DVB Logo
Home
မြန်မာသတင်း
ပြည်နယ်အဆင့်ရလိုသည်ဟု တအာင်း(ပလောင်)နှီးနှောဖလှယ်ပွဲ ဆုံးဖြတ်
DVB
·
August 9, 2016
ပြည်နယ်အဆင့်ရလိုသည်ဟု  တအာင်း(ပလောင်)နှီးနှောဖလှယ်ပွဲ ဆုံးဖြတ်
Donate to DVB

တအာင်း (ပလောင်) တိုင်းရင်းသားတွေအနေနဲ့ လက်ရှိကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်နယ်အဆင့်ကို ရလိုတယ်လို့  ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မှာ ကျင်းပပြီးစီးသွားတဲ့ တအာင်း(ပလောင်) နှီးနှောဖလှယ်ပွဲမှာ သဘောထား ထုတ်ပြန်လိုက်ပါ တယ်။

တအာင်း (ပလောင်)တိုင်းရင်းသားတွေအနေနဲ့  ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန် နဲ့ မန်တုံမြို့နယ် ၂ ခုကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားပေမယ့်လည်း ဘာမှလုပ်ပိုင်ခွင့်မရှိ တဲ့အပြင်  ပြည်ထောင်စုထဲမှာ ခွဲခြားဆက်ဆံသလို ခံစားရတဲ့အတွက် ပြည်နယ်အဆင့်ရလိုတယ်လို့  တအာင်း(ပလောင်) နှီးနှောဖလှယ်ပွဲ ပြောခွင့်ရ ဒီဒီမိုးခမ်းက ဒီဗွီဘီကို ပြောပါတယ်။

“အခုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို့သာပြောတာ ဘာမှလုပ်ပိုင်ခွင့်လဲ မရှိဘူးပေါ့နော်။  နာမည်ဘဲ ရှိတယ်ပေါ့နော်၊ ကျမတို့ကလည်း တိုင်း ရင်းသားလူမျိုးတမျိုးဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသား အခွင့်အရေးကိုအာမခံတဲ့ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဒေသနဲ့ ကိုယ်ပြဌာန်းခွင့်တွေ လိုချင်တယ်။ အခုက ပြည်ထောင်စုထဲမှာ ခွဲခြားဆက်ဆံခံရသလို ခံစားရတယ်။ ဥပမာ မြန်မာနိုင်ငံက တိုင်းရင်းသားလို့ပြောရင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း အဲလိုဘဲပြောကြတယ်။ ကျန်တဲ့တိုင်းရင်းသားနာမည်တွေဆို တခါမှ ထုတ်ဖော်ပြောဆိုတာမျိုးတွေ မရှိဘူး။ အဲဒါက ခွဲခြားဆက်ဆံတာတခုပေါ့။ ပြီးတော့ ကျမတို့ ပြည်နယ်ထဲမှာလည်း ကျမတို့ကို တိုင်းရင်းသားလူမျိုးငယ်ဆိုပြီး အနှိမ်ခံရတယ်။ ကျမတို့ တအာင်းက လူဦးရေဆိုရင်လည်း သင့်တင့်တဲ့ လူဦးရေရှိတယ်၊ ကိုယ်ပိုင်စီးပွားရေး လည်းရှိတယ်။ တဆက်တစပ်တည်းရှိနေတဲ့ နယ်မြေတွေလည်း ရှိတယ်။ ကိုယ်ပိုင်စာပေ ယဉ်ကျေးမှုတွေ လည်းရှိတယ်ပေါ့နော်၊ ဒါကြောင့် အနာဂတ်ဖက်ဒရယ်မြန်မာနိုင်ငံမှာ  အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ဖြစ်လာပြီဆိုရင် ကျမတို့တအာင်းတွေလည်း ပြည်နယ်ရဖို့ လိုအပ်တယ်ဆိုပြီး ဆွေးနွေးကြတာ။”

ပြည်နယ်ထဲပါဝင်မယ့် မြို့နယ်တွေကိုတော့ မသတ်မှတ်သေးဘဲ ပြည်နယ်တွင်းရှိ အခြား တိုင်းရင်းသားများနဲ့ ညှိနှိုင်းရဦးမယ်လို့ သူက ဆက်ပြောပါတယ်။

တအာင်းတိုင်းရင်းသားတွေဟာ ရှမ်းပြည်မြောက်ပိုင်းမှာ အများဆုံးနဲ့ ရှမ်းပြည်တောင်ပိုင်းမှာရော၊ မန္တလေးတိုင်းတွေမှာပါ နေထိုင်ကြပြီး သူတို့အဖွဲ့မှ ၂၀၁၄ စစ်တမ်းကောက်ယူချက်အရ လူဦးရေ တစ်သန်းကျော်ရှိတယ်လို့ ဒီဒီမိုးခမ်းက ပြောပါတယ်။

တအာင်းညီလာခံဟာ လာမယ့် ၂၁-ပင်လုံညီလာခံ ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများအစုအဖွဲ့ ပါဝင်တဲ့ ၃ ပွင့်ဆိုင်မူကို  သဘောတူတဲ့အပြင် ဖြစ်စဉ် တိုင်းမှာ အရပ်ဖက်အဖွဲ့အစည်းတွေကိုလည်း ပါဝင်တက်ရောက်ဆွေးနွေးခွင့်ရဖို့ တိုက်တွန်းသွား မယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ အခြေခံရမည့်မူ ၈ ချက်ကို သဘောတူသလို၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား များရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ စစ်မှန်သော ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တရပ် ရေးဆွဲဖို့လည်း အကြံပြုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်းရှိ တိုက်ပွဲများရပ်တံ့ရေး နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း တိုက်တွန်းတယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၄ ရက်မှ ၆ ရက်နေ့ထိ  ၃ ရက်တာ ကျင်းပတဲ့ တအာင်း(ပလောင်) နှီးနှောဖလှယ်ပွဲမှာ တအာင်းနိုင်ငံရေးပါတီ၊ သံယာတော်များ၊ ကျာင်းသား၊ အမျိုးသမီး၊ စီးပွားရေး၊ စသော လူမှုအခြေပြုအဖွဲ့တွေပါ စုစုပေါင်းလူ ၂၇၀ ကျော် တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013