DVB Logo
Home
မြန်မာသတင်း
ညောင်တုန်းမြို့နယ်၌ ကျေးရွာ ၁၄၀ ကျော်ရေနစ်မြုပ်၊ လူပေါင်း ၄ သောင်းခွဲကျော် ရေဘေးသင့်
DVB
·
August 9, 2016
ညောင်တုန်းမြို့နယ်၌ ကျေးရွာ ၁၄၀ ကျော်ရေနစ်မြုပ်၊ လူပေါင်း ၄ သောင်းခွဲကျော် ရေဘေးသင့်
Donate to DVB

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှာ ဧရာဝတီမြစ်ရေ ဆက်လက် မြင့်တက်လာမှုကြောင့် မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၁၄၀ ကျော်ရေနစ်မြုပ်ကာ လူပေါင်း ၄ သောင်းခွဲကျော် ရေဘေးဒုက္ခခံစားနေကြရပါတယ်။

ညောင်တုန်းမြို့နယ်မှာ သြဂုတ် ၆ ရက်နေ့က ရေစတင်မြင့်တက်လာလို့ မြို့ပေါ်ရပ်ကွက်အပါအ၀င် ကျေးရွာအုပ်စု ၃၅ စုက ၁၄၁ ရွာရေကြီးနစ်မြုပ်နေပြီး လူပေါင်း ၄ သောင်းခွဲကျော် ရေဘေးသင့်နေတယ်လို့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကော်မတီ တာဝန်ရှိသူနဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ဒီဗွီဘီကို ပြောပါတယ်။

“ညောင်တုန်းမြို့ပေါ်က သိပ်ပြီးတော့ မထိခိုက်ဘူး။ ကျေးရွာတွေက ပိုဖြစ်တာ။ ကျေးရွာတွေက တာတွေပါ မကောင်းတာပေါ့နော်။ အခုက အစ်မတို့ ညောင်တုန်းမြို့အနေနဲ့ကတော့ ကာကွယ်ရေးကို အဓိက ထားလုပ်နေတယ်။ တာကျိုးသွားရင်မရတော့ဘူးလေ။ ရေနစ်မြုပ်တဲ့ အိမ်တွေကတော့ ကယ်ဆယ်ရေးစခန်း အခု ၂၀ ဖွင့်ထားတဲ့ဆီမှာသွားနေတယ်။ တချို့အိမ်ကြီးတဲ့ လူတွေကတော့ စင်ထိုးပြီးတော့ နေတယ်။”

ရေကြီးမှုကြောင့် မြို့ပေါ်ကျောင်တွေအပါအ၀င်ကျေးရွာတွေက အခြေခံပညာစာသင်ကျောင်း ပေါင်း ၉၃ ကျောင်းပိတ်ထားရပါတယ်။

ပန်းတနော်မြို့နယ် ခနွဲကပို ကျေးရွာအုပ်စုက ဦးဘုန်းမြင်ကတော့ သူတို့ ကျေးရွာ အုပ်စုတခုလုံးက ရွာတွေ ရေနစ်မြုပ်ကုန်ပြီး အစားအသောက်အတွက် အဓိက အကူအညီတွေ လိုအပ်နေတယ်၊ တိုင်းဒေသကြီးအစိုးရက ဆန်တွေ ထောက်ပံ့ကူညီတာရှိပေမယ့် မလုံလောက်ဘူးလို့ ပြောပါတယ်။

“အခုက တနယ်လုံးဖြစ်နေတော့ အစိုးရက ပံ့ပိုးတာက တနယ်လုံးအနေအထားနဲ့ဆိုတော့ လုံလောက်မှုမရှိဘူး။ တအိမ်မှာဆန် ၂ ပြည်၊ ၃ ပြည်လောက်ပဲရတယ်။ မိသားစုများတဲ့ အိမ်ကျတော့ ၃ ပြည်ဆိုတာ သုံးနပ်လေးနပ်နဲ့ပဲပြီးသွားတာပေါ့။ အဲလိုအခက်အခဲတွေကတော့ ရှိတယ်။ ဆည်မြောင်းတွေဆိုရင်လည်း နောက်ထပ် ၂ ရက်လောက်တိုးမယ်ဆိုရင် ကြိုးပေါက်ကုန်မှာ ကြိမ်းသေပါတယ်။ အခုတော့ ဆည်မြောင်းနဲ့ ပေါင်းပြီးတော့ သဲအိမ်တွေတော့ လိုက်ချနေတာပဲ။"

ညောင်တုန်းမှာ ပြီးခဲ့တဲ့နှစ်ကလည်း အမြင့်ဆုံးရေမှတ် ၂၅ ဒသမ ၈ ပေအထိ ရောက်ရှိ ရေကြီးခဲ့လို့ လိမ္မော်ရောင် အဆင့်ကြေညာခဲ့ရပြီး အခုနှစ်မှာတော့ မနေ့ မနက်ပိုင်း တိုင်းထွာချက်အရ ရေအမှတ် ၂၆ ဒသမ ၃ ပေရှိထိ မြင့်တက်နေပါတယ်။

အလားတူ ညောင်တုန်းမြို့နယ်နဲ့ ကပ်လျက်ရှိတဲ့ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှာလည်း ဆည်မြောင်းက သတ်မှတ်ထားတဲ့ ရေအမှတ်ကကျော်နေပြီး ကျေးရွာပေါင်း ၂၀၀ လောက်ရေကြီးနေတယ်လို့ ပန်းတနော် တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်က ပြောပါတယ်။

ပန်းတနော်မြို့နယ် စခန်းတောကျေးရွာက ဦးဂျိုးစက်ကတော့ သူတို့ရွာအပြင် လယ်တွေပါ ရေနစ်မြုပ်နေတဲ့အတွက် စပါးပြန်စိုက်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

“ကျနော်တို့ရွာ ကမ်းနားဖက်ခြမ်းမှာ အကုန်မြုပ်တယ်။ လယ်ကလည်း အနိမ့်ပိုင်းဒေသမှာပဲ ရှိတော့ အကုန်မြုပ်တယ်။ စပါးပြန်စိုက်ဖို့ကတော့ မလွယ်တော့ဘူး။ ရေကြီးနေတာ ၅ ရက်လောက်ရှိ သွားပြီ။ စပါးတွေအကုန်လုံးက လုံးလုံးကို မြုပ်နေတာ။ ရေက အနိမ့်ပိုင်းမှာဆိုရင် ၅ ပေ၊ ၆ ပေလောက်မြင့်တယ်။ လောလောဆယ်တော့ ဆန်နဲ့ရေသန့်က အဓိက အကူအညီပေးနိုင်ရင် ပိုကောင်းတာပေါ့။ ”

မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၈ ခုမှာ ရေဘေးသင့် ပြည်သူပေါင်း ၃ သိန်း ၇ သောင်းကျော်ရှိပြီး သေဆုံးသူ ၅ ဦးရှိနေပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက ဒီကနေ့နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013