DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုတပ်မတော်ပေါ်ပေါက်ရေး လက်နက်ကိုင်တပ်ဖွဲ့များ ဆွေးနွေး
DVB
·
August 6, 2016
ပြည်ထောင်စုတပ်မတော်ပေါ်ပေါက်ရေး လက်နက်ကိုင်တပ်ဖွဲ့များ ဆွေးနွေး
Donate to DVB

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသားလက်နက်ကိုင် တိုင်းရင်းသား ၄ ဖွဲ့နဲ့ နိုင်ငံတကာပညာရှင်တွေပူးပေါင်းပြီး ပြည်ထောင်စုတပ်မတော်ဖြစ်ပေါ်လာရေးဆိုင်ရာ နည်းလမ်းရှာတဲ့ ဆွေးနွေးပွဲတခု ကျင်းပနေပါတယ်။

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေအန်ယူ/ကေအန်အယ်လ်အေ-ပီစီ)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) က ခေါင်းဆောင်တွေနဲ့ နိုင်ငံတာကာပညာရှင်တွေပါဝင်တဲ့ လုံခြုံရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေး ဆိုင်ရာ နည်းလမ်းရှာဖွေတဲ့ ဆွေးနွေးပွဲကျင်းပနေတာပါ။

ပြည်ထောင်စုတပ်မတော်တည်ဆောက်ရေးမှာ နိုင်ငံတာကာရဲ့ အတွေ့အကြုံတွေရယူပြီး ပေါင်းစည်းဖို့ ခက်ခဲနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တပ်မတော်အကြား တူညီတဲ့ ပုံစံတခုဖြစ်လာဖို့ နည်းလမ်းရှာကြတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ အကြံပေးပုဂ္ဂိုလ် ဦးခွန်ဆိုင်းက “ဒီဟာတွေက အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက ဒီလိုဖြစ်ချင်တယ်လို့ ပြောနေကြတယ်။ ပြည်ထောင်စုတပ်မတော်ဆိုတာ ဒီလိုဖြစ်ရမယ် ဆိုတာမျိုး တပ်မတော်ကလည်း အခုပြောနေတာကတော့ တပ်မတော်က ပြည်ထောင်စုတပ်မတော်ဖြစ်သွားပြီ ဘာဖြစ်လို့လဲဆိုတော့ လူမျိုးစုတွေအားလုံး ပါဝင်နေကြပြီပဲ အဲ့လိုဖြစ်နေတယ်။ တဖက်နဲ့ တဖက်ရပ်တည်ချက်က အခုလောလောဆယ် သဘောတူညီချက်မရနိုင်တဲ့ ပုံစံဖြစ်နေတယ်။ ဒီလိုအခြေအနေရှိနေတဲ့ကာလပတ်လုံးဟာ ငြိမ်းချမ်းရေးရဖို့ ကြာဦးမယ်နော်၊ တဖက်ကလည်း နိုင်ငံရေးမှာ ဖက်ဒရယ်ယူနီယံ စေ့စပ်ဆွေးနွေးသလို နောက်တဖက်က စစ်ရေးလုံခြုံရေးအရလည်း ဆွေးနွေးရမယ်၊ နိုင်ငံတာကာရဲ့ အတွေ့အကြုံတွေလေ့လာပြီး ကိုယ့်အတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ဆွေးနွေးကြတာပေါ့။”

ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြဂုတ် ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိ ဆွေးနွေးနေကြတာပါ။

တပ်မတော်ပေါင်းစည်းရေး ဆိုတဲ့နေရာ မှာလည်း တဖက်နဲ့တဖက်မခွဲခြားဘဲ ဘယ်လိုနည်းနဲ့ တန်းတူညီတူသွားကြမလဲဆိုတာတွေအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ဦးခွန်ဆိုင်းက ပြောပါတယ်။

“အရင်ကတိုက်ခိုက်လာကြတဲ့ တပ်ဖွဲ့တွေ၊ တပ်မတော်တွေ သူတို့ အတူတကွ ဘယ်လိုပေါင်းစည်းကြမလဲ၊ ပေါင်းစည်းတယ်ဆိုတာဟာလည်း လက်နက်ချတာမဟုတ်ဘူး။ တဖက်က တဖက်ဆီကို သွားပြီးတော့ မှီခိုတာ၊ အောက်ကျို့ခံတာမျိုးမဟုတ်ဘဲ ဘယ်လို့ပေါင်းစည်းကြမလဲ အဲ့တာတွေ ဆွေးနွေးကြတာပေါ့။”

ဆွေးနွေးပွဲမှာ နီပေါ၊ ဖိလစ်ပိုင်၊ ဘူရွန်ဒီ၊ ယူဂိုစလားဗီးယားစတဲ့နိုင်ငံတွေက ဖြစ်ပွားခဲ့တဲ့ ပဋ္ဋိပက္ခတွေကို အခြေခံNပီး မြန်မာနိုင်ငံအတွက် ဖြစ်နိုင်ခြေရှိတဲ့ အကောင်းဆုံးအခြေအနေတွေကိုလည်း နိုင်ငံတကာပညာရှင်တွေနဲ့ ဆွေးနွေးကြပါတယ်။

ဒါ့အပြင် ဖက်ဒရယ်မူဝါဒနဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ အဟန့်အတား ဖြေရှင်းရေးကိစ္စ၊ တပ်မတော်ရဲ့ အကျိုးစီးပွားကိစ္စတွေကိုလည်း သုံးသပ်ဆွေးနွေးကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013