DVB Logo
Home
မြန်မာသတင်း
ရေကြီးရေလျှံမှုနှင့်ပတ်သက်သည့်အဆို မှတ်တမ်းတင်ရန် အမျိုးသားလွှတ်တော်ဆုံးဖြတ်
DVB
·
August 9, 2016
ရေကြီးရေလျှံမှုနှင့်ပတ်သက်သည့်အဆို မှတ်တမ်းတင်ရန် အမျိုးသားလွှတ်တော်ဆုံးဖြတ်
Donate to DVB

ရေကြီးရေလျှံမှုတွေနဲ့ သောက်သုံးရေ ရှားပါးပြတ်လပ်မှုတွေအတွက် စီမံကိန်းတစ်ရပ်ချမှတ်ပြီး စနစ်တကျအကောင် အထည်ဖော်ဆောင်ရွက်ပေးဖို့ အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ  မှတ်တမ်းတင်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရန်ကုန်တိုင်းအမတ် ဦးကျော်ထွေးတင်သွင်းတဲ့ မြန်မာနိုင်ငံမှာ နှစ်စဉ် ရေကြီးရေလျှံမှုတွေနဲ့၊  ခြောက်သွေ့ရာသီ နိုင်ငံတစ်ဝန်း သောက်သုံးရေ ရှားပါးပြတ်လပ်မှုတွေအတွက် ခြုံငုံလေ့လာ သုံးသပ်စီမံကိန်းချမှတ်ပြီး စနစ်တကျအကောင် အထည်ဖော် ဆောင်ရွက်ပေးဖို့၊  ပြည်သူလူထုကို အကျိုးပြုခဲ့တဲ့ တိမ်ကောမြစ်ချောင်းတွေကို  ပြန်တူးဖော်ပေးဖို့  ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်အမတ် ၂၀ နီးပါးက ၃ ရက်ကြာဆွေးနွေးပြီးနောက် ခုလို ဆုံးဖြတ်လိုက်တာပါ။

ဒီကနေ့ လွှတ်တော်ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မကွေးတိုင်းအမတ် ဦးခင်ဝင်းက “မဲမခွဲဖြစ်ဘူး ၊ အဆိုရှင်ကကိုက ဒီအဆိုဟာ တကယ်တမ်းကျတော့   အရေကြီးပါတယ် ဒါပေမယ်လို့ မှတ်တမ်း တင်ထားလည်းရပါတယ်ပြောတော့ မဲမခွဲရတော့ဘူး။ နောက်ဆုံးကျတော့ မှတ်တမ်းပဲဖြစ်သွား တာပေါ့၊ တခုတော့ နည်းနည်းလေးထူးတာလေးတော့ရှိတာပေါ့ လွှတ်တော်ဥက္ကဋ္ဌကနေ ဒီအခုဆွေးနွေးသွားတဲ့အချက်တွေဟာ  အရေးကြီးတဲ့အချက်တွေဖြစ်တဲ့အတွက် ၀န်ကြီးဌာနတွေ အနေနဲ့ ဒါကို ဂရုတစိုက်ဆောင်ရွက်ဖို့ဆိုတဲ့ဟာတော့ရောက်သွားတာပေါ့”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီအဆိုနဲ့ပတ်သက်ပြီး ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဒေါ်အိအိပြုံးက ကမ္ဘာ့ရာသီဥတု ဆိုးရွားစွာပြောင်းလဲမှုကို ရင်ဆိုင်နေရတဲ့ နိုင်ငံတတွေအနက် မြန်မာနိုင်ငံဟာ ဒုတိယ နေရာမှာ ရှိနေပြီး ရေကြီးရေလျှံဖြစ်ရတဲ့ အကြောင်း အရာများစွာမှာ  လူသားတို့၏လုပ်ရပ် ကြောင့် သစ်တောများပြုန်းတီးခြင်း အဓိကပါဝင်ပြီး ချောင်းမြောင်းမဖော်ဘဲ ဆည်တည်ဆောက် ခြင်းဟာလည်း  ရေကြီးရေလျှံမှုနှင့် ပတ်သက်ဆက်နွှယ် နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရေကြီးရေလျှံမှုတွေကို  မဖြေရှင်းဘဲ လျစ်လျူရှုထား၍ မဖြစ်နိုင်ကြောင်း  အခက်အခဲ များစွာမှ အလွယ်ကူဆုံးအရာကို စတင်အကောင်အထည်ဖော်ရမှာဖြစ်ပြီး ဟန်ပြလုပ်ဆောင်ခြင်း မျိုး မဟုတ်ဘဲ ဌာနဆိုင်ရာတွေက ထိရောက်စွာ လုပ်ဆောင်ရန် အရေးကြီးကြောင်း မနေ့က အမျိုးသားလွှတ်တော်မှာ ဆွေးနွေးသွားပါတယ်။

ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ ဒေါက်တာ ခွန်ဝင်း သောင်းက တော့ ရေကြီးရေလျှံ ရေဘေး ဒုက္ခခံစားနေရမှုများ အမြန်ကင်းဝေးနိုင် အောင် သစ်တောခုတ်ထွင်မှုများကို ကြပ်မတ် ထိန်းသိမ်းဖို့၊ စိုက်ကွက်စိုက်ခင်းများ အစားထိုးဖို့၊ အရွယ်ရောက်သူတိုင်း နှစ်စဉ် တစ်နှစ်လျှင် အနည်းဆုံး သစ်ပင် ၁ဝ ပင် စိုက်ပျိုးရေးကို အမျိုးသား ရေးအသွင်နဲ့ လုပ်ဆောင်ဖို့ တိုက်တွန်း ပါတယ်။

ဒါ့အပြင် သတ္တု၊ သယံဇာတထုတ်လုပ်နေခြင်းကို ပြန်လည်စိစစ်သုံးသပ်ထိန်းချုပ်ပြီး မြစ်ချောင်းများထဲ မြေစာစုပုံခြင်းကို စည်းကမ်းနှင့်အညီဖြစ်စေအောင်ဆောင်ရွက်ဖို့  ရွှေလုပ်ငန်း၊ ကျောက်လုပ်ငန်းတို့ကို လုပ်ကိုင်ရာ၌ မြစ်ချောင်းထဲသို့ စွန့်ပစ်ပါက ထိရောက်စွာ အရေးယူဖို့ လည်း ဆွေးနွေးသွားပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း ကတော့ လွှတ်တော်အမတ်တွေ တင်ပြသွားတဲ့အချက်တွေကို အလေးအနက်ထားဆောင်၇ွက်သွားမယ် အရင်းအနှီးအများကြီး ကုန်ပြီးတော့မှ ကာကွယ်လို့ရမယ့် လုပ်ငန်းအပေါ်မှာ ဦးစားပေးအလိုက် ရန်ပုံငွေ ရရှိမှု အပေါ်မူတည်ပြီးတော့ဆောင်ရွက်သွားမယ်လို့ ကတိပေးပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013