
ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်ထဲမှာ စာရေးသူရဲ့ နောင်တော်ကြီး ရုတ်တရက် ဆုံးပါးသွားတာမို့ မြန်မာနိုင်ငံကို ကတိုက်ကရိုက် ပြန်ခဲ့ရတယ်။ တမြန်မနှစ်ကမှ ဘဝခရီးဖော် ဆုံးပါးလို့ စိတ်ထောင်းကိုယ်ကျေ ဖြစ်နေရဆဲမှာ အခုတခါထပ်ပြီး လက်ကသုံးတောင်ဝှေးတချောင်းလို အားထားရတဲ့ သားကြီးဩရသတယောက် လူ့လောကကို အချိန်မတိုင်ခင် စွန့်ခွာသွားတာမို့ ကြီးမားတဲ့ သောကတွေနဲ့ ကြေကွဲဝမ်းနည်းနေဆဲ မိခင်အိုအတွက် သီးသန့်အချိန်ပေး အားပေးနှစ်သိမ့်ရင်း ရတတ်သမျှ အချိန်လေးအတွင်း တွေ့မြင်မှတ်သားမိတာလေးတွေကို စာဖတ်သူတွေကို မျှဝေဖို့ ရည်ရွယ်ပြီး ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။
အစ်ကိုကြီးရဲ့ ရက်လည်ဆွမ်းကို မီနိုင်အောင်လို့ စာရေးသူရဲ့ မိဘအိမ်က မန္တလေးမှာရှိတော့ ရန်ကုန် အောင်မင်္ဂလာကားဂိတ်ကနေ မန္တလေးကို အဝေးပြေးဘတ်စ်ကားစီးပြီး ညတွင်းချင်း ခရီးနှင်ခဲ့ရပါတယ်။ ရန်ကုန်မှာနေတဲ့ ကျောင်းနေဘက် အလွန်ရင်းနှီးတဲ့ သူငယ်ချင်းတယောက်က မြို့ထဲကနေ ကားဂိတ်ကို သူကိုယ်တိုင်မောင်းပို့လို့ ရန်ကုန်မြို့ရဲ့ လမ်းမတွေကို ဇူလိုင်လရဲ့ မိုးဖွဲဖွဲအောက်မှာ လျှပ်တပြက် ပြန်တွေ့ခွင့်ရခဲ့တယ်။
ရန်ကုန်မြို့သူမြို့သားတွေဟာ သူတို့ရဲ့အသက်ကို ဖက်နဲ့တောင် မထုပ်နိုင်ကြတော့တဲ့ အခြေအနေကို အထိတ်တလန့် တွေ့ခဲ့ရပါတယ်။ ကားကြီးတွေက ကားငယ်တွေကို မညှာ၊ ကားငယ်တွေက ကားကြီးတွေ မကြောက်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုဆိုတာ ဗလာနတ္ထိ (စည်းကမ်းလိုက်နာတဲ့သူဆို ခရီးသွားလို့မရတဲ့ အခြေအနေကိုး) နီးနီးဖြစ်နေပြီလေ။ လူ့အဖွဲ့စည်းကြီး တခုလုံးလိုလို နှစ်ပရိစ္ဆေဒ ကြာညောင်းစွာ အုံနဲ့ကျင်းနဲ့ အကျင့်ပျက်လာတာက ဂိတ်ဆုံးကို ရောက်နေတော့ မှန်မှန်ကန်ကန်နဲ့ လူကူးမျဉ်းကျားက လမ်းကူးတဲ့သူကို စည်းမဲ့ကမ်းမဲ့ မောင်းနှင်နေတဲ့ ယာဉ်မောင်းသမားက အော်ဟစ်ဆဲရေးပြီး လမ်းမကူးတတ်ဘူးလားလို့ ပြောဆို ငေါက်ငမ်းခံရတဲ့ခေတ် ဖြစ်လို့နေပြီ။
ဆင်းရဲသား အများပြည်သူအတွက် ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းတွေဖြစ်တဲ့ အဓိပတိ၊ မထသ၊ ဟီးနိုး (ဘီအမ်) ဘတ်စ်ကားတွေဟာ တကားနဲ့တကား သေရေးရှင်ရေးတမျှ အသက်လုမောင်း၊ ရပ်ချင်သလို နောက်ကား ကျော်မတက်နိုင်အောင် ပိတ်ရပ်၊ လူကူးမျဉ်းကျားမှာလည်းရပ်၊ မီးပွိုင့်မှာလည်း ရပ်ချင်သလိုရပ်ပြီး မိမိကျေးဇူးရှင် ခရီးသည်တွေရဲ့ အသက်အန္တရာယ်ကို လုံးဝ ငဲ့ကွက်ခြင်းမရှိဘဲ အတင်းမောင်းချ၊ ဇွတ်ဆင်းခိုင်းကြတာ အလွန်ဝမ်းနည်းစွာ တွေ့ရတယ်။
သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးသူငယ်တွေဆိုတာ ကားကြိုကားကြားထဲ သက်စွန့်ဆံဖျား အဆူအဆဲခံပြီး ဖြတ်သန်း ကူးလူး သွားလာနေကြရတယ်။ ခရီးသည် လုပ်သားပြည်သူတွေအပေါ်မှာ ကားစပယ်ယာတွေနဲ့ ကားမောင်းဆရာတွေရဲ့ ဆက်ဆံရေးကလည်း အလွန်ရိုင်းပျကြတယ်။ ညစ်ညမ်းပြီး နားမခံသာတဲ့ အသုံးအနှုန်းတွေ ပေါ့ပေါ့ပါးပါးနဲ့ လှိုင်လှိုင်ကြီး သုံးစွဲနေကြတာဟာ လူ့အရိုင်းအစိုင်းတွေလိုပါပဲ။ အခမဲ့ ကူညီမောင်းပို့သူတောင် အဲ့ဒီလို မဆက်ဆံသင့်ပါဘူး။
ဒီအခြေအနေကို ထင်ရှားအောင် ဥပမာပေးရရင် ရန်ကုန်မြို့မှာ နေထိုင်သွားလာ ရှာဖွေစားသောက်ရတဲ့ အောက်ခြေပြည်သူတွေရဲ့ ဘဝတွေဟာ စစ်မြေပြင် ရှေ့တန်းက မြေမြှုပ်မိုင်းကွင်းထဲ အသက်စွန့်ဖြတ်သန်းရတဲ့ လူတွေရဲ့ ဘဝတွေလို အသက်အန္တရာယ်နဲ့ အလွန်နီးကပ်စွာ သေမင်းနဲ့ အလောင်းအစားပြုပြီး ရုန်းကန်ရှင်သန်နေရတဲ့ ဘဝတွေနဲ့ တူလှတယ်။
အဲ့ဒီအကြောင်းတွေကို လိုက်ပို့တဲ့ သူငယ်ချင်းနဲ့ ပြောဖြစ်တော့ သူက ရယ်ကျဲကျဲနဲ့ ငါတို့ပြည်သူတွေဟာ ဒီလို မလုံခြုံတဲ့ ဘဝတွေနဲ့ အသားကျပြီး စည်းကမ်းမလိုက်နာနိုင်ဘဲ ဖြစ်သလို ကြုံသလို နေထိုင်သွားလာ ရှင်သန်ကြရတာပါကွာလို့ ပြောရှာပါတယ်။ ဒါပေမယ့် မြင်သာတာတခုကတော့ စစ်အာဏာရှင်ခေတ် အဆက်ဆက်မှာ တိုင်းပြည်ဟာ ယိုယွင်းသထက် ယိုယွင်းပျက်စီးလာပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနဲ့ တက်လာတဲ့ စစ်ဘောင်းဘီချွတ် အရပ်သားတပိုင်းအစိုးရ လက်ထက်မှာတော့ မီးကုန်ယမ်းကုန် စည်းပျက်ကမ်းပျက် ရေချိန်အမြင့်ဆုံးကို ရောက်ရှိခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
အဲ့ဒီနောက်တော့ ဝင်လမ်းထွက်လမ်းတွေ ရှုပ်ထွေးပြီး လမ်းညွှန်ဆိုင်းဘုတ်တွေ မပြည့်မစုံ၊ အဝေးပြေး ဘတ်စ်ကားကြီးတွေ အန္တရာယ်ကင်းစွာ လူတင်၊ ကုန်တင်နိုင်ဖို့ လိုအပ်တဲ့ ဆိုက်ကပ်ရာ အဆောက်အဦနေရာတွေ စနစ်တကျမရှိ၊ ကားအရေအတွက်နဲ့ ကားကွင်းအကျယ်အဝန်းက မမျှတာမို့ဘဲ ကုလားအုတ်ကို ပုလင်းထဲ ထည့်သွပ်သလို ဖြစ်နေတဲ့၊ ဖြစ်သလို တည်ဆောက်ထားတဲ့ အောင်မင်္ဂလာကားကြီးကွင်းကို ရောက်ခဲ့ပါတော့တယ်။
မိုးဖွဲဖွဲလေးရွာနေတဲ့ ရာသီဥတုနဲ့ ညအမှောင်အောက်မှာ မပြန်လမ်းမကြီးလို့ နာမည်ကြီးလှတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ စာရေးသူလည်း ရောမရောက်ရင် ရောမလိုကျင့် ဆိုသလို ကိုယ့်အသက်ကို ဖက်နဲ့မထုပ်အားတော့ဘဲ မန္တလာမင်း ကားမောင်းဆရာလက်ထဲ ဝကွက်အပ်လို့ ဘုရားစာ မပြတ်ရွတ်ဖတ်ရင်း လိုက်ပါခဲ့ပါတယ်။
မန္တလေးကို မနက် ၆ နာရီလောက်မှာ ရောက်ရှိခဲ့ပြီး ကားဆိုက်တာနဲ့ အပေါက်ဝမှာ ခြေချစရာမရှိအောင် ပြုံတိုးစောင့်နေကြတဲ့ ဆိုင်ကယ်တက္ကစီသမားလေးတွေနဲ့ စတွေ့ရတော့တာပါပဲ။ တကယ်တော့ ဆိုင်ကယ်တက္ကစီဆိုတာ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာဆို ဆိုင်ကယ်တက္ကစီဆိုတာ လမ်းမကြီးတွေပေါ်မှာ ပြေးဆွဲတာမဟုတ်ဘဲ လမ်းတိုလေးတွေထိပ်မှာ ခရီးတို ပို့ဆောင်ကြတာ များသလို ကားတွေ အလွယ်တကူ မသွားနိုင်တဲ့ လမ်းတွေမှာ ပြေးဆွဲကြတာ များပါတယ်။ မြန်မာနိုင်ငံက ဆိုင်ကယ်တက္ကစီတွေတင်မက တခြားဆိုင်ကယ်တွေကတော့ မန္တလေးလမ်းမကြီးတွေပေါ်မှာ လူတင်မက ကုန်တွေပါ မတန်တဆတင်ပြီး မောင်းချင်သလို မောင်းနှင်နေကြတာကို တွေ့ရတယ်။
မန္တလေးမှာ ခဏနေစဉ်အတွင်း အံ့အားသင့်စဖွယ် တွေ့ရတဲ့အထဲမှာ ဆိုင်ကယ်တစီးကို လူရှစ်ယောက်စီးပြီး လမ်းပေါ်သွားလာနေတာပါပဲ။ မောင်းသူယောက်ျားကြီးရှေ့မှာ ကလေးနှစ်ယောက်ကိုတင်၊ သူ့နောက်မှာ သားသည်အမေတယောက် ကလေးတယောက် ခါးထစ်ခွင်ထားပြီး သူတို့နောက်မှာ မိန်းကလေးတယောက်က မတ်တတ်ရပ်လို့ နောက်ဆုံးမှာ မိန်းမတယောက်က ကလေးချီပြီး လိုက်လာတာလေ။
မန္တလေးရဲ့ လမ်းဆုံလမ်းခွတိုင်းလိုလိုမှာ ရပ်၊ ကြည့်၊ သွား ဆိုတဲ့ ဆိုင်းဘုတ်တွေ စိုက်ထူထားပါတယ်။ ဒါပေမယ့် ဆိုင်ကယ်သမားတွေကော၊ ကားမောင်းသူ အများစုဟာ မရပ်ဘူး၊ မကြည့်ဘူး၊ တခါတည်း ခေါင်းထိုးဝင်ပြီး သွားနေကြတော့တာပါပဲ။ တချို့ဆိုင်ကယ်သမားတွေဆိုတာ လမ်းဆုံလမ်းခွတွေကို ဖြတ်မောင်းတာများ ဘေးနှစ်ဘက်မှာ မျက်စိကာ တပ်ထားခံရတဲ့ စစ်မြင်းတွေ ကြိမ်တို့ခံရလို့ ရှေ့ကရန်သူဆီ အပြင်းချီတက်သလို တဟုန်ထိုး မောင်းဝင်မောင်းထွက်လုပ်ကြတာ အလွန်ကြောက်စရာကောင်းတယ်။ ကိုယ့်အသက်ကို နည်းနည်းလေးမှ တန်ဖိုးမထားကြသလို အကြောက်အလန့်လည်း မရှိကြဘူး။
စာရေးသူထင်တာမမှားရင် ခန့်မှန်းခြေ ၆၀ ရာခိုင်နှုန်းလောက်သော ဆိုင်ကယ်သမား တွေဟာ လိုင်စင်ရှိပုံမရဘူး။ ကြည့်လိုက်ရင် သိသာပါတယ်၊ ဆယ်ကျော်သက်အရွယ်လေးတွေ မောင်းကြတယ်၊ ဘုန်းတော်ကြီးတွေ ဆိုင်ကယ်မောင်းတာလည်း တွေ့ရတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လုံးဝနားမလည်ဘဲ ဆိုင်ကယ်မောင်းနေကြတာ အလွန်သိသာပါတယ်။ ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ မောင်းတယ်၊ ဆောင်းပြန်တော့လည်း မေးသိုင်းကြိုး မတတ်ကြဘူးလေ။
တချို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို နားလည်ပုံရပေမယ့် သိသိကြီးနဲ့ စည်းကမ်းပျက်ကြတယ်။ လူ့အဖွဲ့အစည်းကြီးတခုလုံး ပရမ်းပတာနဲ့ တအုံလုံး စည်းကမ်းပျက် အကျင့်ပျက်နေတော့ အတော်အတန် စည်းကမ်းလိုက်နာချင်သူတွေလည်း ရောယောင် စည်းကမ်းပျက်သွားတာပေါ့။ မြို့လယ်မဟုတ်တဲ့ ဆင်ခြေဖုံးတွေဆိုတာ ကိုယ့်အသက်ကိုရော၊ သူများအသက်ကိုပါ တန်ဖိုးမထားတဲ့ လမ်းသုံးစွဲသူတွေနဲ့ ပြည့်နှက်နေတော့တယ်။ အဆိုးဆုံးကတော့ ညပိုင်းအချိန်တွေပဲ။ မီးပွိုင့်မရှိ၊ ယာဉ်ထိန်းရဲမရှိ၊ မီးမလုံလောက်တော့ စစ်တလင်းပြင်ကြီးလိုပဲ မောင်းနှင်သွားလာနေကြတာ။
စာရေးသူဟာ နိုင်ငံပေါင်းစုံကို လှည့်လည်သွားလာဖူးပါတယ်။ အထူးသဖြင့် ဆင်းရဲတဲ့ အာဖရိက၊ တရုတ်၊ အိန္ဒိယ အရှေ့တောင်အာရှ နိုင်ငံများစွာ ရောက်ဖူး တွေ့ဖူးခဲ့ပေမယ့် မန္တလေးမြို့လောက် စည်းကမ်းပျက်စွာ ဆိုင်ကယ်မောင်းနေတာမျိုး မတွေ့ခဲ့မိပါဘူး။ ကြောက်မက်ဖွယ်ကောင်းအောင် အကျင့်ပျက်နေတာ တွေ့ခဲ့ရတယ်။ စာရေးသူ မိဘအိမ်က အိမ်သား ၅ ဦးအနက် ၃ ဦးဟာ စည်းကမ်းမဲ့မောင်းနှင်တဲ့ ဆိုင်ကယ်တွေနဲ့ တိုက်မိလို့ ခြေကျိုး၊ ညှပ်ရိုးကျိုးပြီး ထိခိုက်ဒဏ်ရာ ရခဲ့ဖူးတယ်။
အဲ့ဒီလို လူတိုင်းဘဝကို မလုံခြုံအောင် အန္တရာယ်ပြုနေရုံမက တန်ဖိုးရှိတဲ့ လူ့အသက်တွေကို ဆုံးရှုံးစေ၊ ဒုက္ခိတဖြစ်စေတဲ့ စည်းကမ်းပျက်မှုတွေ၊ စည်းကမ်းလိုက်နာလို့ မရနိုင်တဲ့ အခြေအနေကို ပြုပြင်ပြောင်းလဲဖို့ဆိုရင် တနိုင်ငံလုံး အတိုင်းအတာနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု လှုံ့ဆော်စည်းရုံး ပညာပေးရေး ကမ်ပိန်းကြီးတွေ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ရေရှည်လုပ်ဖို့ လိုပါတယ်။ အဲ့ဒါအပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပျက်စေကြောင်း အောက်ပါအခြေခံ အကြောင်းတရားတွေကို ထည့်သွင်းစဉ်းစားပြီး အစိုးရနဲ့ပြည်သူ လက်တွဲရင်း အဖြေရှာရမှာ ဖြစ်ပါတယ်။
၁) လမ်းကူးအတားအဆီးအကာအရံ မလုံလောက်မှု၊
၂) မီးပွိုင့်အရေအတွက်နှင့် အချိန် အချိတ်အဆက် မကိုက်ညီမှု၊
၃) လမ်းဘေးပလက်ဖောင်းများပေါ်တွင် ဈေးဆိုင်များ ကျူးကျော်ဖွင့်ထားမှု၊
၎) ယာဉ်မောင်း၊ ဆိုင်ကယ်မောင်းလိုင်စင် ထုတ်ပေးရေးအတွက် အရည်အသွေး မြှင့်တင်ရန် လိုအပ်မှု၊
၅) လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ထိန်းသိမ်းကြပ်မတ်ရေးဆိုင်ရာ ဝန်ထမ်းမလုံလောက်မှု၊
၆) ဆိုင်ကယ်မောင်းနှင်ရေး လမ်းကန့်သတ် စည်းခြားမှု အားနည်းခြင်း၊
၇) ဆိုင်ကယ်နံပါတ်နှင့် အဝိုင်းပြား ထုတ်ပေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လိုက်နာမှု လျော့ရဲခြင်း၊
၈) ဆိုင်ကယ်ဦးထုပ် အရည်အသွေးနိမ့်ကျမှု၊
၉) ဆိုင်ကယ်ရပ်နားထားရှိရေး စည်းစနစ်မကျမှု၊
၁၀) ဆိုင်ကယ်ရောင်းချရေးဆိုင်များ ဆိုင်ရာ စည်းမျဉ်းလျော့ရဲမှု၊
၁၁) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေနည်းဥပဒေ လုပ်ထုံးလုပ်နည်းများကို ခေတ်နှင့်အညီ ပြင်ဆင်ပြဋ္ဌာန်း လိုအပ်မှု၊
၁၂) လမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လမ်းပြလမ်းညွှန်ဆိုင်းဘုတ်များ မပြည့်စုံ မလုံလောက်မှု၊
ကျနော်တို့နိုင်ငံဟာ စစ်အာဏာရှင်အုပ်ချုပ်မှု စနစ်ဆိုးအောက် နှစ်ပေါင်း ၅၀ ကျော် ရုပ်ပိုင်း စိတ်ပိုင်း အကျင့်စာရိတ္တနဲ့ စည်းကမ်းလိုက်နာမှုတွေ အဘက်ဘက်က ကဏ္ဍစုံမှာ ကြောက်ခမန်းလိလိ ကျဆင်း ယိုယွင်းခဲ့တာဆိုတော့ ပြုပြင်ပြောင်းလဲတဲ့အခါမှာ အာဏာစက်၊ ဥပဒေစက်တွေ ထိထိရောက်ရောက် အသုံးပြုရမှာ ဖြစ်ပါတယ်။
လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အရွေးကောက်ခံအစိုးရဟာ နိုင်ငံကို ပြုပြင်ပြောင်းလဲကုသရမယ့် ရောဂါဒဏ်ရာ အထွေထွေထဲက တိုင်းပြည်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုအရှိဆုံး အဓိကပြဿနာ ဒဏ်ရာတွေကိုသာ ဦးတည်ကုစား ကယ်တင်နေရချိန်ဆိုတော့ ထိခိုက်ရှနာ ဒဏ်ရာတွေကို အလေးအနက် မကုစားနိုင်သေးတဲ့အချိန် ဖြစ်ဟန်တူပါတယ်။
နောက်တခု အရေးအကြီးဆုံးအချက်က လူအများရဲ့ အသိအမြင် ဗဟုသုတ၊ အကျင့်သီလ အတွေးအခေါ်၊ စည်းကမ်းလိုက်နာလာအောင် ပညာပေးစည်းရုံးရာမှာ လူတိုင်းလူတိုင်းက သူတပါးတွေ အကျင့်ပျက်တာ၊ စည်းကမ်းပျက်တာကို ထိန်းကျောင်းတည့်မတ်ရင်း မိမိကိုယ်တိုင်က စည်းကမ်းလိုက်နာဖို့ အကျင့်ကောင်းတွေ မွေးမြူ ကျင့်သုံးဖို့ လိုပါတယ်။
စစ်အစိုးရကိုဖြစ်ဖြစ်၊ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအစိုးရကိုဖြစ်ဖြစ်၊ ပြည်သူလူထုအပေါ်မှာဖြစ်ဖြစ် အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုမှု၊ ထိန်းကြာင်းမှု ပြုရာမှာ သတိမမေ့အပ်တာက မှားယွင်းနေတာတွေကို လက်ညှိုးထိုးပြောဆို ဝေဖန်မှုတိုင်းမှာ မိမိရဲ့လက်သုံးချောင်းက မိမိကိုယ်ကို ညွှန်ပြနေတာမို့ မိမိကိုယ်တိုင်က ဥပဒေတွေကို လိုက်နာကျင့်ကြံရဲ့လား၊ စည်းကမ်းလိုက်နာနေရဲ့လားဆိုတာ အမြဲတမ်း ပြန်လည်ဆန်းစစ်ဖို့ အလွန်အရေးကြီးပါတယ်။ လူတဦးချင်းစီက စည်းကမ်းကောင်းပြီး ဥပဒေတွေကို လေးစားလိုက်နာပါမှ နိုင်ငံတ၀ှမ်းလုံးမှာ ဥပဒေစိုးမိုးမှု ရှိနိုင်မှာပါ။
မင်းကောင်းချစ်
ဇူလှိုင်လ ၂၅ ရက်၊ ၂၀၁၆ ခုနှစ်










