DVB Logo
Home
မြန်မာသတင်း
နာဂဒေသတွင် ကူးစက်ရောဂါကြောင့် သေဆုံးသူထပ်တိုး၊ ရောဂါထိန်းချုပ်နိုင်မှု မရှိသေး
DVB
·
August 9, 2016
နာဂဒေသတွင် ကူးစက်ရောဂါကြောင့် သေဆုံးသူထပ်တိုး၊ ရောဂါထိန်းချုပ်နိုင်မှု မရှိသေး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လဟယ်နဲ့ နန်းယွန်းမြို့နယ်တွေ အတွင်း ဖြစ်ပေါ်နေတဲ့ ကူးစက်ရောဂါကြောင့် သေဆုံးသူထပ်တိုးလာနေပြီး ရောဂါ ထိန်းချုပ်နိုင်အောင် လုပ်ဆောင်နေဆဲပဲလို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က ဒီဗွီဘီကို ပြောပါတယ်။

သြဂုတ် ၇ ရက်နေ့အထိ သေဆုံးသူဦးရေ ၄၁ ဦးအထိ မြင့်တက်လာပြီး နန်းယွန်းမြို့နယ်မှာတော့ အတော်လေး ထိန်းနိုင်ပြီဖြစ်ပေမယ့် လဟယ်မြို့နယ်က ထန်ခေါ်လန်မ၊ ထန်ခေါ် နောက်ကုန်း တို့မှာတော့ ရောဂါထိမ်းချုပ်နိုင်အောင် ကြိုးပမ်းနေဆဲပဲလို့ တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။

“တနေ့က ၂ ယောက် ထပ်သေတယ်။ မနေ့က မသေတော့ဘူး။ ဒီနေ့ မရှိသေးဘူး။ အရင်က ၃၉ ယောက်ကအခု ၄၁၊ အဲဒီထဲက ၂၇ ယောက်က လဟယ်ဘက်က၊ ဟို ၁၄ ယောက်က နန်းယွန်းမြို့နယ်ဘက်က သူတို့ တော်တော်လေးကိုဖြစ်နေတဲ့အတွက် ဒီက ဆေးဝါးအကူတွေ လိုက်သွားကြပြီလေ။ ရောဂါအနေနဲ့ကတော့ ရောဂါက ဘာရောဂါလဲဆိုတာ သိလာမှ သူတို့ ဘယ်လိုဆက်ပြီး ကြိုတင်ကာကွယ်ရမလဲဆိုတာသိမှာလေ။ အခု ရောဂါက ဓာတ်ခွဲခန်းကို ပို့ထား တုန်းပဲ ရှိသေးတာကို။ လဟယ်ဖက်က ၄ ရွာထင်တယ်။ နန်းယွန်း ဖက်က ၅ ရွာဖြစ်တယ်။ လယ်ဟယ်ဖက်က သုံးရွာလား လေးရွာလားမသိဘူး ဝေးတယ်ဗျာ။ ဘယ်သူမှ မသိနိုင်ဘူး။ ဝေးလို့ပေါ့ဗျာ။ နီးလို့ရှိရင် အိမ်ခြေ ပူးကပ်လို့ရှိရင် ဘယ်လောက်ထိ ရောဂါဖြစ်လိုက်မလဲ မသိပါဘူး။”

နာဂ ဒေသကျန်းမာရေးအကူအညီအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကျပ်သိန်း ၁၀၀၀ ပို့ပေး လိုက်ပြီဖြစ်သလို စားနပ်ရိက္ခာတွေကိုလည်း ထောက်ပံ့ကူညီတာတွေ ရှိတယ်လို့ လည်း ဒေါက်တာ မြင့်နိုင်က ပြောပါတယ်။

“နာဂဒေသ ဦးစီးအဖွဲ့ကို စစ်ကိုင်းတိုင်းဒေသကြီးအနေနဲ့ သိန်း၁၀၀၀ တနေ့က ဆုံးဖြတ် ပြီးတော့ သူတို့ဆီ ပို့ပေးလိုက်ပြီ။ နောက်အရင်ကလည်း သူတို့ ပိုးမွှားနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် စားနပ်ရိက္ခာ ပြတ်တောက်တဲ့အတွက် လူကယ်ပြန်ဌာန ပြည်ထောင်စုအစိုးရကလုပ်ပေးတယ်။ ဒီက တာဝန်ခံပြီးပို့ပေးတယ်။ အဲဒါ ဆန်အိတ် ၃၂၅၈ လုံးပို့ပေးပြီးပြီ။ အခုလည်း စားဝတ်နေရေး ကျပ်တည်းလို့ရှိရင် အလှူရှင်လာတာကို ထပ်ပို့ပေးမယ်။”

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဇွန်လကတည်းကစလို့ အသက်ရှူလမ်းကြောင်းကနေ အမည်မသိ ကူးစက်ရောဂါ တွေဖြစ်ပွားလို့ ကလေးငယ်အများစုအပါအ၀င် လူတွေအများအပြား သေဆုံးနေတယ်လို့ သတင်းတွေထွက်နေတာဖြစ်ပြီး ဗဟိုကူးစက်ရောဂါဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထွန်းအောင်ကတော့ လူ ၄၀ လောက် သေဆုံးခဲ့ရတာဟာ ၀က်သက် ရောဂါကြောင့် ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013