
“အလေးအနက်ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာ” ပင်လယ်ကွေ့နိုင်ငံတွေရဲ့ တောင်းဆိုမှုကြောင့် အီရန်ကို ဒီကနေ့ မေ ၁၉ ရက်နေ့ အသစ်ထပ်မံတိုက်ခိုက်မဲ့ အစီအစဉ်ကို ရွှေ့ဆိုင်းထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ပြန်ပါတယ်။
အီရန်နဲ့ သဘောတူညီချက်ရဖို့ အခွင့်အလမ်းကောင်း ရှိနေပြီလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ထရမ့်ပ်က ထပ်ပြောပါတယ်။
ကာတာ၊ ဆော်ဒီအာရေဗျနဲ့ ယူအေအီး နိုင်ငံခေါင်းဆောင်တွေက တောင်းဆိုခဲ့တာဖြစ်တယ်လို့ ထရမ့်ပ်က Truth Social လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့ပါတယ်။
အီရန် နျူလက်နက် ပိုင်ဆိုင်ခွင့်ရမှာမဟုတ်ဘဲ အမေရိကန်အတွက် အင်မတန် လက်ခံနိုင်စရာရှိတဲ့ သဘောတူညီချက်မျိုး ရလိမ့်မယ်လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ သဘောတူညီချက် မရဘူးဆိုရင်တော့ အီရန်ကို အချိန်မရွေး အပြင်းအထန် တိုက်ခိုက်သွားဖို့ အသင့်ရှိတယ်လို့ သတိပေးပါတယ်။
အီရန်စစ်တပ် အရာရှိကြီးတယောက်ကလည်း အမေရိကန်အနေနဲ့ မဟာဗျူဟာမြောက် အမှားတွေ ထပ်မလုပ်ဖို့ တုံ့ပြန်ထားပါတယ်။
ဒီစစ်ပွဲဟာ အမေရိကန်ပြည်သူတွေကြားမှာ လူကြိုက်နည်းလာပြီး မေ ၁၈ ရက် စစ်တမ်းတွေအရ မဲဆန္ဒရှင် ၆၄ ရာခိုင်နှုန်းက စစ်တိုက်တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ယူဆကြပါတယ်။
အီရန်က ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းသွားလာနေတဲ့ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားသလို အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားပါတယ်။
ညှိနှိုင်းမှုတွေမှာ အီရန်ဘက်က စစ်ပွဲရပ်တန့်ဖို့နဲ့ လျော်ကြေးပေးဖို့ တောင်းဆိုထားပြီး အမေရိကန်ကတော့ အီရန်နျူစီမံကိန်း ရပ်တန့်ဖို့ကို အဓိကထား တောင်းဆိုထားပါတယ်။
Source: Reuters










