DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံ တရုတ်နိုင်ငံကို သြဂုတ် ၁၇ ရက်နေ့ သွားလည်ပတ်မည်
DVB
·
August 10, 2016
နိုင်ငံတော်အတိုင်ပင်ခံ တရုတ်နိုင်ငံကို သြဂုတ် ၁၇ ရက်နေ့ သွားလည်ပတ်မည်
Donate to DVB

တရုတ်နိုင်ငံအကြီးအကဲရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် သြဂုတ်လ ၁၇ ရက်နေ့ကစပြီး တရုတ်နိုင်ငံကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။

သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက “တရုတ်နိုင်ငံခေါင်းဆောင်ပေါ့နော်၊ တရုတ်သမ္မတ (ရှီကျင့်ဖျင်) ကိုယ်တိုင်ဖိတ်တာပေါ့” လို့ ပြောပါတယ်။

မြစ်ဆုံရေကာတာကိစ္စ ဆွေးနွေးမလားလို့ မေးမြန်းချက်ကို ဦးဇော်ဌေးက “ခုတော့ ကြိုပြောလို့မရဘူး။ မြစ်ဆုံတွေဘာတွေ မသိဘူးဗျ၊ ဆွေးနွေးမယ့်ဟာကို ပြီးရင်တော့ ကျနော်တို့ သတင်းထုတ်မယ်။ အခုတော့ ဘာဘာညာညာ အသေးစိတ်သတင်းထုတ်ဖို့မရှိဘူး” လို့ ပြောပါတယ်။

မြစ်ဆုံရေကာတာဟာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်လက်ထက်မှာ တရုတ်ကုမ္ပဏီနဲ့ သဘောတူလက်မှတ်ရေးထိုး အကောင်အထည်ဖော်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်မှာတော့ ဒီစီမံကိန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ခံရပြီးတဲ့နောက် သူ့သက်တမ်းအတွင်းမှာ စီမံကိန်းကို  ရပ်နားထားမယ်လို့ သမ္မတက ကြေညာခဲ့ပါတယ်။

ဒါကြောင့် လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်မှာ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ပတ်သက်လို့ အစိုးရသစ်က တရုတ်ကုမ္ပဏီကို တုံ့ပြန်ရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့လပိုင်းကတော့ တရုတ်နိုင်ငံ စီးပွားဆိုင်ရာတာဝန်ရှိသူတွေနဲ့ တရုတ်ကုမ္ပဏီ တာဝန်ရှိသူတွေ မြန်မာနိုင်ငံ မြစ်ကြီးနားမြို့ကို လာရောက်စဉ်မှာ မြစ်ဆုံနဲ့ပတ်သက်လို့ ရွေးချယ်စရာ နည်းလမ်းသုံးသွယ်ကို ပြောကြားခဲ့ပါတယ်။

ဒီနည်းလမ်းတွေကတော့ မြစ်ဆုံစီမံကိန်းကို ရပ်တန့်ရင် အမေရိကန်ဒေါ်လာ သန်း ၈၀၀ လျော်ပေးဖို့၊ အကောင်အထည်ဖော်ရင် လျပ်စစ်ဓာတ်အားထွက်ရှိချိန်ကစလို့  တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ယူဖို့နဲ့ ကျန်တခုကတော့ စီမံကိန်းကို ဆက်လက်ရပ်တန့်မယ်ဆိုရင်တော့ နှစ်စဉ်အတိုးငွေ သန်း ၅၀ ပေးအပ်ဖို့ ဖြစ်ပါတယ်။

ဒီရွေးချယ်စရာ နည်းလမ်းကို မြန်မာအစိုးရက ဘယ်လိုကိုင်တွယ်ညှိနှိုင်းဖြေရှင်းမယ်ဆိုတာ တရားဝင် ထုတ်ဖော်ရှင်းလင်းခြင်းမရှိသေးပါဘူး။

ဒါပေမယ့် လွန်ခဲ့တဲ့လပိုင်းက အစိုးရပိုင် မြန်မာ့အလင်းသတင်းစာရဲ့ အယ်ဒီတာ့အာဘော်ကဏ္ဍက ရေးသားချက်မှာတော့ အဲဒီ နည်းလမ်း ၃ သွယ်အပြင် စတုတ္ထနည်းလမ်းတခုကို ရေးသားထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံခရီးစဉ်အပြီး ဒီလကုန် ၃၁ ရက်နေ့မှာ စတင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံကို ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။

စက်တင်ဘာလတွင်းမှာတော့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ဖို့ အမေရိကန်ပြည်ထောင်စုကို သွားရောက်မယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒီခရီးစဉ်အတွင်းမှာပဲ အမေရိကန်သမ္မတက ဖိတ်ကြားမှုအရ တရားဝင်လည်ပတ်ဖွယ်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို  အိန္ဒိယနိုင်ငံကလည်း လာရောက်လည်ပတ်ဖို့ လာအိုနိုင်ငံမှာ ကျင်းပတဲ့ ၀န်ကြီးအစည်းအဝေးခရီးစဉ်အတွင်းက ဖိတ်ကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးဟာ အိန္ဒိယရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေအကြောင်း၊ အာရှလမ်းမကြီး စီမံကိန်း၊ အိန္ဒိယရဲ့ဆိုလာလျှပ်စစ်အတွေ့အကြုံ၊ အိန္ဒိယရဲ့ဖက်ဒရယ်အတွေ့အကြုံ၊ နိုင်ငံရေးဆိုင်ရာ ပြန်လည်သင့်မြတ်ရေးကိစ္စတွေ ပြောဆိုခဲ့ကြတယ်လို့ အိန္ဒိယသတင်းစာတွေက ရေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယခရီးစဉ်နဲ့ပတ်သက်လို့ လောလောဆယ်မှာ ညှိနှိုင်းနေဆဲသာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013