
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသရှိ တောင်တန်းတွေကို စစ်တပ်က ဒီနေ့ ဧပြီ ၂၂ ရက် နေ့လယ်ပိုင်းမှာ ဂျက်တိုက်လေယာဉ်၊ Y-12 လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က ဂျက်တိုက်လေယာဉ် ၃ စင်း ထက်မနည်းနဲ့ ဗုံးအလုံးရေ ၁၀ လုံးထက်မနည်းကို ပီချောင်းဒေသရှိ တောင်တန်းတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့သလို လက်ရှိအချိန်အထိလည်း Y-12 တွေနဲ့ ကင်းထောက်နေတယ်လို့ ကျောက်တော်မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“ကျောက်တော်မြို့နယ်မှာ နေ့လယ် ၁ နာရီကတည်းက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်နေတာ ရှိတယ်။ ပီချောင်းထဲက တောင်တန်းတွေကို ပတ်ပြီး ဗုံးကြဲတိုက်ခိုက်နေတာ။ ကျနော်တို့ ကြားသလောက်ဆို အလုံး ၁၀ လောက်ကျပြီ။ ဂျက်ဖိုက်တာက ၃ စင်းထက်မနည်းနဲ့ ဗုံးကြဲနေတာ။ အခုလည်း Y-12 နဲ့ ပတ်ပြီး ကင်းထောက်မှုတွေ လုပ်နေတယ်။ မြို့ပေါ်မှာတော့ လူတွေ အကုန်လုံး စိုးရိမ်ထိတ်လန့်နေကြတယ်။”
အခု လေကြောင်းဗုံးကြဲတိုက်ခိုက်နေတဲ့ ပီချောင်းဒေသဟာ ကျောက်တော်မြို့နဲ့ ၅ မိုင် ပတ်ဝန်းကျင်သာ ကွာဝေးပြီး ပေါက်ကွဲသံတွေ အကျယ်ကြီး ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁၉ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာနဲ့ ပုဏ္ဏားကျွန်းမြို့ အပါအဝင် ကျေးရွာ ၂ ရွာကို လေကြောင်းကနေ တပြိုင်တည်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတယောက် သေဆုံးပြီး ၁၄ ယောက် ထိခိုက်ဒဏ်ရာရရှိကာ လျှပ်စစ်ဓာတ်အားခွဲရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ မီးလောင်ပျက်စီးသွားတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။
စစ်တပ် တပ်ချုပ်အသစ် ပြောင်းလဲပြီးနောက် ရခိုင်ပြည်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာ နေ့စဉ် မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။










