DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်လူနာတင်ကား သစ်ပင်လဲပိ၊ ကားပေါ်ပါလူနာတဦး အရေးပေါ် ကုသနေရ
DVB
·
August 8, 2016
ဒုက္ခသည်လူနာတင်ကား သစ်ပင်လဲပိ၊ ကားပေါ်ပါလူနာတဦး အရေးပေါ် ကုသနေရ
Donate to DVB

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် မဲ့စရီးယန်းမြို့နယ် အတွင်းမှာရှိတဲ့ မယ်ရာမို နဲ့ မယ်လအူး ဒုက္ခသည်စခန်းက လူနာတွေကို တင်ဆောင်လာတဲ့ကားတစီး သစ်ပင်ပိပြီး ဓာတ်လိုက်တဲ့ အတွက် ကားပေါ်ပါလာတဲ့ လူနာတွေထဲက တဦးအရေးပေါ် ဆေးကုသမှုခံယူနေပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ ၄ ရက်နေ့ညနေ ၃ နာရီခွဲလောက်က Malteser International (MI) အဖွဲ့က လူနာတင်ယာဉ်ဟာ မယ်ရာမိုနဲ့ မယ်လအူးဒုက္ခသည်စခန်းက လူနာတွေကို မဲ့စရီးယန်းမြို့ ပေါ်မှာဆေးကုသဖို့ တင်ဆောင်လာရာမှာ မဲ့စရီးယန်းမြို့နဲ့ ကီလိုမီတာ ၅၀ ခန့်အကွာမှာ လျှပ်စစ်မီးကြိုးတွေနဲ့အတူ သစ်ပင်ကြီး တပင် လှဲကျထိမှန် ခဲ့ပါတယ်။

သစ်ပင်နဲ့အတူပါလာတဲ့ မီးကြိုးကြောင့် ကားပေါ်ပါလူတွေကို လျှပ်စစ်လျှပ်ပြီး အမျိုးသမီးတဦး အရေးပေါ် လူနာအဖြစ် ချင်းမိုင်မြို့ ဆွန်တောင်ဆေးရုံကို ပို့ဆောင်ကုသရတယ်လို့ မဲ့စရီးယန်း မြို့ ကရင်ဒုက္ခသည်ကော်မီတီ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးစောတူးတူးက ပြောပါတယ်။

“သစ်ပင်လှဲကျလာတော့ ကားအရှေ့ပိုင်းမှာ လွတ်သွားပေမယ့် ကားအနောက်ပိုင်းပေါ်မှာ ပိကျသွားတယ်။ ကားက အမိုးရှိတဲ့အတွက် လူတွေကို တခါတည်းတိုက်ရိုက်မထိဘူး။ ဒါပေမယ့် သစ်ပင်နဲ့အတူ လျှပ်စစ်မီးကြိုးပါ လာတဲ့အတွက် လူတွေ ဓာတ်လိုက်သွားတာ။ လွတ်တဲ့သူတွေက လွတ်တယ် ဒါပေမယ့် အမျိုးသမီးတယောက်က မီးကြိုးနဲ့ တည့်တည့်ထိတော့ ပြေးလို့မရဘူး။ လျှပ်စစ်ကြိုး ပြတ်သွားတော့မှ သူလည်းလွှင့် သွားတယ်။ လွှင့်တော့တခါ ကျောက်နဲ့ခေါင်း ထိတဲ့အတွက်ခေါင်းက တခါကွဲပြန်တယ်။ ဒါ့အကြောင့် သူ့ကို အရေးပေါ်လူနာနဲ့ ချင်းမိုင်ကို ပို့လိုက်တာ။”

ကားပေါ်မှာ ကားမောင်သူတဦး၊ သူနာပြုတဦးနဲ့ လူနာ ၇ ဦးလိုက်ပါလာပြီး သစ်ပင်လှဲ ဓာတ်လိုက်မှုကြောင့်လူ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်။

ဒဏ်ရာအနည်းငယ်ရသူတွေကိုတော့ အနီးအနားက စူမွဲဆေးရုံမှာ ဆေးရုသမှုခံယူနေပြီး ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီးကတော့ အခုချိန်ထိ ချင်းမိုင်က ဆေးရုံကြီးမှာ အရေးပေါ်လူနာ အဖြစ် ကုသမှု ခံယူနေရဆဲဖြစ်ပါ တယ်။

မဲ့စရီးယန်းမြို့နယ်ရှိ မယ်လအူးနဲ့ မယ်ရာမိုစခန်းတွေမှာ နေထိုင်ကြတဲ့ဒုက္ခသည်တွေဟာ စခန်းတွင်းကုသလို့ မရနိုင်တဲ့ ရောဂါတွေကို Malteser International အဖွဲ့ရဲ့ အကူအညီနဲ့ မဲ့စရီးယန်းမြို့ဆီ ပို့ဆောင်ကုသ လေ့ရှိပါတယ်။

လမ်းခရီးကကြမ်းပေမယ့် အခုလိုဖြစ်စဉ်ဖြစ်တာက ဒါပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဦတူးတူးက ပြောပါတယ်။
ဓာတ်ပုံ - Saw Bway

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013