
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် မြစ်သာမြစ်ကမ်းဘေးက ချောင်းကျဉ်းကျေး ရွာအနီးမှာ မနေ့မနက်ကစပြီး မြေသားနိမ့်ကျမှု မရပ်တန့်တာကြောင့် ကုန်တင်ကားကြီးတွေ သွားလာလို့ မရအောင်ဖြစ်နေပြီလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
မြစ်သာမြစ်ကမ်းဘေးက ချောင်းကျဉ်းကျေးရွာအနီး အလျား ၃ ဖာလုံလောက်ရှိတဲ့ မြေသားနိမ့်ကျမှုဟာ မရပ်တဲ့အတွက် အနီးဝန်းကျင်က အိမ်ခြေ ၆ လုံးကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းထားတယ်လို့ မြို့ခံဦးအောင်ဇော်ဦးက ပြောပါတယ်။
“မနေ့ကထက် ဆိုးလာတယ်။ ဆိုးလာတယ်ဆိုတာ ကားကြီးတွေ လုံးဝသွားလို့မရတော့ ဘူး။ သွားလို့ရအောင်တော့ လမ်းဌာနကတော့ လုပ်နေကြတယ်။ မြေတူးစက်တွေဘာတွေနဲ့ ယာ ယီပေါ့ဗျာ။ လောလောဆယ်မြေက မနေ့ကထက် ပိုပြီးတော့ အက်ကွဲပြီး ကြွတက်လာ တယ်ဆိုတော့ လမ်းကလည်း တော်တော်လိမ်သွားတယ်။ အဲတော့ ကားကြီးက သွားလို့ လုံးဝ မရတော့ဘူး။”
ဒီလမ်းပိုင်းဟာ အိန္ဒိယနယ်စပ်နဲ့ဆက်သွယ်တဲ့ ကုန်စည်လမ်းကြောင်းဖြစ်ပြီး တမူး၊ ချင်းပြည်နယ်ကနေ ပြည်မကို ဆက်သွယ်သွားလာတဲ့ လမ်းကြောင်းဖြစ်ပါတယ်။
ဒီလိုကားလမ်းပျက်စီးသွားမှုကြောင့် တခြားလမ်းတခုကနေ ကုန်သည်သွားလာရမှာဖြစ်ပြီး မိုးတွင်းမှာ အခက်အခဲတွေရှိနိုင်တယ်လို့လည်း ဦးအောင်ဇော်ဦးက ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လည်း အဲဒီနေရာမှာ အလားတူ မြေအိကျမှုတွေဖြစ်ပွားခဲ့ဖူးပါတယ်။
မနှစ်က ကလေးမြို့ရေကြီးခဲ့ပြီးနောက် အစိုးရက မြစ်သာမြစ်ကို ချဲ့ခဲ့စဉ်က ကမ်းနားက ကျောက်တုံးကျောက်ဆောင်တွေကို မိုင်းခွဲပြီး ချဲ့ခဲ့ကြောင်း၊ ဒေသခံတွေက အဆိုပါနေရာဟာ ၁၂ နှစ်တခါ ပြတ်ပြီး လျောကျာလာဖူးကြောင်း ပြောဆိုပေမယ့် တားမရဘဲ စီမံကိန်းကို ပြီးအောင်လုပ်သွားကြောင်း ပြောပြပါတယ်။
စီမံကိန်းပြီးတဲ့နောက် မြေလွှာအက်လာပုံကို ဦးအောင်ဇော်ဦးက “သူတို့လုပ်ငန်း ပြီးပြီးချင်းမှာ မြေလွှာတွေ အက်ကွဲလာတယ်။ အဲဒီအက်ကွဲတာက လွန်ခဲ့တဲ့ သုံးလေးငါး လလောက်ပဲရှိဦးမယ်။ သိပ်မကြာသေးဘူး။ ဒေသခံအမြင်မှာတော့ ကမ်းနားမှာရှိတဲ့၊ မြစ်ကမ်းဘေးမှာရှိတဲ့ ပြတ်ရွှေ့အာက်ခြေက ကျောက်တုံး၊ ကျောက်ဆောင်တွေကို တူးထုတ်လိုက်လို့ ပြတ်ရွှေ့က ပြန်ပြီး အသက်ဝင်လာတယ်လို့ပဲ ယူဆကြတယ်။”
မြေငလျင် သုတေသနပညာရှင် ဒေါ်လှလှအောင်ကတော့ ဒီဖြစ်စဉ်နဲ့ မြေငလျင်နဲ့ ဆက်စပ်မှုရှိ မရှိတော့ လေ့လာနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“ဘယ်လောက်အကျယ်၊ ဘယ်လောက်အမြင့်ကနေ ကျတာလဲ။ အမြင့်မှာပဲကျတာလား ကမ်းဘေးမှာပဲဖြစ်တာလား ဆိုတာလားဆိုတာတခုရှိတယ်။ ကမ်းဘေးမှာပဲ သူက အပြိုင်ဖြစ်တယ်ဆိုလို့ရှိရင်တော့ River Bank Erosion လို့ ခေါ်တာပေါ့နော်။ မြစ်ကနေပြီးတော့ တဖြည်းဖြည်းလိုက်ပြီး အောက်ခြေကနေစားသွားပြီး ပြိုပြီးတော့ကျတယ်။ ပုံထဲမှာကြည့်တာလည်း မြစ်ကမ်းပါးနဲ့သူက အပြိုင်ဖြစ်နေတယ်။ မြစ်သာမြစ်နဲ့ အဲလိုဟာမျိုးတွေ့နေတယ်ဆိုတော့ ဒါဟာ River Bank Erosion လို့ပဲ ကျမကတော့ လောလောဆယ် သတ်မှတ်တယ်ပေါ့နော်။ ဒါပေမယ့် သူတို့ဆီက အဖြေ ဘယ်လောက်အချိန်အထိ ဆက်ကျနေလဲ၊ ဘယ်လောက်အမြင့်ကနေကျနေလဲ၊ ဒီကနေပြီးတော့ ဘယ်လောက် အကျယ်ထိသွားနေလဲဆိုတာ သိရရင်တော့ ပိုကောင်းမယ်။”
မြေအက်မှုဖြစ်တဲ့နေရာဟာ ကလေးဝမြို့နဲ့ ၁၀ ကီလိုမီတာလောက်ကွာဝေးပြီး လက်ရှိ အချိန်မှာတော့ ဒေသခံအာဏာပိုင်တွေက အက်သွားတဲ့လမ်းကို မြေဖို့ဖာထေးမှုတွေ လုပ်နေပါတယ်။











