DVB Logo
Home
မြန်မာသတင်း
လုပ်အားခမရသည့် အလုပ်သမားများအတွက် ကရုဏာကြေး ၉ သိန်း ထိုင်းပေးအပ်
DVB
·
August 10, 2016
လုပ်အားခမရသည့် အလုပ်သမားများအတွက် ကရုဏာကြေး ၉ သိန်း ထိုင်းပေးအပ်
Donate to DVB

ထိုင်းနိုင်ငံ ချင်းမိုင်က ဆောက်လုပ်ရေးကုမ္ပဏီတခုမှာ အလုပ်လုပ်ပြီး လုပ်အားခမရတဲ့ အလုပ်သမားပေါင်း ၁၀၀ ကို ချင်းမိုင်ခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ရန်ပုံငွေကနေ ကရုဏာကြေးပေးအပ်ခဲ့ပါတယ်။

ဆောက်လုပ်ရေးအလုပ်သမားပေါင်း ၁၉၅ ဦးဟာ ပါဖက်တိုဆောက်လုပ်ရေး ကုမ္ပဏီထံကနေ လုပ်အားခပေါင်း ဘတ် ၈ သန်းကျော် ရရန်ရှိပေမယ့်လည်း ကုမ္ပဏီပိုင်ရှင်မှာ ဒီနေ့ထိ လာရောက်ရင်ဆိုင်ဖြေရှင်းခြင်း မရှိသေးတဲ့အတွက် ထိုင်းအစိုးရ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ရန်ပုံငွေကနေ သူတို့မိသားစုဝင်တွေကို လတ်တလော ကူညီတဲ့ အနေနဲ့ ကရုဏာကြေးပေးအပ်ရတာဖြစ်တယ်လို့ ချင်းမိုင်ခရိုင်ဝန် နိုင်း ပ၀င်းချမ်း နိပရဆတ်က သြဂုတ် ၁၀ ရက်နေ့ ကရုဏာကြေးပေးအပ်တဲ့ အခမ်းအနားမှာ ပြောပါတယ်။

ဒါပေမယ့်  အလုပ်သမားစောင့်ရှောက်ရေးရန်ပုံငွေက သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီတဲ့ အလုပ်သမားတွေအတွက်ဘဲ ကရုဏာကြေးပေးတဲ့အတွက် အယောက် ၁၀၀ အတွက်ပဲ ရတယ်လို့ အလုပ်သမားတွေဘက်က လိုက်လံကူညီ ဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ခွန်ယလ်ဒါး ထနတန်းကွန်းက ဒီဗွီဘီကို ပြောပါတယ်။

“တကယ်တမ်း လုပ်ခမရတဲ့လူက ၂၀၀ ကျော်တယ်၊ ကျမတို့အဖွဲ့အစည်းဆီ လာတိုင်တာက ၁၉၅ ယောက်၊ အဲဒီထဲမှာ သူတို့သတ်မှတ်ထားအချက် ၃ ချက်ဖြစ်တဲ့ အလုပ်သမားကတ် သက်တမ်းမကုန်သေးတဲ့သူ၊ အဲဒီကုမ္ပဏီအလုပ်ရှင်ဆီမှာ အမှန်တကယ် ၀င်လုပ်နေတဲ့သူ၊ အဲဒီကုမ္ပဏီမှာ အနည်းဆုံး ၃ လ ဆက်တိုက် အလုပ်လုပ်ခဲ့သူတွေ၊ အဲဒီအချက်ထဲ ဘောင်ဝင်တဲ့ သူ အယောက် ၁၀၀ ပဲ ရတယ်။ တဦးကို ဘတ် ၉ ထောင်စီနဲ့ စုစုပေါင်း ဘတ် ၉ သိန်းရပါတယ်၊ ကျန်တဲ့ ၉၅ ယောက်ကတော့ နောက်ထပ်စိစစ်ဦးမယ်လို့ ပြောတယ်၊ တချို့က နေ့စားတွေ ပုတ်ပြတ်တွေအနေနဲ့ပဲ လုပ်တာလေ။”

အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးက ကုမ္ပဏီပိုင်ရှင်ကို ရုံးမှာလာရောက်ရင်ဆိုင် ဖြေရှင်းဖို့ ပြီးခဲ့တဲ့ ဇန်န၀ါရီလကတည်းက ချိန်းဆိုထားပေမယ့်လည်း ကနေ့ထိ ရောက်လာခြင်း မရှိသလို အဆက်အသွယ်လည်းမရတာကြောင့်  ရဲတပ်ဖွဲ့ဆီအကြောင်းကြားကာ ဖမ်းဝရမ်း ထုတ်ထားတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေဘက်ကလည်း သူတို့ ရသင့်ရထိုက်တဲ့ လုပ်အားခတွေပြန်ရဖို့ အလုပ်ရှင်ကို တရားဥပဒေဘောင်နေ တောင်းဆိုဖို့ ဆန္ဒရှိကြောင်း၊ ဒါကြောင့် လောလောဆယ် သက်သေစာရွက်စာတမ်းတွေ ပြင်ဆင်ပြီးရင် ဒီလ နောက်ဆုံးအပတ်လောက်မှာ အလုပ်ရှင်ကို တရားစွဲဆိုသွားမယ်လို့ ခွန်ယလ်ဒါးက ပြောသွားပါတယ်။

ချင်းမိုင်မြို့ ပါဖက်တိုဆောက်လုပ်ရေးကုမ္ပဏီဟာ ကုန်တိုက် နဲ့ အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းတွေ ကန်ထရိုက်ယူပြီး အလုပ်သမားပေါင်း ရာနဲ့ချီ ငှားရမ်းလုပ်ကိုင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ဒီဇင်ဘာနောက်ဆုံးပတ်မှာတော့ အလုပ်သမားတွေကို ကြိုတင်အကြောင်းမကြားဘဲ လုပ်ငန်းတွေရပ်စဲလိုက်သလို လုပ်အားခတွေလည်း ရှင်းမပေးဘဲ တိမ်းရှောင်နေတာဖြစ်ပါတယ်။

အဲဒီက အလုပ်သမားတွေဟာ တဦးကို အနည်းဆုံး ဘတ် ၇ ထောင်မှ ဘတ် ၂ သောင်းကျော်ထိ လုပ်အားခတွေ ရဖို့ရှိနေတာပါ။ အဲဒီထဲမှာ ၉၅ ရာခိုင်နှုန်းက မြန်မာနိုင်ငံ ရှမ်းပြည်နယ် နဲ့ ကယားပြည်နယ်ဘက်ကနေ လာရောက်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013