DVB Logo
Home
Lead Story
အလံတစ်လက် ထူလွှင့်ခြင်း
DVB
·
August 8, 2016
အလံတစ်လက် ထူလွှင့်ခြင်း
Donate to DVB

ညလုံးပေါက်ဆွဲခဲ့သည့် ပိုစတာပုံတွေကြား သူ အညောင်းဆန့်လိုက်သည်။ အေးစက်နေသော လက်ဖက်ရည်ခွက်ကို မော့ရင်း ဝန်းကျင်ကို စူးစမ်းလိုက်၏။ လျှို့ဝှက်အလုပ်မှန်း သိရောထင့်။ ခွေးကလေး၊ ကြောင်ကလေးတွေကအစ ငြိမ်ကုပ်လျက်။ ကလေးတွေကလည်း အသံမထွက်ဝံ့။ မဟာစွန့်စားခန်းကို မလွတ်တမ်း အားပေးရန် ဧည့်ခန်းထဲ ချောင်းကြည့်နေကြသည်။ သူ...တစ်စုံတစ်ရာကို သတိရပြီး အထိတ်တလန့် ရေရွတ်လိုက်၏။

''အရေးကြီးတာ ရပြီလား''

''ဘာလဲ''

''အလံလေ။ မရှိမဖြစ် အလံပေါ့''

သူ့စကားကြောင့် အိမ်ရှင်လူကြီး မျက်မှောင်ကြုတ်သွားသည်။ ထမင်းကြော်ပန်းကန် ယူလာလျက် တီးတိုးမေး၏။

''ဘာအလံလဲ မြို့ထဲက အလံဆိုင်မှာ ဝယ်လိုက်လေ။''

''ဟင့်အင်း လိုနေတာက ဆိုင်မှာမရှိတဲ့ အလံမျိုး။''

''ဘာအလံမို့လို့လဲ''

လွန်ခဲ့သောရက်ပိုင်းက ရပ်ကွက်ထဲ သစ်ပင်ကြီးတွေ၊ ဂိုဒေါင်နံရံတွေမှာ လှုံ့ဆော်စာတွေ၊ ပိုစတာတွေ ညဘက် လူအလစ်မှာ ကပ်ခဲ့ကြသေးသည်။

မနက်လင်းလို့ လူတွေအုံ၊ တစ်ယောက်တစ်ပေါက် ဖတ်နေတုန်းရှိသေး လူတစ်စုရောက်လာ၊ ပိုစတာတွေကို ဆွဲဖြုတ်ပြီး ကြည့်နေသူတွေကို မာန်မဲတော့ အားလုံးကို ရှဲသွားကြ။ ထိုသူက စကားပြောစက်ထုတ် ''အဘ.. အဘနဲ့ သတင်းပို့တော့ အားလုံးထွက်ပြေး'' သူတွေးရင်း ရင်လေးလာသည်။

ဒီတစ်ခါ အကြံမအောင်မီတော့ အဲဒီလို တပ်ဦးအပြိုမခံနိုင်။ ဘာလုပ်ရပါ့။ ကင်းတွေချထားဖို့ တောင်းပန်ခဲ့သည်။ အရပ်သားတွေက ဆန္ဒအလျောက် စာရင်းပေး စောင့်ရှောက်ကြမည်လို့ ကတိပေးကြသည်။ မိုးရေရွှဲရွှဲ ဗိုက်ကလည်းဆာ၊ သူတို့အတွက် တော်တော်မတော်တော် ရှိသမျှ အဝတ်တွေ ထုတ်လဲပေး။ ထမင်းဟင်းအိုးတွေ ချကျွေး၊ ခွံ့မပေးရုံတမယ်။

"အိမ်ကိုလွမ်းလိုက်တာ၊ အမေ့ကို သတိရတယ်" ဟု လွှတ်ခနဲ တမ်းတမိတော့ ''အိမ်မပြန်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ'' ဟုမေးကြသည်။

''ဒါလည်း မင်းအိမ်ပေါ့ကွာ။ တစ်ပြည်လုံးက မင်းတို့အိမ်ပေါ့။ မင်းတို့မိသားစုတွေပဲ၊ ငါတို့ သားသမီးအရင်းလို စောင့်ရှောက်နေတာ မလုံလောက်လို့လား'' ဟု မေးရင်း လက်ဖဝါးကြမ်းကြမ်းကြီးများဖြင့် သူတို့ကျောပြင်များကို ညင်သာပုတ်ရင်း မေးသည်တွင် မငိုမိအောင် ထိန်းခဲ့ရ၏။

တစ်အိမ် ဟင်းတစ်ခွက် ပုန်းဝှက်သယ်လာရင်း ညအိပ်ဖို့ စောင်၊ ခေါင်းအုံးတွေ လောက်ရဲ့လား ဝိုင်းမေးကြ၊ မောင်နှမတွေပဲ မိန်းကလေး ယောက်ျားလေး ခွဲခြားမနေအားဘူးဆိုတာ အိမ်ရှေ့ကြမ်းမှာ လဲလျောင်းလိုက် ထပြီး ပိုစတာတွေဆွဲလိုက်။ လွန်ခဲ့သောညများက ဒီမနက်ခင်းကို ပြန်အားပေးနေသည်သို့။

ဒီရက်မှာ ချီတက်မယ်ဆိုကတည်းက သတိရပေမယ့် လက်ဝယ်ပိုင်ပိုင်မရှိသေး။ ဘယ်သူမှလည်း အသင့်ချုပ်ပြီးသား လာပေးမှာမဟုတ်။

''ကိုယ့်ဟာကိုယ် ချုပ်ရုံပဲပေါ့'' တစ်ဖက်ခြံမှ လူကြီးတစ်ဦး တံခါးကို တွန်းဖွင့်လာရင်း ပြောသည်။

''တွေးပူမနေနဲ့ကွာ။ ငါတို့ရအောင် လုပ်ပေးပါ့မယ်။ မင်းတို့ကျောင်းသားတွေထဲက ဒေါင်းအရုပ်ဆွဲတတ်သူသာ လာပြစမ်းပါ။''

ခေါင်းနည်းနည်းမော့ အမြီးကော့ဦး၊ စက်ဝိုင်းကို ခြေနဲ့နင်းချိုးလိုက်တာကွ စသဖြင့် တစ်ယောက်တစ်ခွန်းပြောရင်း ပြင်ရင်း ခွပ်ဒေါင်းအရုပ်က လည်ဆံတဖွားဖွားဖြင့် ပေါ်လာပြီ။ အရပ်ထဲမှာလည်း ကင်းအထပ်ထပ် ချထားသည့်ကြားက မအောင်မြင်မီ ပေါက်ကြားမှာ စိုးနေကြ။

ဟိုအိမ်ကူး သည်အိမ်ဝင် ခန်းဆီးလိုက်ကာတွေ ဖြုတ်ပါဟ။ တစ်ယောက် ဈေးထဲသွား ဆိုးဆေးဝယ်။ အနီရဲရဲတဲ့။ ''ဒေါင်းအရုပ်ခြယ်မှာက ရွှေဝါရောင်နော်။ မတွေ့လည်း ဘုန်းကြီးကျောင်းသွားကွာ သင်္ကန်းဝါဝါတောင်းခဲ့'' စသဖြင့် မှာကြားသူ ပြေးလွှားသူတွေဖြင့် အသက်ဝင်လျက်။

မန်ကျည်းပင်ထက်မှာ မန်ကျည်းရွက်ခူးဟန်ဆောင် ကင်းစောင့်သူက အချက်ပြသည်။

''ဘာတဲ့လဲဟ ဟိုမှာပြနေတာ။''

''ဟိုဘက်ရပ်ကွက်က ထွက်တော့မယ်'' တဲ့ အသင့်ပြင်နေပြီ။ အားလုံး ပျာယာခတ်သွားကြပြန်သည်။

''အမြန်လုပ်ကြဟေ့၊ အတူထွက်မှ အားလုံးအတူထွက်မှဖြစ်မှာ။''

''မေးလိုက်စမ်းပါ၊ သူတို့ရော အလံရပြီလားလို့။''

ဆေးနီဆိုးပြီးပေမယ့် ပိတ်စက မခြောက်သေး၊ ပန်ကာနဲ့ မှုတ်သူမှုတ်၊ ယပ်တောင်ဖြင့် ခတ်သူခတ်၊ အပ်ချုပ်စက်ရှိရာ အိမ်သို့ မလွယ်ပေါက်မှ နှစ်ယောက်ဝင်လာသည်။

''အသင့်ဖြစ်ပြီလား။ ဒီမှာ ဒေါင်းအရုပ်ရပြီ ကော်ကပ်ပြီး အပ်ချုပ်ပေးဖို့''

စကားမဆုံးခင် အချက်ပေးသံတစ်ခု ကြားလိုက်ရ၊ သူထိတ်ပျာသွားပြီး အိမ်ရှင်မျက်နှာ မော့ကြည့်။ ဘေးအိမ်က လူတွေရောက်လာ၊ အမောတကော သတင်းပေးသည်။

''သူတို့ မသင်္ကာတော့ဘူးထင်တယ်။ လိုက်စစ်နေတာ ဟိုဘက်လမ်းထဲ ရောက်နေပြီ'' တဲ့။

အမေအို အဘွားအိုတွေက ဘုရားစာဆိုနေ။ ယောက်ျားများကဖြင့် မေးရိုးကြီးများတင်းအောင် အံကြိတ်ရင်း လက်ဖျံအကြောတွေ ထင်းခနဲပေါ်အောင် လက်သီးဆုပ်လိုက်သည်။

''ခြံဝဆင်းပြီး ငါတို့ အာရုံပြောင်းထားမယ်။ မရလည်း ဘဝချင်း အသက်ချင်း လဲရုံသာ ရှိတာပေါ့။ ငါတို့ရှင်လျက်နဲ့တော့ မင်းတို့လည်း အန္တရာယ် မကျစေရဘူး။ ဒေါင်းအလံလည်း မြေမခစေရဘူး..စိတ်ချ။''

ပိတ်စနီနီပေါ်တင်ထားရုံ တွန့်လိမ်နေသည့် ခွပ်ဒေါင်းလည်တိုင်ကို တစ်ယောက်က ဆန့်မော့ပေးလိုက်သည်။

''အခုအချိန်ထိတော့ ပိတ်စပေါ့။ လွှင့်ထူလိုက်ရင် အလံပဲ၊ ငါတို့ရအောင် ထူခဲ့မယ်။''

သူတို့မျက်လုံးတွေ ပြန်လင်းတောက်လာပြန်ပြီ။ အပ်ချုပ်စက်နင်းနေသည့် အစ်မကြီး၏ မျက်နှာက သူတို့ထက် ဣနြေ္ဒရနေသေး။

''မောင်လေးတွေ ညီမလေးတွေ လက်မတုန်စေနဲ့။ ဒေါင်းအလံ မတွန့်သွားအောင် သေချာဖိကိုင်ပေးထား။ မကြီးတောင် မကြောက်ဘဲ ရဲရဲနင်းချုပ်နေသေးတာ'' ဟုပြောနေသယောင်။

ခွပ်ဒေါင်းပျိုက စက်ချုပ်ခုံပေါ်မှာ လွှားခနဲ ပျံတက်လာပြီ။

တို့အရေးသံတွေ ခြေသံပြင်းပြင်းတွေ တစ်ခဲနက်ထွက်လာရာ လမ်းဆီ သူတို့ထွက်မျှော်ကြည့်မိကြ၏။

''ဟိုဘက်ရပ်ကွက်က ချီတက်လာပြီဟေ့ ထွက်ကြ၊ ပေါင်းကြ'' ဟု ဟစ်ကြွေးနှိုးဆော်သံများက ဒီဘက်ရပ်ကွက်ကို လှုပ်နှိုးလိုက်သည်။ အိပ်ချင်ယောင်ဆောင်ခဲ့သူတွေ မဟုတ်တော့ အားလုံး ဝုန်းခနဲရပ်ပြီးသား၊ ကိုယ့်စိတ်ထဲကို ပြန်စစ်ကြည့်မိကြ။ ကြောက်စိတ်ရှိသေးလား။

''အလံတိုင်ဟေ့ အလံတိုင်ဘယ်မလဲ'' မေးကာမှ မလုပ်ရသေးတာ သတိရ။ ထိတ်ပျာသွားကြပြန်သည်။ တစ်ယောက်က လွှားခနဲပြေးသွား၊ ဘွားခနဲ ပြန်ရောက်လာ၊ လက်ထဲမှာ ဝါးတံချူတစ်လက်။

''ရပြီဟေ့ အလံတိုင်ပေါ့ကွာ'' ဟု ဆိုကာ ကိုင်စွဲမြဲမြံအောင် ချည်နှောင်လိုက်ပြီ။

''ထူဟေ့ ... ထူဟေ့ တို့အလံတော်လာပြီဟေ့။ အားလုံးထွက်ကြဟေ့။''

အသံချဲ့စက်များထက် စွမ်းအားပိုသော ရင်ခေါင်းသံကြီးဖြင့် ရပ်မိရပ်ဖတစ်ဦးက ဟစ်အော်နှိုးဆော်လျက်။ ကျောင်းသူလေးတစ်ဦးလက်သို့ အလံကို နှင်းဆက်သည်။ ထွက်ကြပြီ။ ချီကြပြီ။ သူတို့အားလုံးကိုယ်စီ ကြောက်စိတ်ကို လိုက်ရှာသည်။ ရိုးတွင်းချဉ်ဆီ သွေးတစ်စက်စီမှာတောင် မရှိတော့။

ကောင်းကင်ပြာနှင့် မိုးစက်မှုန်များထဲ ခွပ်ဒေါင်းအလံ ထိုးခွဲထွက်လာပြီ။

အလံတော်အောက်ဆီ ခြေလှမ်းတွေ .. ညီပါ့။

လူတန်းတစ်လျှောက် နောက်ပြန်ကြည့်ရာ မျက်စိတဆုံး အဆုံးမရှိ။

သူ့ကျောပေါ်နင်းလျက် သမိုင်းသစ်ရေးမည့် ခြေလှမ်းများအတွက် လမ်းမများက ကျေကျေနပ်နပ် ဆန့်ခင်းလျက်။      ။

မင်းကိုနိုင်

(MOI ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013