
မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ထဲ ရေတွေဝင်ရောက်ခဲ့တာကြောင့် ခေတ္တ ကျောင်းပိတ်ထားရပြီး လာမယ့် သြဂုတ် ၁၅ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
ဧရာဝတီမြစ်ရေ တိုးမှုကြောင့် အမရပူမြို့နယ်ထဲက ရတနာပုံတက္ကသိုလ် စာသင်ခန်းတွေနဲ့ ဝန်ထမ်းအိမ်ရာတွေထဲ ရေတွေဝင်လာလို့ ကျောင်းကို နှစ်ပတ်ကြာ ပိတ်ထားခဲ့ရတာပါ။
ရေကျသွားလို့ ကျောင်းကို သန့်ရှင်းရေး ပြုလုပ်နေပြီး လာမယ့် သြဂုတ် ၁၅ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေကြတာပါ။
“ကျောင်းကို လာမယ့် သြဂုတ် ၁၅ ရက်နေ့ ပြန်လည်ဖွင့်လှစ်ဖို့ ပြောထားပြီးသား ဖြစ်ပါတယ်။ ရတနာပုံသတင်းစာနဲ့ မန္တလေးသတင်းစာမှာ ကြေညာဖို့၊ သတင်းထုတ်ပြန်ဖို့ ကျနော် လုပ်ပြီးသား ဖြစ်ပါတယ်။ ပြီးရင် ရတနာပုံတက္ကသိုလ်ရဲ့ ၀က်ဘ်ဆိုက်ကနေ တင်လည်း တင်ပြီးသွားပြီ ဒီနေ့ဆိုရင်။ အခုဆိုရင် ကျနော်တို့ ရှင်းလင်းရေးကိစ္စတွေ ၄ ရက် ၅ ရက်ကနေ စပြီးတော့ ကျနော်တို့ လုပ်ပါတယ်” လို့ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးကျော်က ပြောပါတယ်။
ဧရာဝတီမြစ်ရေဟာ နှစ်စဉ်တိုးနေကျဖြစ်ပေမယ့် ကျောင်းပတ်လည်နဲ့ တောင်သမန်အင်း ဘေးပတ်လည် မြေဖို့မှုတွေ များလာတာက ကျောင်းကို ဒီနှစ်မှာတော့ ပိုမိုဆိုးစေခဲ့ပါတယ်။
“နံပါတ် (၁) ဒီရဲ့ အခက်အခဲက သင်ကြားရေး နောက်ကျတယ်။ ဆရာ/ဆရာမတွေကလည်း နေလို့ အဆင်မပြေတော့ဘူးပေါ့။ ဒီ ရေကလည်း ကျနော်တို့က လေးနှစ်မှတကြိမ် ကြီးတယ်ပေါ့နော်။ ဒီလောက်ဆိုးဆိုးရွားရွားလည်း မကြီးဘူး။ ဒီနှစ်က ပိုပြီး ထူးခြားတာက ရေက ပိုပြီး ဆိုးဆိုးရွားရွား ကြီးသွားတယ်။ ကြီးသွားတဲ့ အကြောင်းအရင်းက ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ရတနာပုံတက္ကသိုလ်ရဲ့ ခေါင်းရင်းပေါ့နော်။ အမြန်လမ်းမကြီးရဲ့ဘေးမှာ မြေတွေက ဧကပေါင်း မြောက်မြားစွာ မြေတွေဖို့တယ်။ ဒါ့အပြင် အနောက်ဘက်မှာလည်း ကုမ္ပဏီတွေက အင်းမြေတွေကို အသုံးချပြီးတော့ မြေတွေဖို့တယ်။ အဲဒီရဲ့ ဆိုးကျိုးဒဏ်က ကျနော်တို့ ရတနာပုံတက္ကသိုလ်က ဒီနှစ်မှစပြီး ဆိုးဆိုးရွားရွား ခံစားရတာပေါ့” လို့ ရတနာပုံတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ကထိက ဦးသုတက ပြောပါတယ်။
ရေကြီးမှုတွေကြောင့် ရတနာပုံတက္ကသိုလ် အပါအဝင် အခြေခံပညာ ကျောင်းအချို့လည်း ပိတ်ထားခဲ့ရတာပါ။
ပိတ်ထားခဲ့ရတဲ့ စာသင်ရက်တွေအတွက် ဆရာ/ဆရာမတွေနဲ့ ကျောင်းသားတွေကို စာသင်ချိန်အတွက် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
သတင်း - အိမ်ခိုင်မြဲ










