DVB Logo
Home
မြန်မာသတင်း
အမည်ပျက်စာရင်းကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးရန် ဦးမောင်မောင်ဝမ်း တိုက်တွန်း
DVB
·
August 11, 2016
အမည်ပျက်စာရင်းကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးရန် ဦးမောင်မောင်ဝမ်း တိုက်တွန်း
Donate to DVB

ပြည်ပရောက် နိုင်ငံရေးသမားတွေ ပြည်တော်ပြန်နိုင်ဖို့အတွက် အစိုးရက Black list  အမည်ပျက်စာရင်းကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ ရန်ကုန်လေဆိပ်ကနေ ၂ ကြိမ် ပြန်ပို့ခံလိုက်ရတဲ့ ဦးမောင်မောင်ဝမ်းက တိုက်တွန်းလိုက်ပါတယ်။

ဦးမောင်မောင်ဝမ်းဟာ ၈၈ အရေးအခင်းကာလက ရေနံချောင်းတ၀ိုက်မှာ သပိတ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး အခုတော့ အမေရိကန်နိုင်ငံသား ခံယူထားသူ ဖြစ်ပါတယ်။

ဒီလအစောပိုင်းအထိ အမည်ပျက်စာရင်းမှာ ပါဝင်ခဲ့ပြီး သြဂုတ် ၈ ရက်နေ့ကျမှ ပြည်ဝင်ခွင့် ရရှိခဲ့တာပါ။

ဒီမတိုင်ခင်မှာ ၂၀၁၄ ခုနှစ် သြဂုတ်လမှာ တကြိမ်၊ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့က တကြိမ် ရန်ကုန်လေဆိပ်ကနေ ပြန်ပို့ခံခဲ့ရပါတယ်။

“ပြဿနာတခုက ဘာလဲဆိုတော့ Black list က ကိုယ်က Black list ဟုတ်လား မဟုတ်လားကို မသိဘူး။ ကျနော် ဒီမှာကြားရတယ်ပေါ့၊ လာခါနီးလေးတင်ပေါ့၊ ကျနော်ကြားရတယ်။ တချို့မေးတယ်တဲ့၊ သက်ဆိုင်ရာဌာနတွေကိုပေါ့နော်။ မေးတော့ ဘာမှ ပြန်ဖြေကြားခြင်း မရှိဘူးတဲ့။ ကျနော်တို့က ဘယ်လိုဆုံးဖြတ်ရမှန်းလည်း မသိဘူး။ အဲတော့ ဥပမာဆိုကြပါစို့၊ သံရုံးကိုမေးလို့လည်း မရဘူးပေါ့နော်။ တခါ သံရုံးကနေပြီးတော့ ဗီဇာပေးလိုက်ရင်လည်း စိတ်ချရတဲ့ အနေအထားမှာ မရှိဘူးဖြစ်နေတယ်။ တိုင်းပြည်ထဲဝင်လာရင် ပြန်နှင်ထုတ်မလားဆိုတဲ့ သံသယစိတ်တွေ ရှိတယ်ပေါ့နော်။ အဲဒါအတွက် လက်ရှိ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ အနေနဲ့ ပြတ်ပြတ်သားသား တခုတော့ ပြောပေးဖို့တော့ လိုပြီပေါ့။ အာမခံချက်ပေါ့နော်။ ဒီကိစ္စတွေက ဒီလိုရှိပါတယ်၊ ဒါဆိုရင် ဒီလိုလုပ်ပေးပါမယ်ဆိုတဲ့ အာမခံချက် ပြတ်ပြတ်သားသား ပြောဖို့တော့လိုပြီ” လို့ Black list  အမည်ပျက်စာရင်း တင်သွင်းခံခဲ့ရဖူးသူ ၈၈ မြေလတ်ကျောင်းသားခေါင်းဆောင် ဦးမောင်မောင်ဝမ်းက ပြောပါတယ်။

အစိုးရက Black List စာရင်း သွင်းခံထားရသူတွေထဲက မြန်မာနိုင်ငံသား ၂၄၈ ဦးကို ပြီးခဲ့တဲ့တပတ်မှာ ရုပ်သိမ်းပေးခဲ့ပေမယ့်  နောက်ထပ် မြန်မာနိုင်ငံသား ၁၈၅ ဦး ကျန်နေပါတယ်။

ဒါပေမယ့် ဘယ်သူဘယ်ဝါတွေက အမည်ပျက်စာရင်းထဲမှာ ပါနေတယ်ဆိုတာ အတိအကျ မသိရတဲ့အတွက် တာဝန်ရှိတဲ့ အစိုးရအဖွဲ့အစည်းတွေ အနေနဲ့  Black List အမည်ပျက်စာရင်းကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်းဖြစ်တဲ့ ဦးမောင်မောင်ဝမ်းက ပြောပါတယ်။

နိုင်ငံရေးအရ ပြည်ပကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်အောင် အစိုးရသစ်အနေနဲ့ ပွင့်ပွင့်လင်းလင်း ကြေညာပေးသင့်တယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင်၊ အောက်မြန်မာပြည် ဗကသအတွင်းရေးမှူးဟောင်း ကိုဗသက်အောင်က တိုက်တွန်းပြောဆိုပါတယ်။

“အန်အယ်လ်ဒီအစိုးရဖြစ်လာပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်အောက်မှာ အခုလက်ရှိ ပြည်ထဲရေးကလည်း သူက လက်အောက်ခံအနေနဲ့ ပါဝင်နေတော့ သူတို့အနေနဲ့ အရင်တုန်းက Black List လုပ်ထားတဲ့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်တဲ့ သူတွေကို၊ Black List လုပ်ထားတဲ့သူတွေကို ပွင့်ပွင့်လင်းလင်းပေါ့ ကြေညာပေးပါ။ ပြီးရင် သူတို့နဲ့ပတ်သက်ပြီးတော့ ပြည်တွင်းကို ဂုဏ်သိက္ခာရှိရှိနဲ့ ၀င်လာနိုင်ဖို့အတွက်လည်း ပွင့်လင်းမြင်သာစွာနဲ့ ကြေညာပေးပါ။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအနေနဲ့လည်း ဒီအပေါ်မှာ လက်ရှိ ပြည်ထဲရေးဝန်ကြီးကိုလည်း ပြတ်ပြတ်သားသား တာဝန်ခံမှု၊ တာဝန်ယူမှုတွေ လုပ်ပေးဖို့ တိုက်တွန်းဖို့ လိုတယ်လို့ ကျနော်မြင်တယ်။”

အရင်အစိုးရတွေလက်ထက်က ၀န်ကြီးဌာန ၁၅ ခုကနေ Black List စာရင်းသွင်းခံထားရသူပေါင်း  မြန်မာနိုင်ငံသား ၄၄၃ ဦးနဲ့ နိုင်ငံခြားသား ၃၉၃၇ ဦး ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံသား ၁၈၅ ဦး၊ နိုင်ငံခြားသား ၃၅၆၆ ဦး စုစုပေါင်း ၃၇၅၁ ဦးနဲ့  နိုင်ငံကူးလက်မှတ် ပယ်ဖျက်ထားတဲ့ နိုင်ငံကူးလက်မှတ် ၄၈၄၅ အုပ်တို့သာ Black List သွင်းထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013