ်၊ ဒါပေမယ့် ဒီထက်ကောင်းဖို့လည်း လိုအပ်တာပေါ့နော် အမှုတိုင်းမှာ။ နောက်ပြီးတော့ ခုဟာက မိုင်းယော်မှာ ဖြစ်တဲ့ ၇ ယောက်က ၅ ယောက်ပဲ ကိစ္စက ပြီးသေးတယ်၊ ကျန်တဲ့ ၂ ယောက်လည်း ရှိသေးတယ်ဆိုတော့ ဆက်လက်ပြီးတော့ တပ်မတော်အနေနဲ့ဆောင်ရွက်သွားစေချင်ပါတယ်။ ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ပြည်သူလူထုတွေက စောင့်ကြည့်နေကြတယ်။ အဲလိုပဲပြောချင်ပါတယ်။”

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်၊ နောက်ကော ဘာတွေဖြည့်စွက်ပြောချင်ပါသေးလဲ။

“ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ပြည်သူကိုယ်စားပြုသူတွေပါ၊ ဒါကြောင့် ဒီအမှုကို ပြည်သူအနေနဲ့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်၊ နောက်နောက် အလားတူ ဒီလိုအဖြစ်မျိုး ထပ်မဖြစ်ဖို့ အားလုံးက ၀ိုင်းပြီးကာကွယ်ထိန်းသိမ်းရမယ်လို့ ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013